မြန်မာအစိုးရမှ တိုင်းရင်းသားများ တစ်စုတစ်စည်းထဲ မဖြစ်နိုင်ရန် အကြိမ်ကြိမ်သွေးခွဲနိုင်ခဲ့ပြီး ခေတ်အဆက်ဆက်ဆွေးနွေးမှုများတွင် ၄င်းတို့ အကျိုးရှိစေမည့် နည်းဗျူဟာကို ကျင့်သုံးအောင်မြင်ခဲ့သဖြင့် ကျင်းပနေသည့် ၀ နယ် ပန်ဆန်း တိုင်းရင်းသား ထိပ်သီးအစည်းအဝေးတွင် တူညီသော သဘောထားများ ရယူနိုင်ရန် အရေးကြီးကြောင်း ၀ ခေါင်းဆောင် ပေါက်ယူချန်းက တိုက်တွန်းပြောဆိုသည်။
အစိုးရနှင့် နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး ပြုလုပ်ရခြင်း မရှိသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (၈) ဖွဲ့မှ ထိပ်သီးခေါင်းဆောင်များ ပါဝင်သည့် အစည်းအဝေးကို ယနေ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့မှ စတင်က ၀ ဒေသ ပန်ဆန်းတွင် ကျင်းပနေခြင်းဖြစ်သည်။
၁၉၉၃ ခုနစ် အမျိုးသား ညီလာခံမှ စတင်ကာ ယနေ့တိုင် အမျိုးမျိုးသော ဆွေးနွေးမှုများသည် မျက်စိလည်စရာ ဖြစ်နေပြီး စစ်ပွဲများလည်း ရပ်တန့်ခြင်း မရှိကာ တိုင်းရင်းသား ပဋိပက္ခများမှာ ပိုမိုပြင်းထန်လာကြောင်းလည်း ၀ ပြည်သွေးစည်းညီညွတ်ရေးပါတီ ဥက္ကဌ ပေါက်ယူချန်း၏ တတိယ အကြိမ်မြောက် ပန်ဆန်း ထိပ်သီးအစည်းအဝေးတွင် ဖော်ပြထားသည်။
ဝ တပ်ဖွဲ့မှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များထံ ဖြန့်ဝေထားသည့် စာတမ်းတွင် လက်ရှိ ကျင့်သုံးနေသည့် နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး စာချုပ် အန်စီအေပါ အချက်များမှာ နိုင်ငံရေးအရ နှင့် စစ်ရေးအရ ပါေ၀၀ါးသည့် အချက်များ ပါဝင်သဖြင့် သတိပြုကြရန်လည်း ဖော်ပြထားသည်။
အန်စီအေ တွင် လက်မှတ်မရေးထိုးပါက နောက်နောင် နိုင်ငံရေးဆွေးနွေးမှုများတွင် မပါဝင်စေရဟူသော အချက်သည် သွေးခွဲခံထားရပြီးဖြစ်ကြောင်း ညွှန်းဆိုနေသလို အန်စီအေအရ သဘောတူညီချက်များကိုကြည့်လျှင် အန်စီအေဖြင့် သမိုင်းမှ ပင်လုံကို အစားထိုးခြင်း ဖြစ်နိုင်ဖွယ်ရာ ရှိနေသည်ဟု ၀ တပ်ဖွဲ့၏ ဇန်န၀ါရီလ ၁၅ ရက်စွဲဖြင့် ဖြန့်ဝေထားသော စာတမ်းတွင် ဖော်ပြထားသည်။
ယင်းအတွက် ချဉ်းကပ်မှုအရ ကွဲလွဲမှုများရှိနေသော တိုင်းရင်းသားအဖွဲ့များအကြား (၁) အန်စီအေနှင့် ပတ်သက်၍ မည်ကဲ့သို့ ညှိနှိုင်းကြမည်နည်း ( လက်ရှိတွင် အန်စီအေ လက်မှတ်ထိုးပြီးသားအဖွဲ့ ၊ မထိုးရသေးသော်လည်း အန်စီအေပါ အချက်လက်များအား ပိုမိုပြည့်စုံစေရန်နှင့် ပြင်ဆင်သင့်သည်များကို ပြင်ဆင်နိုင်ရန် တောင်းဆိုနေသောအဖွဲ့ ၊ အန်စီအေ ကိုအသိအမှတ်မပြုပဲ ယခင်ချုပ်ဆိုထားသည့် တစ်ဖွဲ့ချင်းအလိုက်စာချုပ်များဖြင်သာ ဆက်လက်ဆွေးနွေးလိုသောအဖွဲ့ ဟု ၀ တပ်ဖွဲ့ စာတမ်းတွင် ဖော်ပြထား ) ယင်းသို့ကွဲပြားနေပါက ဗမာနှင့် နိုင်ငံရေးဆွေးနွေးရာတွင် လုံလောက်သောနိုင်ငံရေးအင်အား ရှိမည် မဟုတ်ဟု စာတမ်းတွင် ဖော်ပြထား (၂) နောက်နောင် ဗမာနှင့် မည်သို့ ဆွေးနွေးမည်ကိုညှိနှိုင်းခြင်း ၊ ယင်းအချက်နှင့် ပတ်သက်၍ ၀ အနေဖြင့် အန်စီအေ လက်မှတ်မရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်များနှင့် လက်တွဲလိုကြောင်း ဖော်ပြထားပြီး ဗမာများနှင့် မည်သို့ ဆွေးနွေးရမည်ဆိုသည့် အချက်ကို အတူတကွ ညှိနှိုင်းဆွေးနွေးပြီး အားလုံးလက်ခံနိုင်သည့် နည်းဗျူဟာကို ရှာဖွေကြရမည် ဟု ဖော်ပြထားသည်။
လက်ရှိကျင်းပသည့် ပန်ဆန်းဆွေးနွေးမှုတွင် (၁) ပင်လုံစိတ်ဓါတ် အဓိပာယ်ဖွင့်ဆိုမှု (၂) နိုင်ငံရေး ဆွေးနွေးမှုတွင် အရေးကြီးဝေါဟာရ အချို့၏ သတ်မှတ်ဖွင့်ဆိုချက် (၃) အဆင့်သုံးဆင့် ငြိမ်းချမ်းရေးစာချုပ်များ နှင့် အန်စီအေ အပေါ်ရပ်တည်ရေး ကိစ္စ (၄) နောက်နောင် မြန်မာတို့နှင့် နိုင်ငံရေး ဆွေးနွေးကြမည့် ကိစ္စရပ်များ စသဖြင့် ပါဝင်ကြောင်းဖော်ပြထားသည်။
အန်စီအေပါ ဖွင့်ဆိုချက်များမှာေ၀၀ါးသဖြင့် မြန်မာတို့ဘက်မှ ၄င်းတို့အကျိုးဖြစ်စေမည့် ဖွင့်ဆိုချက်နှင့် အစီအမံများ ပြုလုပ်လာနိုင်မည်ဖြစ်ကြောင်းလည်း ၀ တပ်ဖွဲ့မှ ဖြန့်ဝေထားသည့် စာတမ်းတွင် ဖော်ပြထားသည်။
ဝ ဥက္ကဌ ပေါက်ယူချန်းကမူ ယခုကျင်းပသည့် အစည်းအဝေးမှာ လက်တွေ့ကျပြီး စုစည်းညီညွတ်မှုကို ပြသနိုင်သည့် အစည်းအဝေးဖြစ်လာရန် မျှော်မှန်းထားကြောင်း မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသည်။
ဝ ဒေသ ပန်ဆန်းတွင် ယနေ့ ကျင်းပသည့် ဆွေးနွေးပွဲသို့ ကေအိုင်အို ဒုတိယ ဥက္ကဌ ဗိုလ်ချုပ်ကြီး အန်ဘန်လ ၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA နာယက ဗိုလ်ချုပ်ကြီးဆေထင် အပါဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့မှ ထိပ်သီးခေါင်းဆောင်များ တက်ရောက်ကြသည်။
ဓါတ်ပုံ- UWSA
The Ladies News