၉၃ နှစ်ကြာ သမိုင်းကာလအတွင်းတွင် မြန်မာ့ရုပ်ရှင်လုပ်ငန်းသည် အတက်အကျမျိုးစုံကို ကြုံတွေ့ခဲ့ရပါသည်။ သို့သော်လည်း ၁၉၆၃ ခုနှစ် စစ်အာဏာသိမ်းပြီး နောက်ဆိုရှယ်လစ် အစိုးရလက်ထက်တွင် မြန်မာ့ရုပ်ရှင်အကျပိုင်းသို့ ရောက်ခဲ့သည်ဆိုသည်မှာ လုံးလုံးလျားလျားမှန်သည်ဟု မဆိုနိုင်ပါ။ ထိုအစိုးရလက်ထက်နောက်ပိုင်း စစ်အစိုးရက အာဏာသိမ်းယူပြီးသည့်နောက် ဆယ်စုနှစ်များစွာအကြာမှာ လုံးဝပျက်စီးယိုယွင်းသွားခဲ့ခြင်းဖြစ်ပါသည်။
မြန်မာ့ရုပ်ရှင်နေ့ဟု နောက်ပိုင်းတွင် သတ်မှတ်ခဲ့သည့် ၁၉၂၀ ပြည့်နှစ် အောက်တိုဘာ ၁၇ ရက်တွင် မေတ္တာနှင့်သူရာရုပ်ရှင်ဇာတ်ကားဖြင့် အစပြုခဲ့သော မြန်မာ့ရုပ်ရှင်လုပ်ငန်းသည် အစပိုင်းတာထွက် အလွန်ကောင်းခဲ့ပါ သည်။ ၁၉၂၀ ပြည့်နှစ်အစောပိုင်း ကာလများတွင် မြန်မာ့ရုပ်ရှင်မင်းသမီးများက အိန္ဒိယနှင့် ဂျပန်နိုင်ငံတို့တွင် သွားရောက်သရုပ်ဆောင်ခဲ့ပြီး ၁၉၃၂ ခုနှစ်တွင်မူ အသံတိတ်မှ အသံထွက်ရုပ်ရှင်များ ရိုက်ကူးလာသည်။ အိန္ဒိယဘောလိဝုဒ်ရုပ်ရှင်က မြန်မာနိုင်ငံ၏ နောက်တစ်နှစ်ကြာမှသာ အသံထွက်ဇာတ်ကားကို ရိုက်ကူးနိုင်ခဲ့ခြင်းဖြစ်ပါသည်။
၁၉၂၀ မှ ၁၉၃၀ ပြည့်နှစ်အထိ ရိုက်ကူးခဲ့သည့် မြန်မာရုပ်ရှင်များမှာ ရာဇ၀င်ကားများနှင့် မိသားစု ဇာတ်လမ်းများသာများသည်။
၁၉၃၀ ပြည့်နှစ်တွင် အေ၀မ်းကုမ္ပဏီက ၂၃ ဟက်တာမြေအကျယ်ရှိသော မြန်မာဟောလိဝုဒ်ဟု ခေါ်ဆိုရသည့် အေ၀မ်းရုပ်ရှင်ခြံကို တည်ခဲ့သည်။
“ဒီရုပ်ရှင်ခြံက မြန်မာ့ရုပ်ရှင်လုပ်ငန်းရဲ့ ထည်ဝါခမ်းနားအရေးပါခဲ့မှုကို ပြတာပေါ့ဗျာ” အေ၀မ်းခြံတည်ထောင်သူ ဦးညီပု၏ တူဖြစ်သူဦးမြင့်စိုးက ပြောကြားသည်။
၁၉၃၀ ပြည့်နှစ်တွင်မူ မြန်မာစတန့် စွန့်စားခန်းရုပ်ရှင်များနှင့် ကာတွန်းကားများလည်း ရိုက်ကူးလာခဲ့ပါသည်။ ရုပ်ရှင်များက
လူမှုရေးနှင့်နိုင်ငံရေးကို ရိုက်ကူးထားသော်လည်း ထိုအချိန်က လောင်းကစားနှင့် အကျင့်ပျက်ခြစားမှုများကို ဖော်ပြထားသည့်အတွက် ရုပ်ရှင်ကား အတော်များများ ဗြိတိသျှ အစိုးရ ဆင်ဆာဖြတ်တောက်ခြင်းကိုခံခဲ့ရ၏။ ၁၉၄၁ ခုနှစ်အကျော် ဂျပန်ခေတ်တွင် ရုပ်ရှင်ရုံအတော်များများမှာ ဗုံးကြဲခံရပြီး ရုပ်ရှင်လည်း ငါးနှစ်လောက်ရိုက်ကူး နိုင်ခြင်းမရှိခဲ့ပါ။
ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဆွေဇင်ထိုက်က “၁၉၄၆ မှာတော့ ရုပ်ရှင်တွေပြန်စရိုက်ခဲ့ပါတယ်။ ဒါပေမဲ့ အရည်အသွေးမကောင်းဘူး။ ဂျပန်ခေတ်မှာ ဖလင်မ၀ယ်နိုင်တော့ ဖလင်တွေကို မြေထဲမြှုပ်ပြီးသိမ်းထားကြတယ်။ အဲဒီမှာ အပူရှိန်ကြောင့် ဖလင်တွေပျက်စီးကုန်တယ်” ၁၉၄၇ ခုနှစ်တွင် ရုပ်ရှင်ကား နှစ်ဆယ်ခန့် ရိုက်ကူးခဲ့ပြီး ထို့နောက်တွင် တစ်နှစ်ကို ကားလေးဆယ်၊ ကားငါးဆယ်အထိ တိုးတက်လာခဲ့သည်။ ဟောလိဝုဒ်ရုပ်ရှင်ကဲ့သို့ မြန်မာရုပ်ရှင်၏ ခေတ် အကောင်းဆုံးကာလက ၁၉၅၀ ပြည့်နှစ်များဖြစ်ပြီး ၁၉၅၂ ခုနှစ်
တွင် အကယ်ဒမီရုပ်ရှင်ထူးချွန်ဆုချီးမြှင့်မှုကို စတင်ခဲ့သည်။
၁၉၅၃ ခုနှစ်တွင် Crasade Pictures California ကို အတုယူပြီး လူထုအောင်လံရုပ်ရှင်ကားကြီးကို ၀န်ကြီးချုပ်ဦးနုကိုယ်တိုင်ပါဝင် ဇာတ်ညွှန်းရေးသားခဲ့သည်။
“အဲဒီဇာတ်ကားက ကွန်မြူနစ်စနစ်ကို ဆန့်ကျင်ပြီး လူ့အခွင့်အရေးကို အားပေးထားတဲ့ ဂန္ထ၀င် ဇာတ်ကားတစ်ကားပါ” ဟု ဆွေဇင်ထိုက်က ဆိုသည်။
၁၉၅၀ ပြည့်နှစ်တွင် ယူနီဗာဆယ်စတူဒီယို၏ အိန္ဒိယဌာန ကိုယ်စားလှယ်က မြန်မာပြည်သို့ လာရောက်ပြီး နည်းပညာအချို့ကို သင်ပြခဲ့ရာ မြန်မာများကလည်း စိတ်ဝင်စားလေ့လာခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် ရုပ်ရှင်ကုမ္ပဏီများနှင့် ရုပ်ရှင်ရုံအရေအတွက်လည်း များပြားတိုးတက်လာသည်။ အေ၀မ်းခြံအဆက်အနွှယ် ဦးအောင်စည်က ထိုခေတ်အကြောင်းကို ယခုလို ပြန်ပြောပြသည်။
“အဲဒီတုန်းကဆိုရင် အိန္ဒိယနဲ့ ထိုင်းသရုပ်ဆောင်တွေတောင် ဒီကိုလာရတယ်။ ဘာလို့လဲဆိုတော့ ဒီမှာက အကုန်ရတယ်လေ”
ဒေါ်ဆွေဇင်ထိုက်ကလည်း “ကျွန်မတို့က တစ်ချိန်တုန်းကတော့ အာရှရုပ်ရှင်လုပ်ငန်းရဲ့ မီးရှူးတန်ဆောင်ပေါ့လေ။ အဲဒီနေ့တွေကိုပဲ ပြန်တမ်းတနေရတာပဲ။ အရင်တုန်းကတော့ ရှေ့က အခုတော့နောက်က။ သဘာဝပဲပေါ့”
ထို့အပြင် ၁၉၅၄ ခုနှစ် ကမ္ဘာကျော် ဗြိတိသျှစစ်ကား ခရမ်းရောင်လွင်ပြင် (Purple Plain) တွင် မြန်မာမင်းသမီးဝင်းမင်းသန်းက မင်းသားဂရေဂရီပက်နှင့်အတူ သရုပ်ဆောင်ခဲ့ပါသည်။
ဗြိတိသျှကိုလိုနီနိုင်ငံဖြစ်ဖူးသည့်အတွက် ယခုကဲ့သို့ မြန်မာရုပ်ရှင်လုပ်ငန်းက လျင်လျင်မြန်မြန် တိုးတက်ခဲ့သည်ဟုလည်း ပြောကြသည်။ တကယ်တမ်းတွင် ရုပ်ရှင်နှင့်ပတ်သက်ပြီး ဗြိတိသျှ အစိုးရဆီက ပြောပလောက်အောင် ပံ့ပိုးမှုမရခဲ့ဟု ဒေါ်ဆွေဇင်ထိုက်က ဆိုပါသည်။
သို့သော်လည်း မကြာသေးမီက ဗြိတိသျှကောင်စီ၌ ဇာတ်ညွှန်းရေးသားနည်း သင်တန်းများနှင့် ထုတ်လုပ်မှုဆိုင်ရာ သင်တန်းများပေးခဲ့ပြီး အမေရိကန်မီချီဂန် ပြည်နယ်အခြေစိုက်ဖို့ဒ်ဖောင်ဒေးရှင်းကလည်း မြန်မာရုပ်ရှင်လုပ်ငန်းအတွက် ကူညီမှုများပေးခဲ့သည်ဟု သိရပါသည်။
အကယ်ဒမီဆုရ ဒါရိုက်တာ ဦးကြည်စိုးထွန်းကမူ ဗြိတိသျှခေတ်တွင် ရိုက်ကူးခဲ့သော်လည်း မေတ္တာနှင့် သူရာဇာတ်ကားမှအစ မြန်မာရုပ်ရှင်ကားများ သက်သက်ချည်းက ဗြိတိသျှတို့၏ လွှမ်းမိုးမှုအငွေ့အသက်မည်သည့်အခါကမှ မရှိခဲ့ဟု ပြောကြားသည်။
သူ၏ သူငယ်ချင်းအချို့က ဗြိတိသျှလုပ်ရုပ်ရှင်စက်ပစ္စည်းများ သုံးသော်လည်း ဗြိတိသျှတို့၏ ရုပ်ရှင်ပညာကို မြန်မာရုပ်ရှင်သမားများက နမူနာအတုမယူခဲ့ဟု သူက ဆိုပါသည်။
သို့သော်လည်း ဗြိတိသျှအစိုးရဆီက ဆင်ဆာဖြတ်မှုကို မြန်မာအစိုးရက အတုယူခဲ့ကာ လွတ်လပ်ရေးရအပြီး ၁၉၅၀ ပြည့်နှစ်များ
နောက်ပိုင်း ရုပ်ရှင်ဆင်ဆာအဖွဲ့ကိုလည်း တည်ထောင်ခဲ့သည်။
သို့သော်လည်း ထိုဆင်ဆာအဖွဲ့က မြန်မာရုပ်ရှင်လုပ်ငန်းကို ထိခိုက်မှုမရှိဟု အဖိုးနှင့် ဖခင်နှစ်ဦးစလုံးနာမည်ကြီး ရုပ်ရှင်ဒါရိုက်တာများဖြစ်ကြသော ဒေါ်ဝါနုက ဆိုသည်။
“ကျွန်မအဖိုးက ၁၉၅၉ ခုနှစ်မှာ ရုပ်ရှင်စရိုက်ခဲ့တယ်။ ဒါပေမဲ့ ဆင်ဆာကြောင့် ပြဿနာမရှိခဲ့ဘူး။ သူက သာမန်လူတွေအကြောင်းကိုပဲ ရုပ်ရှင်ရိုက်ခဲ့တာပါပဲ။ အဲဒီအချိန်တုန်းကတော့ ခေတ်ကောင်းတာပေါ့။ တစ်နှစ်ကို ရုပ်ရှင်ကားတစ်ရာကျော်လောက် ထွက်တယ်”
၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ အစိုးရက တရုတ်နိုင်ငံအတိုင်း ပုံစံယူပြီး ၀ါဒဖြန့်ရုပ်ရှင်တွေကိုယ်တိုင်ရိုက်ကာ အစိုးရရုံတွေမှာ ပြသခဲ့သည်။ နောက်ပိုင်းတွင် စရိတ်စကကြီးသည့်အတွက် ထိုအကြံကို စွန့်လွှတ်ကာ ရုပ်ရှင်များကို ထိန်းချုပ်ရန် အခြားနည်းလမ်းများကို သုံးလာခဲ့သည်။
ဒါရိုက်တာကြည်စိုးထွန်းက “သူတို့က ကျွန်တော်တို့ကို ဖန်တီးခွင့်ပေးထားပါတယ်။ ဒါပေမဲ့ အများကြီးစောင့်ကြည့်ထိန်းချုပ်မှု တွေကြားကပေါ့လေ”
၁၉၈၀ ပြည့်နှစ်တွင်မူ သရုပ်ဆောင်တစ်ဦးကိုတစ်နှစ်လျှင် ရုပ်ရှင်သုံးကားသာရိုက်ရမည်ဟု သတ်မှတ်ချက်ချခဲ့သည်။ ရုပ်ရှင်သရုပ်ဆောင်ဆွေဇင်ထိုက်က ထိုအချက်ကို လက်မခံခဲ့သည့်အတွက် သူ့ကို ရုပ်ရှင်ရိုက်ခွင့် ခြောက်လပိတ်ခဲ့သည်။ ထိုသတ်မှတ်မှုသည် ရုပ်ရှင်သရုပ်ဆောင်များ၏ အသက်မွေးဝမ်းကျောင်း ဘ၀ကို အစိုးရက ထိန်းချုပ်ခြင်းကို ပြသရာရောက်ကြောင်း ဆွေဇင်ထိုက်က ယုံကြည်ခဲ့သည်။
ထို့အပြင် ရုပ်ရှင်များသည် ဇာတ်ညွှန်းများခွင့်ပြုချက်နှင့် အများပြည်သူပြသရန် ခွင့်ပြုချက်တို့ လိုအပ်ကြောင်း သတ်မှတ်ချက်များပါ အစိုးရက ချမှတ်ခဲ့သည်။ ခွင့်ပြုချက်ကိုလည်း နောက်ပိုင်းတွင် သုံးနှစ်သက်တမ်းသာ သတ်မှတ်ခဲ့၏။
၁၉၇၂ ခုနှစ်တွင် ဆိုရှယ်လစ်အစိုးရက ပြုပြင်ပြောင်းလဲရေးဟုဆိုကာ ရုပ်ရှင်များကို ဆိုရှယ်လစ်သဘောထားများ ပြန့်ပွားရေးအတွက် ရိုက်ကူးရမည်ဟု သတ်မှတ်လာသည်။
“အဲဒါက ကျွန်မတို့ရဲ့ အနုပညာဖန်တီးတိုးတက်မှုတွေကို ဟန့်တားလိုက်တာပါပဲ” ဟု ဒေါ်ဆွေဇင်ထိုက်က ပြောကြားသည်။
ရုပ်ရှင်ကောင်စီအဖွဲ့ဝင် လူကြီးများကို အစိုးရက ခန့်အပ်သူများနှင့် အစားထိုးခဲ့သည်။ ရည်ရွယ်ချက်မှာ အနုပညာထက် ထိန်းချုပ်ဖို့ သက်သက်သာဖြစ်သည်။ ရုပ်ရှင်လုပ်ငန်းတစ်ခုလုံးသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်အာဘော်သာဖြစ်အောင် ဖိအားပေးထားခဲ့သည်။
၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးအခင်းအပြီးတွင် အစိုးရ၏ ရုပ်ရှင်အပေါ်တင်းကျပ်မှုက ပိုပိုဆိုးလာသည်။ အနောက်တိုင်းနိုင်ငံများ၏ ပိတ်ဆို့မှုကြောင့် ဖလင်ဝယ်ယူရန် အခက်အခဲရှိလာသည့်အခါ ဗီဒီယိုများ ရိုက်ကူးခွင့်ကို ပေးခဲ့သည်။
ထိုအခါ အိမ်မှာ ဗီဒီယိုကြည့်သည့် အလေ့အထထွန်းကားလာပြီး တစ်နှစ်ကို ဗီဒီယိုကား တစ်ထောင်ခန့်အထိ ထုတ်လုပ်နိုင်လာသည်။
အခြားတစ်ဖက်မှာလည်း ရုပ်ရှင် ကြည့်သူကျဆင်းလာသည်။ လက်မှတ်ဝယ်ပြီး ရုံတွင် ကြည့်မည့်အစား မိသားစုနှင့်အတူ ဗီဒီယိုတစ်ကားကြည့်လိုက်ခြင်းက ငွေ ၅၀၀ လောက်သာ အကုန်အကျရှိသည်မို့ ပိုတွက်ခြေကိုက်လာသည်။
ထို့အပြင် ကိုရီးယား၊ တရုတ်နှင့် ဟောလိဝုဒ်ရုပ်ရှင်များကို လူကြိုက်များလာခြင်းကလည်း ပြည်တွင်းရုပ်ရှင်လုပ်ငန်း၏ အခြေအနေကို ပိုမိုဆိုးရွားစေသည်။
ရုပ်ရှင်ရုံများကလည်း ၀င်ငွေမကောင်းတော့ချေ။ ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် အိမ်ရာဈေးများ တစ်ရှိန်ထိုးမြင့်တက်လာသည့်အတွက် ရုပ်ရှင်ရုံများကို ဖျက်ပြီး အိမ်ရာတိုက်ခန်းများ ဆောက်လာကြသည်။
“ရုပ်ရှင်ပြတာက ရင်းနှီးထားတဲ့ ငွေပြန်ရမယ်လို့ အာမမခံနိုင်ဘူးလေ” ဟု ဒေါ်ဆွေဇင်ထိုက်က ဆိုသည်။ မြန်မာနိုင်ငံတွင် လက်ရှိ ရုပ်ရှင်ရုံ ၁၀၀ ခန့်ရှိသည့်အနက် ရုံ ၅၀ ခန့်ကပဲ ရုပ်ရှင်များ ပြသနေသည်ဟု သူက ခန့်မှန်းပါသည်။
နိုင်ငံတစ်ဝန်းက ရုပ်ရှင်ရုံများကို ဒေါ်ဆွေဇင်ထိုက်က သွားရောက်ကြည့်ရှုခဲ့ရာ မော်လမြိုင်တွင် ရုပ်ရှင်ရုံတစ်ခုမှာ ပင်လယ်စာအအေးခန်းအဖြစ် ပုံစံပြောင်းထားသည်ကို တွေ့ခဲ့ရသည်။
နောက်ထပ်ပြဿနာတစ်ခုမှာ ပြန်ကြားရေးဝန်ကြီးဌာနကြောင့်ဖြစ်သည်။
“သူတို့က ဒီနေ့တစ်မျိုးပြောလိုက်။ နောက်နေ့မှာ တစ်မျိုးစိတ် ပြောင်းသွားလိုက်ဆိုတော့ လူတွေကလည်း ဘယ်ရင်းနှီးမြှုပ်နှံရဲ တော့မလဲ” ဟု သူက ဆိုသည်။
၂၀၁၂ ခုနှစ် ကိန်းဂဏန်းများအရ မြန်မာနိုင်ငံရုပ်ရှင်ရုံများတွင် ပြသနေသော ရုပ်ရှင်များ၏ ၇၂ ရာခိုင်နှုန်းမှာ နိုင်ငံခြားကားများသာဖြစ်သည်။ ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံများကဲ့သို့မဟုတ်ဘဲ မြန်မာရုပ်ရှင်ရုံများတွင် အဆင့်မြင့်အသံစနစ်ကောင်းကောင်းမရှိပါ။ ထိုင်ခုံများကလည်း သက်သောင့်သက်သာမရှိသလို သန့်ရှင်းမှုကလည်း မရှိပါ။
ယနေ့ခေတ်မှာ ငွေအရများဆုံး မြန်မာရုပ်ရှင်များမှာ ဟာသကားများဖြစ်ပြီး သရဲကားများကိုလည်း လူကြိုက်များလာသည်ဟု ဒါရိုက်တာကြည်စိုးထွန်းက ပြောပါသည်။
ထို့အပြင် ရုပ်ရှင်တွေမှာ လူကြိုက်များလာသော ကိုရီးယားယဉ်ကျေးမှု၏ လွှမ်းမိုးမှုများပါလာသည်ဟု ဒေါ်ဆွေဇင်ထိုက်က ဆိုသည်။
“ဒီနေ့ခေတ်ကတော့ ကိုရီးယားတွေပဲ ကူးချနေတာပါပဲ။ ဇာတ်လမ်းရော၊ သီချင်းရော၊ အ၀တ်အစားရောပဲ”
မြန်မာရုပ်ရှင်ပြတိုက်၌ ဧည့်လမ်းညွှန်လုပ်သူ မသီသီကတော့ “နိုင်ငံရေးကားတွေ ကျွန်မ မကြိုက်ဘူး။ ရဲတွေကနောက်က လိုက်တဲ့ အက်ရှင်လည်းပါတဲ့ကားတွေကြိုက်တယ်။ သရဲကားတွေကို ကျွန်မအကြိုက်ဆုံးပဲ” ဟု ဆိုပါသည်။ အချစ်ဇာတ်ကားများကလည်း ဆယ်ကျော်သက်များကြားဝယ် ရေပန်းစားနေသေးသည်ဟု သီသီက ပြောသည်။
ထာဝရမန္တလေးရုပ်သံဇာတ်လမ်းတွဲတွင် သူနာပြုဆရာမအဖြစ် သရုပ်ဆောင်ရန်စောင့်နေသည့် သရုပ်ဆောင် စုစန္ဒီ၀င်းကမူ
“သရုပ်ဆောင်တာက ကျွန်မရဲ့ ၀ါသနာပဲ။ အဲဒါကြောင့် မော်ဒယ်ကနေ ပြောင်းလုပ်တာ။ ကျွန်မက အချိန်ပြည့်လုပ်ချင်တာ”
သူက ဇာတ်ပို့သရုပ်ဆောင်ခအဖြစ် တစ်နေ့ကို မြန်မာကျပ်ငွေ တစ်သောင်းခွဲခန့်ရပါသည်။ သို့သော်လည်း ဒီနေ့ ရုပ်ရှင်နှင့် အရင် ခေတ်ဟောင်းကားများ ဘာကွာခြားမှုရှိသလဲ မေးသည့်အခါ ခေတ်ဟောင်းရုပ်ရှင်အကြောင်းကို မသိပါဟု စုစန္ဒီဝင်းက ဖြေပါသည်။
အခြားပြဿနာတစ်ခုက သရုပ်ဆောင်များ၏ အရည်အသွေးကလည်း အရင်ခေတ်သရုပ်ဆောင်များထက် နိမ့်ကျလာခြင်းဖြစ်သည်။ ငွေရအောင်လုပ်နိုင်သည့် သရုပ်ဆောင်များက အားလုံးကိုရိုက်ကူးနေကြသည်။ အချို့ သရုပ်ဆောင်များဆိုလျှင် တစ်ကားကို သုံးရက်ထက်ပင်ပိုမရိုက်ကြ။
“ထုတ်လုပ်သူတွေကလည်း ဘာမှမပြောနိုင်ကြဘူး။ တရားစွဲဖို့လည်း ဘာစည်းကမ်းစာချုပ်မှ မရှိဘူး။ အဲဒါကလည်း ထုတ်လုပ်မှု အရည်အသွေးကို ဖျက်ဆီးနေတာပဲ” ဟု ဒေါ်ဆွေဇင်ထိုက်က ရှင်းပြသည်။ နောက်ထပ်အဓိကကျသည့် အချက်ကတော့ ဒါရိုက်တာ၏ အခန်းကဏ္ဍပဲဖြစ်သည်။
ဒါရိုက်တာကြည်စိုးထွန်းက “အရင်တုန်းကတော့ ဒါရိုက်တာတွေက ရိုက်ကွင်းရဲ့ ဘုရင်ပေါ့။ အခုတော့ လူတွေက တည်းဖြတ်တာတွေ၊ ထုတ်လုပ်တာတွေ ဂရုမစိုက်တော့ပါဘူး။”
ထိုအခြေအနေများက မြန်မာ့ရုပ်ရှင်ကို အချိန်နှင့်အမျှ ကျဆင်းသထက်ကျဆင်းလာသော်လည်း အနာဂတ်မှာ တောက်ပလာနိုင်မည့် အလင်းရောင်ကိုတော့ စိတ်ကူးယဉ်မျှော်မှန်းနေကြပါသည်။
သူတို့အနေဖြင့် ယူနီဗာဆယ် စတူဒီယိုကဲ့သို့ ရုပ်ရှင်မြို့တော် တည်ဆောက်သွားရန် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ဆွေးနွေးနေပြီး မကြာမီနှစ်အနည်းငယ်အတွင်း အကောင်အထည်ဖော်လာနိုင်မည်ဟု ဒေါ်ဆွေဇင်ထိုက်က ယုံကြည်နေသည်။ လောလောဆယ်
မြန်မာနိုင်ငံ၌ ဒေါ်ဆွေဇင်ထိုက်တို့ ခေတ်များကဲ့သို့ ရုပ်ရှင်ခြံဆိုသည်မှာမရှိဘဲ အိမ်များကိုသာ ရိုက်ကွင်းအဖြစ် သုံးနေရသည်။
မြန်မာရုပ်ရှင်အစည်းအရုံး နိုင်ငံတကာဆက်ဆံရေးကော်မတီအတွင်းရေးမှူးအနေဖြင့် ကမ္ဘာတစ်ဝန်းက လူများကို ဒေါ်ဆွေဇင်ထိုက် အမှာစကားပါး လိုက်ချင်သည်က အောက်ပါ စကားတစ်ခွန်းတည်းသာ။
“ကျွန်မတို့ မြန်မာရုပ်ရှင်ကို လာပြီးကူညီကြပါရှင်”
(ဘန်ကောက်ပို့စ်သတင်းစာပါ Can Myanmar Get a second chance? ဆောင်းပါးကို ထားထားမြင့် ဘာသာပြန်ဆိုသည်။)
7 Days news journal