Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

အင်အားစုအချို့အခြေခံဥပဒေအသစ်ပြန်ဆွဲရေးဇောင်းပေးလာ

$
0
0

ရေးသားသူ- အောင်သူရ၊ အိဖြူလွင်

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ လူတွေလုပ်ထားတဲ့ အရာတစ်ခုပါ။ အဲဒါကို ကျွန်မတို့ကကြောက်ပြီးတော့ မကိုင်ရဲဘူး၊ မထိရဲဘူးဆိုလို့ရှိရင် ကျွန်မတို့ အသက်ရှိပြည်သူပြည်သားတွေဟာ သက်မဲ့စာတမ်းတစ်ခုကို ကြောက်နေရာမရောက်ဘူးလားလို့”

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို အားမလိုအားမရ တွန်းအားပေးသည့် ထိုစကားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ရှစ်လေးလုံးငွေရတုအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

အခြေခံဥပဒေကို အမှန်တကယ်ပြင်ဆင်လိုပါက လသုံးဆယ်ပင်မလိုကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က မကြာသေးမီရက်ပိုင်းက ပြောကြားခဲ့သည်။

ထို့အတူ လွှတ်တော်နှစ်ရပ်တွင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်အမတ်ခုနစ်ဦး၊ တခြားသောပါတီများမှ လွှတ်တော်အမတ်များနှင့် တပ်မတော်သားလွှတ်တော်အမတ် ၂၅ ရာခိုင်နှုန်း ပါဝင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီကိုလည်း ဖွဲ့စည်းခဲ့သည်။

ထိုကဲ့သို့ လွှတ်တော်နှင့် နိုင်ငံရေးပါတီများက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန်ကြိုးစားနေချိန်တွင် နိုင်ငံတကာအဖွဲ့အစည်းများ၏ တွန်းအားပေးမှုကလည်း ပိုမိုအားကောင်းလာသည်။

ဗြိတိသျှအောက်လွှတ်တော်ဥက္ကဋ္ဌက သြဂုတ် ၁ ရက်တွင် ရန်ကုန်တက္ကသိုလ်၌ပြောကြားသော မိန့်ခွန်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေအား အစောတလျင်ပြင်ဆင်ရန် တိုက်တွန်းပြောကြားခဲ့သည်။ အမေရိကန်အထက်လွှတ်တော်အမတ် မက်ကော်နယ်ကလည်း အခြေခံဥပဒေမပြင်သမျှ မြန်မာ-အမေရိကန် ဆက်ဆံရေးပုံမှန်မရောက်နိုင်ဟု တွန်းအားပေး ကြေညာချက်ထုတ်ပြန်ထားသည်။

“ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေက အမှန်တကယ် ဘယ်သူ့ကိုမှ ၀ကွက်ချန်မထားခဲ့ဘဲ အားလုံးပါဝင်စေချင်ရိုးမှန်တယ်၊ တရားလည်းဝင်၊ သဘာဝလည်းကျရိုးမှန်တယ်ဆိုရင် သမ္မတရာထူးအတွက် ကိုယ်စားလှယ်လောင်းများရဲ့အရည်အချင်းနဲ့ ဆက်စပ်နေတဲ့ ပြဋ္ဌာန်းချက်တွေ၊ တိုင်းရင်းသားပြည်နယ်များအတွက် အုပ်ချုပ်ပုံစနစ်နဲ့ စပ်လျဉ်းတဲ့ပြဋ္ဌာန်းချက်တွေ အပါအ၀င် ဖွဲ့စည်းပုံအခြေခံဥပဒေကို အစောတလျင် ပြင်ဆင်ဖို့လိုအပ်နေပါတယ်”ဟု ဗြိတိသျှလွှတ်တော်ဥက္ကဋ္ဌက တိုက်တွန်းပြောကြားခဲ့သည်။

ထိုကဲ့သို့ လွှတ်တော်နှင့် နိုင်ငံရေးပါတီများမှ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး တွန်းအားပေးနေချိန်တွင် တိုင်းရင်းသားအဖွဲ့အစည်းအချို့၊ နိုင်ငံရေးအင်အားစုအချို့နှင့် ပညာရှင်အချို့က ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြင်ဆင်ရန် ခက်ခဲသဖြင့် အသစ်ပြန်လည်ရေးဆွဲရေးလမ်းကြောင်းကို ဇောင်းပေးပြောဆိုလာကြပြန်သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဖွဲ့စည်းထားသည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ(UNFC)နှင့် ညီညွှတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ (UNA)က ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို ယခုနှစ်မကုန်မီ အပြီးရေးဆွဲရမည်ဟု ပြောကြားလာသည်။

“ဖွဲ့စည်းပုံကိုပြင်တာ အရမ်းခက်ခဲမယ်။ ပြဿနာတွေလည်းရှိနိုင်တယ်။ ဒါကြောင့်အသစ်ရေးဆွဲဖို့ အားလုံးသဘောတူကြတယ်”ဟု UNA အဖွဲ့ဝင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင်ကပြောသည်။

မြန်မာနိုင်ငံတွင် နှစ်ပေါင်း (၆၀)အတွင်း ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ သုံးခုရေးဆွဲပြီးဖြစ်သည်။ လွတ်လပ်ရေးမရခင် ၁၉၄၇၊ ၁၉၇၄ နှင့် ၂၀၀၈ တို့တွင်ဖြစ်သည်။ လွတ်လပ်ရေးမရမီ ၁၉၄၇ ခုနှစ်က ရေးဆွဲခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေသည် ရက်ပေါင်းတစ်ရာပင်မပြည့်ဘဲရေးဆွဲနိုင်ခဲ့ပြီး ၁၉၄၇ ခုနှစ်က ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကိုမူ တစ်နှစ်နှင့်လေးလဖြင့် အပြီးရေးဆွဲခဲ့သည်။ ထိုဥပဒေကြမ်းအား ပြည်သူလူထုသို့ နှစ်ကြိမ်ချပြခဲ့သည်။

“ပြင်လို့မရအောင်ပိတ်ထားတယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ မဲပေးပိုင်ခွင့်ရှိတဲ့ အားလုံးရဲ့ထက်ဝက်က ထောက်ခံဖို့ဆိုတာ လက်တွေ့မှာမဖြစ်နိုင်ဘူး”ဟု မြန်မာနိုင်ငံရှေ့နေများကွန်ရက်မှ ပြောရေးဆိုခွင့်ရှိသူ ရှေ့နေကြီးဦးကိုနီကဆိုသည်။

အခြေခံဥပဒေတွင် ပုဒ်မပေါင်း ၄၃၆ ရှိသည့်အနက် ပုဒ်မ ၉၅ ခုကို ပြင်ဆင်လိုပါက လွှတ်တော်ကိုယ်စားလှယ်များသာမကဘဲ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ ပြည်သူလူထုထောက်ခံချက်ပါမှ ပြင်ဆင်နိုင်မည်ဖြစ်သည်။

ထို့ကြောင့် ကျန်ရှိသော ၂ နှစ်ကျော်ကာလအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ရေးထက် အသစ်ပြန်လည်ရေးဆွဲခြင်းကသာ ပိုဖြစ်နိုင်ခြေရှိသည်ဟု ရှေ့နေဦးကိုနီက မှတ်ချက်ပြုသည်။

သို့သော်တပ်မတော်မှ ဦးဆောင်ရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးထက် အသစ်ပြန်လည်ရေးဆွဲရာတွင် ပြဿနာများရှိနိုင်ကြောင်း ထောက်ပြသူများရှိသည်။

လက်ရှိပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက “ဖွဲ့စည်းပုံအခြေခံဥပဒေက မကောင်းပါဘူး။ ဒါပေမဲ့ အသစ်များပြန်လည်ရေးဆွဲရင် ဘာတွေများဖြစ်သွားမလဲ။ ဒါစဉ်းစားဖို့လိုတယ်”ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ သြဂုတ် ၅ ရက်တွင် ၎င်း၏သဘောထားကို ပြောကြားခဲ့သည်။

လက်ရှိကျင့်သုံးနေသော ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ပြန်လည်ရေးဆွဲခြင်းသည် လူကြိုက်များသော်လည်း သတိထားရမည့်ကိစ္စဖြစ်ကြောင်း၊ ယနေ့ရောက်ရှိနေသောနေရာမှ ရှေ့ဆက်သွားရမည့်ခရီးသည် အလွန်အရေးကြီးကြောင်း သူရဦးရွှေမန်းက ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲရေးနှင့် ပတ်သက်၍ ၎င်း၏သဘောထားကိုပြောသည်။

“ကျွန်တော်တို့သဘောကတော့ ၂၀၀၈ အခြေခံဥပဒေဟာ အားလုံးသဘောတူညီနိုင်တဲ့၊ အားလုံးလက်ခံနိုင်တဲ့ ဖက်ဒရယ်ဖြစ်ဖို့အတွက် ပလက်ဖောင်းတစ်ခုတော့ဖြစ်နေပြီ။ ဒါတော့လက်ခံရမယ်ထင်တယ်။ အဲဒီပလက်ဖောင်းပေါ်မှာ ဆွေးနွေးကြရင်ရော မဖြစ်နိုင်ဘူးလား။ ဒါတွေကို လူမျိုးစုခေါင်းဆောင်တွေ ပွင့်ပွင့်လင်းလင်းဆွေးနွေးကြရင် အဖြေတစ်ခုမရှိနိုင်ဘူးလား”ဟု အမျိုးသားလွှတ်တော်နိုင်ငံရေး စီးပွားရေးနှင့် ဥပဒေရေးရာကော်မရှင်အဖွဲ့ဝင် စာရေးဆရာကျော်ဝင်းက အင်တာဗျူးတစ်ခုတွင် ပြောကြားထားသည်။

“အားလုံးပါတဲ့ နိုင်ငံရေးဆွေးနွေးပွဲဆောင်ရွက်မယ်လို့ အစိုးရကပြောထားတာရှိတယ်။ ဒီလိုအချိန်မျိုးမှာ ကျွန်တော်တို့နိုင်ငံအနေနဲ့ ဥပဒေကိုပြင်တာက ပိုကောင်းပါတယ်”ဟု နိုင်ငံတော်သမ္မတ၏ လူမှုစီးပွားအကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေကပြောသည်။

အခြေခံဥပဒေတစ်ခုလုံးကိုဖျက်ရန် အသစ်ပြန်လည်ရေးဆွဲခြင်းသည် ဘေးထွက်ဆိုးကျိုးများနိုင်ပြီး အဆင်မသင့်ပါက လက်ရှိအနေအထားတစ်ခုလုံး ကတိမ်းကပါးဖြစ်သွားမည်ကို စိုးရိမ်မိသည်ဟုလည်း ဦးကျော်ဝင်းက ၎င်း၏ယူဆချက်ကို ပြောကြားထားသည်။

အထူးသဖြင့် မြန်မာ့နိုင်ငံရေးအခန်းကဏ္ဍတွင် အရေးပါသော အခန်းကဏ္ဍကရှိခဲ့သည့် တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်ခုအား ပြန်လည်ရေးဆွဲမည့် အစီအစဉ်ကို လက်ခံနိုင်ဖွယ်မရှိနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူအချို့က သုံးသပ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးသည်ပင် လက်ရှိလွှတ်တော်အမတ်များထဲတွင် ၂၅ ရာခိုင်နှုန်းရှိနေသော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အနည်းဆုံးတစ်ဦး ထောက်ခံဖို့လိုပေလိမ့်သည်။

ပြင်ဆင်ရေးအတွက် လွှတ်တော်အတွင်း၊ အပြင် နိုင်ငံရေးအင်အားစုများကြား အသံထွက်ပြီး အလုပ်မတွင်သေးချိန်တွင် အသစ်ပြန်ရေးဆွဲရေးလမ်းကြောင်းမှာ အဟန့်အတားတစ်ခု ဖြစ်လာနိုင်ကြောင်း သုံးသပ်သူတို့ကဆိုသည်။

ထို့ကြောင့် မတူညီသော အမြင်သဘောများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးသည် ၂၀၁၅ ခုနှစ်မတိုင်မီ ပြီးစီးနိုင်မလားဆိုသည်မှာ ပြောရန်ခက်ခဲကြောင်း လက်ရှိအာဏာရပြည်ခိုင်ဖြိုးပါတီ ထိပ်ပိုင်းခေါင်းဆောင် ဦးအောင်သောင်းက မှတ်ချက်ပေးသည်။

လက်ရှိအစိုးရနှင့် အပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံကြပေ။

အကြီးမားဆုံးအတိုက်အခံပါတီဖြစ်သော်လည်း လွှတ်တော်တွင် အင်အားနည်းပါးနေသေးသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အခြေခံဥပဒေတွင် သမ္မတ၏အရည်အချင်းနှင့် အရေးပေါ်ကာလပြဋ္ဌာန်းခြင်းဆိုင်ရာအချက်များကို ဦးစားပေးပြင်ဆင်မည်ဟုဆိုထားပြီး တိုင်းရင်းသားနိုင်ငံရေးပါတီများက ဇယား ၂ အရ အာဏာခွဲဝေမှုကို ထောက်ပြထားကြသည်။

ယခုအချိန်အထိ ဖွဲ့စည်းပုံဥပဒေလက်မခံနိုင်၍ ရွေးကောက်ပွဲဝင်ရန် မဆုံးဖြတ်နိုင်သေးသည့် ၉၀ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကမူ ဖက်ဒရယ်ပြည်ထောင်စုစစ်စစ် တည်ဆောက်ရေးမူကို ဆုပ်ကိုင်ထားသည်။

အခြေခံဥပဒေ ပြင်ဆင်ရေးလမ်းကြောင်းပေါ်တွင် တစ်ညီတည်းရှိသည့်တိုင် ဦးစားပေးပြင်ဆင်လိုသည့် အချက်များက အင်အားစု အဖွဲ့အစည်းအလိုက် ကွဲပြားနေသည်။

အသစ်ပြန်ရေးလိုသူများနှင့် ပြင်ရုံသာပြင်မည်ဆိုသူတို့ကြား ဆွေးနွေးငြင်းခုံမှုများကို ပြည်သူများကြားရဦးမည်ဖြစ်သည်။ သို့သော် အားလုံးအတွက် အချိန်က လ ၃၀ ပင် မကျန်တော့ပါ။ ။

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
7Day News Journal

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


ရဟန်းနှင့် ဘွဲ့ဒီဂရီ


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


''ပါဂျောင်မြေမှ အရိုးတွန်သံ'


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


ပင်လုံကျောက်တိုင်မှသည် ငြိမ်းချမ်းရေးကျောက်တိုင်ဆီသို့ (ကျော်သူ)



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>