ဒေါ်နော်အုန်းလှ အလုပ်ကြမ်းနှင့် ထောင်ဒါဏ် ၂ နှစ်၊
မနေ့က ဦးဝင်းချို အပေါင်း ငါး အဖမ်းခံရသည်။
တရားရုံး မဖွင့်သော ရုံးပိတ်ရက် ဖြစ်သောကြောင့် မည်သို့ အရေးပေါ် ဖမ်းဝရမ်း ထုတ်ပြီး ပဲခူး အချုပ်ထောင်သို့ ချက်ချင်း ပို့သည် မသိပါ။ ဦးဝင်းချိုသည် နိုင်ငံတော် အာဏာကို အသုံးပြုပြီး ပြည်သူလူထု ပိုင်ငွေကို အလွဲသုံးစားလုပ် ကြီးပွားချမ်းသာ ခဲ့သူ တဦး မဟုတ်တာတော့ သေချာသည်။
ယနေ့ ည ဆိုလျှင် ပဲခူး အကျဉ်းထောင်ချုပ် အတွင်း ဦးဝင်းချိုနှင့် လယ်သမား များ အရေး တက်ကြွ လှုပ်ရှားသူများ အဖမ်းခံ ထားရသည်မှာ နှစ်ည ရှိတော့မည်ဖြစ်သည်။
သတင်း ဌာန တချို့ က ကျနော့်ထံ အင်တာဗျူးသည်။
ယနေ့ဖြစ်ပေါ်နေသော အခြေအနေများ အရ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ အတိုက်အခံ ဖြစ်နိုင်ဖွယ် တက်ကြွလှုပ်ရှားသူ များ ဦးဆောင်သူများကို ဖမ်းဆီးထိန်းသိမ်းပြီး အနည်းဆုံး ထောင်နှစ် နှစ် ချခြင်းဖြင့် ၂၀၁၅ အတွက် ကြိုကာ ကြိုရှင်း လမ်းခင်းနေခြင်းမျိုးဖြစ်နိုင်ပါသလား ဟု မေးပါသည်။
ဖြစ်နေသော အခြေအနေများ အရ ၊ သူတို့ ခန့်မှန်းသလို ဖြစ်နေသည်ကို တွေ့ရပါသည်။ တိုက်ဆိုင်သည်လည်း ဖြစ်ချင်ဖြစ်မည်။ တမင်တကာ ယခုလို လူမှု နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ၊ အစိုးရ လုပ်သမျှကို ခေါင်းညိတ် ထောက်ခံခြင်း မပြုပဲ ဆန့်ကျင် ကန့်ကွက်လေ့ရှိသူများ၊ တောင်သူလယ်သမား လူတန်းစား အတွက် မိမိ ပင်ကိုယ် အသိစိတ်ဖြင့် ကူညီဆောင်ရွက်ပေးနေသော သူများကို တစတစ ဖမ်းဆီး ထိန်းသိမ်းလာသည်ကို တွေ့ရသည်။
လွန်ခဲ့သော ဆယ်ရက်ခန့်ကလည်း ကျနော့်ထံ ရန်ကုန်မြို့တွင်း မြို့နယ် ရဲစခန်း မှူး တဦးက ဖုန်းဆက်ခေါ်ပါသည်။ လွန်ခဲ့သော ခြောက်လ ခန့်က အိုအိုင်စီ (OIC) ကန့်ကွက် သော လှုပ်ရှားမှု တခု ရွှေတိဂုံ ဘုရား ကြေးသွန်းဘုရားအနီးတွင် ပြုလုပ်ခဲ့စဉ်က ကျနော် သွားရောက် အားပေးခဲ့သည်။ ထိုဖြစ်စဉ် အတွက် ကျနော့်ကို ရုံးတင်တရားစွဲဆိုရန် ရဲစခန်းသို့ ကြွပါ ဟု ခေါ်သည်။ ကျနော် ပြန်ဖြေရှင်းသည်။ ခရီးသွား ဟန်လွဲ လမ်းကြုံလို့ ၀င်ပြီး အားပေးစကားပြောခြင်းကိုလည်း ပုဒ်မ ၁၈ ဆိုတာဖြင့် တရားစွဲမည်ဆိုပါက လုပ်ချင်ရာ လုပ်ကြပါ။ ကျနော် ရဲစခန်းကို မလာနိုင်ဟု ပြန်ကြားလိုက်သည်။
ယခုလို ဥပဒေကို ထင်သလို အသုံးချ လူထုကို ဖိနှိပ်ဖို့ ခြိမ်းခြောက်ဖို့ ဖိစီးမှုတွေဖြစ်နေစေဖို့ လုပ်ဆောင်နေသမျှ ကာလပတ်လုံး ယနေ့ ဥပဒေကို လက်ကိုင်ဒုတ်လုပ်ပြီး အုပ်ချုပ်နေသော အစိုးရကို တော်လှန် ဆန့်ကျင်နေသူ ဆိုသည် ရှိနေအုန်းမည်ဖြစ်ကြောင်း အဆက်အဆက် ပေါ်ထွက်လာသော လူငယ် ခေါင်းဆောင် များ ၏ ရဲရဲတောက် မကြောက်သော လှုပ်ရှားတောင်းဆိုပွဲများက သက်သေဖြစ်ပါသည်။
ဥပဒေကို လိုသလို သုံးကာ ပုဒ်မ အမျိုးမျိုးဖြင့် ဖမ်းဆီးခံထားရသော ခေါင်းဆောင်များ ငရဲ သားတို့ လက်တွင်း မှ အမြန်ဆုံး လွတ်ကင်းပါစေ။
တဗိုလ်ကျ တဗိုလ်တက် စနစ်ဖြင့် လူထု အတွက် မပြီးဆုံးသေးသော တရားမျှတခွင့် တိုက်ပွဲကို ဆက်နွဲကြပါဟု ပဲခူးမြို့က တောင်သူလယ်သမား လူငယ်ခေါင်းဆောင်များကို ကျနော် မှ အားပေးစကားပြောလိုက်သည်။
အထူးသဖြင့် လယ်ယာမြေနှင့် ပတ်သက်သော မတရားသိမ်းဆည်းခံထားရခြင်းများ၊ အာဏာပိုင်သူ နှင့် ဥပဒေ အထက်က လူများ မတရား သိမ်းယူထားသည့် လယ်မြေများ နှင့် ပတ်သက်ပြီး ယနေ့ အစိုးရမှ ပွင့်လင်းမှန်ကန်စွာ ဖြေရှင်း ပေးလာသည် အထိ လူထု လှုပ်ရှားမှုများကို အရှိန် ဆက်မြင့်ကြပါဟု တိုက်တွန်းလိုက်ပါသည်။
တိုင်းပြည် ဒေသ မြို့ရွာများ ငြိမ်းချမ်း ဆိတ်ငြိမ်ခြင်းကို အုပ်ချုပ်သူတို့က လိုလားသည်ဟု ဆိုသည်။
သို့ဆိုလျှင် မတရားမှုများကို ရေ ငုံ နှုတ်ပိတ် မနေပါနှင့် ။ ယုံနှာစေး မနေပါနှင့်။
ပြည်သူ အကြား ခံစားနေရသော ကြိမ်မီးအုံးတမျှ နှစ်ရှည်လများ ခံစားခဲ့ရသော မတရားမှုများ နစ်နာနေမှုများ ခံစားချက်များကို ဖြေလျော့ ပြေလည် ကျေနပ်သည် အထိ ဖြေရှင်း မပေးနိုင်မချင်း ထိုမြို့ ထိုရွာ ထိုဒေသ ထို လူများနေထိုင်ရာ သည် ငြိမ်းချမ်းသော ဒေသ ဖြစ်လာမည် မဟုတ်။
သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရ အဖွဲ့များကို အလေးအနက် ပန်ကြားလိုပါသည်။
တရားမျှတမှု တရားသော ဥပဒေ စိုးမိုးမှု ကို အမှန် တကယ် တည်ဆောက်ခိုင်မြဲအောင် လုပ်နိုင်သည် ဆိုလျှင် မည်သည့် လူထု လှုပ်ရှားမှုမှ ပေါ်ပေါက်လာစရာ မရှိပါ။
ထို့ကြောင့် တရားမျှတမှု ၊ တရားသော ဥပဒေ စိုးမိုးမှု အတွက် ကျောသား ရင်သား မခွဲခြားပဲ ပြတ်သားစွာ ဆောင်ရွက် ဖေါ်ထုတ် ပြဌာန်း လမ်းခင်းပြီး လူထု ၏ ကြည်ညို ချစ်ခင်မှုကို တည်ဆောက်ပါဟု လေးနက်စွာ ပန်ကြားတောင်းဆိုလိုက်ပါသည်။
နေမျိုးဇင်