မြစ်ကြီးနားမြို့မှာ ဓားဒဏ်ရာ ၁၉ ချက်ဖြင့် သေဆုံးခဲ့တဲ့ ကချင်တိုင်းရင်းသူ မလိဆန်ပန်အား သတ်ခဲ့ကြောင်း သံသယရှိသူ အမျိုးသားတစ်ဦးကို ဖမ်ဆီးထားတယ်လို့ ကချင်ပြည်နယ်ရဲတပ်ဖွဲ့က ပြောပါတယ်။
ဖေဖေါ်ဝါရီ ၉ ရက် နေ့လယ်က မြစ်ကြီးနားမြို့ ကြက်ပေါင်ခြံရပ်ကွက်ရှိ နေအိမ်တစ်အိမ်မှာ အသသက် ၂၄ နှစ်အရွယ် ကချင်တိုင်းရင်းသူ မလိဆန်ပန်ဟာ ဓားဒဏ်ရာ ၁၉ ချက်ဖြင့် သေဆုံးခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ လူသတ်မှု ကျူးလွန်ခဲ့ကြောင်း သံသယရှိသူ အမျိုးသားတစ်ဦးကို ယခုရက်ပိုင်းအတွင်း ဖမ်းဆီးခဲ့တယ်လို့ ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးထွန်းဦးက ပြောပါတယ်။
"အိမ်ကို အဝင်အထွက်ရှိတဲ့ အမျိုးသားတစ်ယောက်ကို ထိန်းသိမ်းစစ်ဆေးနေတယ်။ ရမန်ယူထားပြီး စစ်ဆေးမှုတွေ လုပ်နေပါတယ်" လို့ ရဲမှူးကြီးထွန်းဦးက ပြောကြားကြောင်း 7Day Daily သတင်းစာမှာ ဖော်ပြပါတယ်။ အဆိုပါ လူသတ်မှုဖြစ်ပွားခဲ့ခြင်းဟာ ယနေ့ (ဖေဖော်ဝါရီ ၂၂ရက်) တွင် ရက်သတ္တပတ် နှစ်ပတ်တိတိပြည့်ပြီဖြစ်ပြီး ပြစ်မှုကျူးလွန်သူကို မဖော်ထုတ်နိုင်သေးပါဘူး။ အမှုမှန်ပေါ်ပေါက်စေရေးအတွက် ပြည်နယ်နဲ့ ခရိုင်အဆင့် ရဲတပ်ဖွဲ့ဝင်များပါဝင်တဲ့ အထူးအမှုစစ်အဖွဲ့ ဖွဲ့စည်းစစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့က ပြောထားပါတယ်။
မလိဆန်ပန် အသတ်ခံရတဲ့ ဖေဖေါ်ဝါရီ ၉ ရက်မှာ ၎င်းနဲ့သိကျွမ်းသူ အမျိုးသားတစ်ဦးကို ခေါ်ယူစစ်ဆေးခဲ့သေးပေမဲ့ အမှုနဲ့မသက်ဆိုင်ကြောင်း သုံးသပ်ပြီး ရဲတပ်ဖွဲ့က ပြန်လွှတ်ခဲ့ပါတယ်။ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါက်တာခလမ်ဆွန်က သေဆုံးသူ မလိဆန်ပန်ရဲ့ အမှုဖြစ်စဉ်အမှန် ပေါ်ပေါက်စေရေး မိသားစုဝင်များနဲ့ မိတ်ဆွေအပေါင်းအသင်းများက မျှော်လင့်နေကြကြောင်း ပြောပါတယ်။ ကချင်တိုင်းရင်းသူ သူနာပြုဆရာမအဖြစ် လူသိများတဲ့ မလိဆန်ပန်ဟာ မြို့ပေါ်ရပ်ကွက်မှာပင် ဓားဖြင့်အချက်ပေါင်းများစွာ ထိုးသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
Source: 7Day Daily
Photos: Ah Gu Aung (Facebook)
===========
Duwun