(Bangkok Post သတင်းစာမှ 1 August 2013 ရက်စွဲပါ Charter changes will boost reforms ကိုဘာသာပြန်ဆိုသည်)
အချိန်အတန်ကြာ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းချက်များ ပြုလုပ်ခဲ့ပြီးနောက် မြန်မာအစိုးရသည် ယခုအခါ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် စတင်လုပ်ဆောင်နေပြီဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေး အတွက် တာဝန်ယူလုပ်ကိုင် ပေးရမည်ဖြစ်သော လွှတ်တော်သည် အဖွဲ့ဝင် ၁၀၉ ဦးပါဝင်သည့် ကော်မတီတစ်ရပ်ကို အဆိုပါ အခြေခံ ဥပဒေအား စီစစ်သုံးသပ်နိုင်ရန်အလို့ငှာ ကြာသပတေးနေ့က ဖွဲ့စည်းပေးလိုက်သည်။
ယင်းကော်မတီတွင် ၂၅ ရာခိုင်နှုန်းဟူသည့် တပ်မတော်သား ကိုယ်စားလှယ်များနှင့်အတူ ဒေါ်အောင်ဆန်းစုကြည် ၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ(NLD)မှ ကိုယ်စားလှယ်များနှင့် သမ္မတဦးသိန်းစိန်၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ဖွံ့)မှ ကိုယ်စားလှယ်များ ပါဝင်သည်။ အခြေခံဥပဒေပြင်ဆင်ရေးဆွဲရေးသည် ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဖြစ်ခွင့်မရှိအောင် ဟန့်တားထားသည့်အချက်နှင့် ပြည်နယ်များအနေဖြင့် ပြည်နယ်အစိုးရဝန်ကြီးများကို ကိုယ်တိုင် ရွေးချယ်ခွင့် ရရှိရေး ဟူသည့် အချက်နှစ်ရပ်နှင့်ပတ်သက်သော ဝေဖန်ပြောဆိုမှုများကို ဖြေရှင်းရန်ဖြစ်သည်။
လေ့လာဆန်းစစ် ကြည့်မည်ဆိုပါက မြန်မာနိုင်ငံတွင်အခြေခံဥပဒေ ပြင်ဆင်ရန် လိုအပ်ချက်အတွက် အကြောင်း အရင်းနှစ်ရပ် ရှိနေသည်ကို တွေ့ရပါသည်။ ပထမတစ်ခုမှာ ပြည်တွင်းရေးကိစ္စဖြစ်သည်။ မြန်မာနိုင်ငံ၏ သမိုင်းကြောင်း ပြဿနာများသည် တိုင်းရင်းသားလူနည်းစုများက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရန် တောင်းဆိုမှုများနှင့် မြန်မာအစွန်းရောက် မျိုးချစ် ဝါဒီများ၏ တောင်းဆိုချက်များအပေါ် ဆန့်ကျင်မှုများက အဓိကလွှမ်းမိုး ကြီးစိုးထားသည်။
ဗြိတိသျှအုပ်ချုပ်ရေး လက်ထက်တွင် မြန်မာနိုင်ငံသည် ပြည်မနှင့် နယ်ခြားဒေသဟူ၍ ခွဲခြားအုပ်ချုပ်ခြင်း ခံခဲ့ရသည်။
တိုင်းရင်းသားလူမျိုးစုများအားလုံး တန်းတူအခွင့်အရေးပေးမည်ဟူသောအာမခံချက်သည် မြန်မာနိုင်ငံလွတ်လပ်ရေး အတွက်အဓိကကျသော အခြေအနေတစ်ရပ် ဖြစ်ခဲ့သည်။ ၁၉၄၇ ခုနှစ်အခြေခံဥပဒေတွင် ပြည်နယ်များအတွက်အခြေခံဥပဒေ ဆိုင်ရာ အခွင့်အရေးတစ်ရပ်ပါဝင်ခဲ့သည်။
တောင်တန်းနှင့် နယ်ခြားဒေသရှိ တိုင်းရင်းသား ပြည်သူများအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ပတ်သက်၍ ဗိုလ်ချုပ် အောင်ဆန်းနှင့် သဘောတူညီချက် ရယူနိုင်ခဲ့ပြီးနောက် ပြည်ထောင်စု မြန်မာနိုင်ငံကို ထူထောင်ခဲ့သည်။ သို့သော်လည်း နိုင်ငံရေး အခွင့်အရေးများ မရရှိခဲ့ခြင်းသည် ဆယ်စုနှစ်ခြောက်ခုကျော် ကာလအတွင်း တိုင်းပြည်၏ လက်နက်ကိုင်ပဋိပက္ခ အတွက် အဓိကကျသော အကြောင်းအရင်း ဖြစ်ခဲ့သည်။
ယခု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေးကြောင့် တိုင်းရင်းသားလူနည်းစုများအနေဖြင့် ၎င်းတို့ ပြည်နယ်အစိုးရဝန်ကြီး ရာထူးများကို ကိုယ်တိုင်စိတ်တိုင်းကျ ရွေးချယ်နိုင်မည်ဖြစ်သည်။ ထိုသို့ မိမိတို့၏ပြည်နယ် အုပ်ချုပ် ရေးမှူးများကို မိမိကိုယ်တိုင်ရွေးချယ်ပိုင်ခွင့်ကြောင့် တိုင်းရင်းသားပြည်သူများအနေဖြင့် ရွေးကောက်ပွဲတွင် တက်ကြွစွာပါဝင် မဲပေးကြမည်ဖြစ်သည်။ ထိုသို့ တက်ကြွစွာမဲပေးခြင်းသည်ပင် ဒီမိုကရေစီစနစ်၏ အခြေခံကျသော မူဝါဒ တစ်ရပ်ဖြစ်သည်။
ပို၍အရေးကြီးသည်မှာ တိုင်းရင်းသားပြည်သူများအနေဖြင့် မိမိပြည်နယ်အတွက် အကြီးအကဲရွေးချယ် ခန့်အပ်သည့် ဖြစ်စဉ်အားဖက်ဒရယ်ဝါဒစတင်ကျင့်သုံးမှုအဖြစ် ရှုမြင်ရေးပင်ဖြစ်သည်။ အဆိုပါဖက်ဒရယ်ဝါဒအတွက် တိုင်းရင်းသားပြည်သူ ပေါင်းများစွာမှ ၎င်းတို့၏ အသက်နှင့် ဘဝများကို စတေးခဲ့ကြရသည် မဟုတ်ပါလော။
ဒုတိယအချက်အနေဖြင့် ပြောရမည်ဆိုလျှင် အခြေခံဥပဒေအပြောင်းအလဲသည် အတိုက်အခံပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် ရွေးကောက်တင်မြှောက် ခံရနိုင်ရေးအတွက် အရေးကြီးသောလိုအပ်ချက်တစ်ရပ် ဖြစ်သည်။ လက်ရှိ အခြေခံဥပဒေတွင် အခြားနိုင်ငံသား ခံယူထားသည့် သားသမီး သို့မဟုတ် ခင်ပွန်းနှင့် ဇနီးရှိသူများ အနေဖြင့် သမ္မတအဖြစ်ရွေးကောက် တင်မြှောက်ခံယူပိုင်ခွင့် မရှိကြောင်းဖော်ပြထားရာ နိုင်ငံခြားသားသားသမီး နှစ်ဦးရှိသူ ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဖြစ်ခွင့်ရနိုင်မည် မဟုတ်ပေ။ နှစ်ပေါင်း ၁၅ နှစ်ခန့် နေအိမ်အကျယ်ချုပ် ကျခံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပမည့်အချိန်တွင် အသက် ၇၀ ထဲသို့ ရောက်ရှိတော့မည် ဖြစ်သည်။ အကယ်၍ သူမသာယင်းရွေးကောက်ပွဲတွင် သမ္မတဖြစ်ခွင့်မရရှိခဲ့ပါက နောက်ထပ်တစ်ကြိမ် ရွေးကောက်ပွဲတွင် ၎င်း၏ ရုပ်ပိုင်း ဆိုင်ရာမှာ အိုမင်းကျဆင်းသည့် အနေအထားသို့ ရောက်ရှိသွားတော့မည် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်တွင် ယခင်ကရန်ဘက်များဖြစ်ခဲ့သော စစ်တပ်နှင့် လက်တွဲလုပ်ကိုင်လိုစိတ် ရှိထားပြီး ဖြစ် ရာ စစ်တပ်ကျောထောက်နောက်ခံ ကြံ့ဖွံ့ပါတီနှင့် မြန်မာပြည်သူများအနေဖြင့် သူမအား တိုင်းပြည်အုပ်ချုပ်နိုင်ရေးအတွက် အခွင့်အရေးတစ်ရပ် ပေးသင့်သည်။
ရိုဟင်ဂျာအရေးကိစ္စနှင့် ကချင်ပြည်နယ်ပဋိပက္ခများတွင် ကောင်းစွာလုပ်ကိုင်ပေးခြင်း မရှိခဲ့သည့်အတွက် ဝေဖန်ခံ ထားရသော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းရင်းသားအားလုံး အတူတကွပူးပေါင်းနိုင်ရေးတွင် အဓိကကျသော ပုဂ္ဂိုလ် တစ်ဦးအဖြစ် ဆက်ရှိနေဆဲပင်ဖြစ်သည်။
မြန်မာနိုင်ငံသည် လာမည့် ၂၀၁၄ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌ ရာထူးရယူရန် အချိန်နီးကပ်နေပြီဖြစ်ရာ တိုင်းပြည် ခေါင်းဆောင်များ အနေဖြင့် ၎င်းတို့သည်စစ်မှန်သော ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေပါသည်ဟူသော အချက်ကို နိုင်ငံ တကာ အသိုင်းအဝိုင်းအား ပြသရန်အရေးကြီးပါသည်။
လတ်တလော ဥရောပခရီးစဉ်တွင် သမ္မတဦးသိန်းစိန်က ယခုနှစ်ကုန်ပိုင်းတွင် နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးတော့မည် ဖြစ်ကြောင်း၊ မဝေးတော့သည့် အနာဂါတ်တွင်လည်း လက်နက်ပဋိပက္ခများအားလုံး အဆုံးသတ်တော့ မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
နိုင်ငံတကာအသိုင်းအဝိုင်း၏ ယုံကြည်မှုကို မြန်မာနိုင်ငံရရှိရေးအတွက် ဆိုခဲ့ပါကတိကဝတ်များအတိုင်း မဖြစ်မနေ လိုက်ပါဆောင်ရွက်ရမည်ဖြစ်သည်။
မြန်မာနှင့် အနောက်နိုင်ငံများ ဆက်ဆံရေး ပြန်လည်ထူထောင်မှုသည် ပဏာမအဆင့်မျှတွင်သာ ရှိသေးသော်လည်း ပုံမှန်သံတမန် ဆက်ဆံရေးများ တိုးတက်ကောင်းမွန်လာခြင်းကနောက်ဆုံးတွင် ပိတ်ဆို့အရေးယူမှုများအားလုံးကို ဖယ်ရှား ပေးသွားနိုင်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို စစ်တပ်ကတိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေထိန်းချုပ်ထားနေသေး သ ရွေ့ မြန်မာနိုင်ငံသည် ပြီးပြည့်စုံမှုမရှိသေးသည့် ဒီမိုကရေစီစနစ်ကျင့်သုံးသော နိုင်ငံအဖြစ် သတ်မှတ်ဖော်ပြခံရမည်သာပင်။
yangon chronicle