
ရဲစခန်းအချုပ်ခန်းတွင် ချုပ်နှောင်ထားသည့် အချုပ်သားလေးဦး ထွက်ပြေးလွတ်မြောက် |
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ ပင်လောင်းမြို့မရဲစခန်းအချုပ်တွင် ချုပ်နှောင်ထားသည့် တရားခံ ၅ ဦးသည် ဖေဖော်ဝါရီ ၂၂ ရက်နေ့ နံနက် ၄ နာရီကျော်၌ အချုပ်ခန်းဖောက်ကာထွက်ပြေးသွားမှု တစ်ခုဖြစ်ပွားခဲ့ပြီး၊ တစ်ဦးအား ပြန်လည်ဖမ်းဆီးရမိထားကြောင်း ပင်လောင်းမြို့နယ်ရဲစခန်းထံက သိရသည်။
‘’ ဖြစ်စဉ်ကတော့ ဟုတ်ပါတယ်၊ ပင်လောင်မြို့မရဲစခန်းမှာဖြစ်သွားတာပါ၊ အချက်အလက်အတိအကျ ကတော့ ကျွန်တော်တို့လည်း ပြောလို့မရသေးပါဘူး၊ စစ်ဆေးမှုတွေ လုပ်နေတုန်းရှိပါသေးတယ် ‘’ ဟု ပင် လောင်းမြို့နယ်ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ် ဦးက ပြောပြသည်။
အဆိုပါ လွတ်မြောက်သွားသည့် အကျဉ်းသားလေးယောက်သည် မူးယစ်ဆေးဝါးမှုဖြင့် ထောင်ဒဏ်နှစ် ရှည်ကျခံရမည့် ကျော်နိုင်၊ မင်းမင်းလတ်၊ ခွန်ထွန်းလင်းနှင့် မောင်အေးတို့ဖြစ်ကြောင်းနှင့် အချုပ်ခန်းတာဝန်ကျ လုံခြုံရေးရဲအား ရေနွေးပူနှင့် ပက်ကာ ထွက်ပြေးခဲ့ကြခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့်ဒေသခံတစ်ဦးက ပြောပြသည်။
‘’ ထွက်ပြေးသွားတာကတော့ သေချာတယ်၊ နောက်ဆုံးရသတင်း အခြေအနေကတော့ ကျွန်တော်တို့ လည်း မသိရသေးပါဘူး ‘’ ဟု ပင်လောင်းမြို့နယ်ဒေသခံတစ်ဦးဖြစ်သည့် ကိုရာဟုက ပြောပြသည်။
ထိုကဲ့သို့ အချုပ်သားများထွက်ပြေးလွတ်မြောက်သွားမှုနှင့် ပတ်သက်၍ ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် ပင် လောင်းမြို့မရဲစခန်းအား ဆက်သွယ်ခဲ့ရာတွင် ဖြေဆိုရန် ငြင်းဆိုခဲ့ပြီး ပင်လောင်းမြို့နယ်ရဲစခန်းသို့သာ ဆက် သွယ်မေးမြန်းရန် ပြန်လည်ဖြေကြားခဲ့သည်။
ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper