မီဒီယာ လွတ်လပ်ခွင့်သည် မည်မျှ အရေးကြီးသနည်း။ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွား အတွက် အသက်တမျှ အရေးကြီးသည်ဟု ဆိုချင်ပါသည်။ မီဒီယာများ ထိန်းချုပ်ခံခဲ့ရခြင်းကြောင့် ပြည်သူများအပေါ် ဖိနှိပ်မှုများ၊ ကုပ်သွေးစုပ် အမြတ်ထုတ်မှုများ၊ မတရားသိမ်းပိုက်မှုများ၊ အကျင့်ပျက် ခြစားမှုများ၊ အာဏာ အလွဲသုံးစားလုပ်မှုများ စသော မတရားမှု မြောက်မြားစွာကို ရေငုံနှုတ်ပိတ်ကာ ခေါင်းငုံ့ ခံခဲ့ကြရသည်။ ပုဂ္ဂလိက ပုံနှိပ်မီဒီယာများ အတန်အသင့် ရေးသားတင်ပြခွင့် ရရှိလာသည်နှင့် တစ်ပြိုင်နက် အဆိုပါ မတရားမှုများသည် တစ်စထက်တစ်စ လူသိရှင်ကြား ဖြစ်ကာ ပြည်သူများကို မျက်စိပွင့် စေခဲ့သည်။ သို့သော် ယခုအခါ၌ ပုံနှိပ်မီဒီယာများအပေါ် ထိန်းချုပ်ကန့်သတ်ရန် ကြိုးပမ်း အားထုတ်မှုများကို တစ်ဖန် ပြန်လည် မြင်တွေ့ လာရသည်။
မီဒီယာလွတ်လပ်ခွင့် ဆုံးရှုံးခြင်းကြောင့် ပါတီစုံ ရွေးကောက်ပွဲများ ရှိသော်လည်း ဒီမိုကရေစီ အနှစ်သာရကို မခံစားရသော နိုင်ငံများ ကမ္ဘာပေါ်၌ ရှိနေဆဲပင်။ ပြီးခဲ့သည့်ဇူလိုင် ၃၁ ရက်တွင် ကျင်းပခဲ့သော ဇင်ဘာဘွေနိုင်ငံ၏ ရွေးကောက်ပွဲက နမူနာကောင်း ဖြစ်သည်။ ရွေးကောက်ပွဲ အကြို ကာလတွင် အစိုးရက ထိန်းချုပ် ထားသောနိုင်ငံပိုင် ရုပ်သံမီဒီယာများက လက်ရှိ အာဏာရ သမ္မတ ရောဘတ်မူဂါဘီ၏ စည်းရုံးရေး လှုပ်ရှားမှုများကို တိုက်ရိုက် ထုတ်လွှင့်ကာ အသားပေး ဖော်ပြခဲ့သည်။ ပြိုင်ဘက် အတိုက်အခံတို့ကမူ ယင်းအခွင့်အရေးကို မရရှိခဲ့ကြပေ။ အစိုးရနှင့် နီးစပ်သူများသာ လုပ်ပိုင်ခွင့် ရရှိသော ပုဂ္ဂလိက ရုပ်သံမီဒီယာများတွင်လည်း သမ္မတ မူဂါဘီအပေါ် အမွှမ်းတင်ပြီး အတိုက်အခံ တို့ကို အပုပ်ချထားသော အရုပ်အသံများကိုသာ ပြည်သူတို့ မြင်တွေ့ကြားသိ နေရ သည်။ (မြန်မာနိုင်ငံ၌လည်း ပုဂ္ဂလိက ရုပ်မြင်သံကြား ထုတ်လွှင့်ခွင့်ကို ကုမ္ပဏီ နှစ်ခုတည်းသာ ရရှိ ထားသည်။) အမှီအခိုကင်းသော ပုံနှိပ်မီဒီယာများ ရှိသော်လည်း ဇင်ဘာဘွေ၌ သတင်းစာ ၀ယ်ဖတ် နိုင်သူဦးရေမှာ အင်မတန် နည်းပါးလှပြီး ရုပ်သံ မီဒီယာများလောက် ထိရောက်မှုမရှိခဲ့ပေ။ (မြန်မာနိုင်ငံ ၌လည်း ပုဂ္ဂလိက သတင်းစာများ၏ စောင်ရေ စုစုပေါင်းသည် လူဦးရေ၏ ၁ ရာခိုင်နှုန်းမျှပင် မရှိသေး ပေ။)
ယင်းအနေအထားဖြင့်ပင် အငြင်းပွားဖွယ် ဖြစ်ခဲ့သော ဇင်ဘာဘွေ ရွေးကောက်ပွဲ၌ လက်ရှိအာဏာရ သမ္မတနှင့် ၎င်း၏ အပေါင်းအပါများပင် အနိုင်ရကြောင်း ကြေညာကာ အာဏာဆက်လက် ကိုင်စွဲခွင့် ရရှိ သွားသည်။ မဲပေးခွင့်ရှိသူ စာရင်း၌ သေဆုံးသွားပြီဖြစ်သော လူများပါဝင်ခြင်း၊ လူတစ်ဦးတည်းက မဲအကြိမ်ကြိမ် ပေးနိုင်ရန် မဲပွားခြင်း၊ ကြိုတင်မဲများ လိုအပ်သည်ထက် ပိုနေခြင်း၊ အာဏာရသမ္မတနှင့် ပါတီကိုသာ မဲပေးရန် ခြိမ်းခြောက်ခြင်း၊ မဲစလစ်အတုများ ဖြန့်ဝေခြင်း၊ မဲစာရွက်များ အလွန်အကျွံ ရိုက်နှိပ်ခြင်း၊ ငွေနှင့် စားစရာများပေး၍ လူစုဆောင်းပြီး ဘတ်စ်ကားဖြင့် မဲရုံများသို့ လှည့်လည် မဲထည့်ခြင်း စသော မသမာမှုများဖြင့် စွပ်စွဲဝေဖန် ခံရသော ဇင်ဘာဘွေ ရွေးကောက်ပွဲက မြန်မာပြည်သူ တို့အတွက် သင်ခန်းစာပင် ဖြစ်နိုင်သည်။
ယင်းကဲ့သို့သော အခြေအနေမျိုးတွင် ပြည်သူများ၏ အခွင့်အရေး မဆုံးရှုံးစေရအောင် မတရားမှုများကို စောင့်ကြည့် ဖော်ထုတ်ပေးမည့် လွတ်လပ်သော မီဒီယာများ ကျယ်ကျယ်ပြန့်ပြန့် လိုအပ်လာမည် ဖြစ်သည်။ လက်ရှိတွင် မြန်မာနိုင်ငံ၌ ပုဂ္ဂလိက ပုံနှိပ်မီဒီယာများမှာ အတန်အသင့် လွတ်လပ်စွာ ရေးသား ဖော်ထုတ်ခွင့် ရရှိနေသော်လည်း လူထုအတွက် ကျယ်ကျယ်ပြန့်ပြန့် ထိရောက်နိုင်သော ရုပ်သံမီဒီယာ လုပ်ပိုင်ခွင့်ကိုမူ မရရှိကြသေးပေ။ ပုံနှိပ် မီဒီယာနှင့် သက်ဆိုင်သော ဥပဒေများကို အတည်ပြုနိုင်ရန် ကြိုးပမ်းနေသည့် အစိုးရနှင့် လွှတ်တော်ကလည်း ပုဂ္ဂလိက ရုပ်သံမီဒီယာ လုပ်ပိုင်ခွင့် တန်းတူညီမျှ ရရှိစေမည့် ရုပ်သံဥပဒေမျိုးကို လေသံပင် မဟသေးပေ။ ထို့ကြောင့် မြန်မာ မီဒီယာလောက၌ ပုံနှိပ်မီဒီယာသာ အတန်ငယ် လွတ်လပ်ဟန် ရှိသော်လည်း ရုပ်သံမီဒီယာ လုံးဝ လွတ်လပ်ခွင့် မရှိသေးဟုပင် ဆိုနိုင်သည်။
မြန်မာနိုင်ငံတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒခံယူပွဲကို လည်းကောင်း၊ ၂၀၁၀ ရွေးကောက်ပွဲကို လည်းကောင်း မီဒီယာလွတ်လပ်ခွင့် မရှိဘဲ ကျင်းပခဲ့ပြီး ယခင်စစ်အစိုးရ လက်ထက်မှ လူဟောင်းများသာ အာဏာ ဆက်လက် စွဲကိုင်ခွင့် ရရှိခဲ့သည်။ ပုဂ္ဂလိက ပုံနှိပ်မီဒီယာ များ ယခင်ကထက် အတန်ငယ် ရေးသားဖော်ပြခွင့် ရရှိလာခဲ့သော ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ၌ မူ ၂၀၁၀ ရွေးကောက်ပွဲတွင် မဲအများဆုံး ရရှိခဲ့သည်ဆိုသော စစ်အစိုးရက မွေးထုတ်ပေးခဲ့သည့် ပြည်ခိုင်ဖြိုးပါတီမှာ ခွက်ခွက်လန်အောင် ရှုံးနိမ့်သွားတော့သည်။ ထို့ကြောင့် လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် နိုင်ငံသားတို့၏ အခွင့်အရေး တတ်နိုင်သမျှ မဆုံးရှုံးစေရန် မီဒီယာ လွတ်လပ်ခွင့်က အရေးကြီး နေပေသည်။ လက်ရှိ အခြေခံဥပဒေအရ မြန်မာနိုင်ငံသားများမှာ လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်း ကိုသာ မိမိဆန္ဒအလျောက် ရွေးချယ်ခွင့်ရရှိသည်။ ၇၅ ရာခိုင်နှုန်းသာ ရှိသော အခွင့်အရေးကို ရွေးကောက်ပွဲ မသမာမှုများကြောင့် ထပ်မံ အဆုံးရှုံးခံ၍ မဖြစ်တော့ပေ။ သို့အတွက် ယခုကတည်းကပင် နိုင်ငံသားတို့၏ ရှိစုမဲ့စု အခွင့်အရေး မဆုံးရှုံးစေရေးအတွက် မီဒီယာ လွတ်လပ်ခွင့် ကျယ်ပြန့်စွာ ရရှိရေးနှင့် မီဒီယာအပေါ် ထိန်းချုပ်မှုများအား ဖယ်ရှားရေးတို့ကို ၀ိုင်းဝန်း ဆောင်ရွက်သွားရန် တိုက်တွန်း လိုက်ရပါသည်။
မြန်မာသံတော်ဆင့် အယ်ဒီတာ့အာဘော်