Quantcast
Viewing all articles
Browse latest Browse all 32865

မြင်းခွာပြေးလမ်းပေါ်က သံမဏိမီးတောက်ပန်းကလေးများ-ကျော်ကိုကို

လွန်ခဲ့တဲ့ခြောက်နှစ်တာကာလက ဗကသများအဖွဲ့ချုပ်ကို ကျွန်တော်တို့ပြန်လည်ဖွဲ့စည်းခဲ့တာဆိုတော့ ယခု ၂၈.၈.၂၀၁၃နေ့မှာဆိုရင် ကျွန်တော်တို့အဖွဲ့လှုပ်ရှားတာ ခြောက်နှစ်တင်းတင်းပြည့်တာ ဖြစ်ပါ တယ်။ပြီးခဲ့တဲ့ခြောက်နှစ်ကအခြေအနေတွေ၊ ယနေ့အခြေအနေတွေ ဘယ်လိုကွာခြားသလဲ…?စတင်လှုပ်ရှား ခဲ့သူ ကျောင်းသားတွေနဲ့ အခုနှစ်ပိုင်းမှ ပါဝင်ခဲ့တဲ့ကျောင်းသားတွေ ဘာတွေကွဲလွဲသလဲ…?အရင်ကလုပ်ခဲ့တဲ့ အလုပ်တွေနဲ့ အခုလုပ်နေတဲ့အလုပ်တွေ ဘယ်နည်းဘယ်ပုံ မတူညီကြသလဲဆိုတာတွေကို ကျွန်တော်တို့ စီစစ် လေ့လာကြည့်ဖို လိုအပ်ပါတယ်။ဒီဆောင်းပါးဟာ ကျွန်တော်တို့ရဲ့ ကျောင်းသားရဲဘော်တွေကို အဓိကထား ရည်ညွှန်းထားပေမယ့် ကိုယ့်ကိုကိုယ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်လို့ ခံယူထားသူ မည်သည့်အစုအဖွဲ့ဝင် ကျောင်းသားမဆို အာရုံစိုက်ပြီးလေ့လာပေးစေချင်ပါတယ်။သဘောထားမတူညီတာ၊ မတိုက်ဆိုင်တာ (သို့) နှစ်သက်သဘောတူတာရှိမယ်ဆိုရင် လူကိုယ်တိုင်ဖြစ်စေ၊ onlineပေါ်ကဖြစ်စေ ဝေဖန်ဆွေးနွေးအကြံပေးလို့ ရပါတယ်။

တိမ်ဖုံးသောည၊လေကြမ်းသောနေ့


လက်ရှိနိုင်ငံရေးအခင်းအကျင်းကို လေ့လာသုံးသပ်ပြီး အရွေ့ဘယ်လောက်ရှိနေပြီလဲဆိုတာ ဘီဘီစီက ပြည်တွင်းနိုင်ငံရေးလှုပ်ရှားတက်ကြွသူအချို့ကို သုံးလတစ်ကြိမ် မေးမြန်းလေ့ရှိပါတယ်။ကျောင်းသားသမဂ္ဂတွေ ကို ကိုယ်စားပြုပြီး ကျွန်တော်ဖြေလေ့ရှိပါတယ်။၂၀၁၂-၁၃ကာလ နိုင်ငံရေးမိုးလေ၀သဟာ အရင်ခြောက်နှစ် အခြေအနေနဲ့ မတူတော့တာအမှန်ပါ။ဒါပေမယ့် ကောင်းသင့်တာတွေ ကောင်းမလာသေးဘူး ပြောင်းသင့်တာ တွေ ပြောင်းမသွားသေးဘူးလို့ ပြောရပါလိမ့်မယ်။အရင်ခြောက်နှစ်လောက်တုန်းက ဗကသအဖွဲ့လှုပ်ရှားရတာ အင်မတန်လျှို့ဝှက်နိုင်မှ စိတ်ချရတဲ့အနေအထားပါ။အခုတော့ စိတ်မချရသေးတဲ့ကြားက ထင်းထင်းကြီးသွားနေ ရတာပါ။ကျွန်တော်ကတော့ ဒီအကူးအပြောင်းကို တိမ်ဖုံးသောညမှ လေကြမ်းသောနေ့သို့ ကူးပြောင်းသွားတယ် လို့ပဲ မှတ်ယူထားပါတယ်။

အရင်က အထိမ်းအမှတ်ပွဲတွေလုပ်ရဖို့ တော်တော်ခက်တဲ့အနေအထားပါ။ပြီးတော့အလုပ်ရုံဆွေးနွေးပွဲ၊ ဟောပြောပွဲ၊ အမြင်ချင်းဖလှယ်ပွဲ၊ ညီလာခံဆိုတဲ့ စုဝေးမှုမှန်သမျှ လုပ်ခွင့်ရဖို့မဖြစ်နိုင်ခဲ့ပါ။ရွှေဂုံတိုင်အုတ်လမ်း (ဒီချုပ်ရုံး)နဲ့ အမေရိကန်စင်တာကလွဲပြီး အခမ်းအနားတွေလက်ခံကျင်းပပေးမယ့် ပုဂ္ဂလိကခန်းမပိုင်ရှင်တွေ လည်း မရှိခဲ့ကြပါ။အခုအချိန်မှာ ပွဲတွေတော်တော်များလာတာတွေ့ရသလို ကျင်းပစရာခန်းမတွေ၊ဟော်တယ် တွေ၊ စားသောက်ဆိုင်တွေ၊ ဘုန်းကြီးကျောင်းတွေကလည်း လက်ခံပြုလုပ်လာကြတာကို တွေ့ရပါတယ်။ အခမ်းအနားတွေက တဖြည်းဖြည်းနိုင်ငံရေးဆန်လာလေလေ တင်းကျပ်မှုတွေကလည်း တစ်စတစ်စပြန်တိုးလာ လေလေ ဖြစ်တတ်ပါတယ်။နှစ်ရက်ကြိုအသိပေးရတာ၊ တစ်ပတ်ကြိုအကြောင်းကြားရတာစတဲ့ မလိုအပ်သော ထိန်းချုပ်မှုအချို့ ပြန်လည်ပြုလုပ်လာပါတယ်။နောက်တစ်ချက်အရေးကြီးတာက ရရှိထားတဲ့ပွဲကျင်းပခွင့် ဆုံးရှုံး သွားမှာကို စိုးရိမ်တဲ့အတွက် အနှစ်သာရမပါတဲ့ပွဲတွေသာ ကျင်းပကြမှာ စိတ်ပူရတဲ့ အချက်ပါပဲ။လက်ရှိနိုင်ငံရေး မှာ ပွဲပြီးမီးသေ ကိစ္စတွေ၊ ပွဲပန်းပြီး နိုင်ငံရေးလက်ကုန်သွားတာတွေ ဖြစ်လာမှာ ကျွန်တော်တို့တော်တော် သတိ ထားရပါလိမ့်မယ်။

အရင်က သမဂ္ဂဖွဲ့ထားတဲ့ပုံစံဟာ လျှို့လျှို့ဝှက်ဝှက်မို့ နေရာတိုင်းအလံလွှင့်ပြီးသွားနိုင်တာ မဟုတ်ပါ ဘူး။ခုတော့ နေရာတိုင်းမှာ အလံလွှင့်နေတာကိုတွေ့ရပါတယ်။တစ်ဖက်ကကြည့်ရင် အောင်မြင်နေသလို မြင်ရ ပေမယ့် တစ်ဖက်ကပြန်ကြည့်ရင် ပေါ့ပေါ့တန်တန်ဖြစ်သွားမှာကို သတိချပ်ရပါမယ်။အခြေအနေအားလုံး ခြုံကြည့်ရင် တကယ်လုပ်ရမယ့်တာဝန်တွေထက် ပွဲလမ်းသဘင်တွေချည်းတက်ရတာကြောင့် ကျောင်းသား သမဂ္ဂများစုစည်းရေး၊ ကျောင်းသားထုစွမ်းရည်မြှင့်တင်ရေး၊ ကျောင်းသားထုအခွင့်အရေးကာကွယ်ရေးတွေ လုပ်လို့မပြီးတာကို တွေ့ရပါတယ်။ဒီနေ့ခေတ် ဗမာပြည်နိုင်ငံရေးမှာ ပြည်တွင်းရှိနေသူတွေ ကျင်းပတဲ့ပွဲ ကုန်သွားရင် ပြည်ပကပြန်လာသူတွေ စီစဉ်တဲ့ပွဲတွေလုပ်လာကြပါလိမ့်မယ်။ကျောင်းသားသမဂ္ဂရဲဘော်တွေအဖို့ သူများကြွတိုင်းလိုက်မကြွဖ၊ို့ ကိုယ့်အားကိုယ်စုပြီး အသင့်နေရာယူထားဖို့၊ အရေးအကြီးတကာ့အကြီးဆုံး “လေ့လာရေး” ကို ဇောက်ချလုပ်ကြဖို့သာ တိုက်တွန်းလိုက်ပါတယ်။

စာဖတ်ဝိုင်းသည်အသက်သွေးကြော၊သမဂ္ဂ္ဂစာစဉ်သည်တကယ့်ခွန်အား


ဗကသများအဖွဲ့ချုပ်ကို စတင်စုစည်းလှုပ်ရှားခဲ့တဲ့ ကျောင်းသားတွေဟာ အခုအခါ မီဒီယာအသီးသီးရဲ့ ပြောရေးဆိုခွင့်ရှိသူများ ဖြစ်နေကြပါပြီ။အကျဉ်းထောင်တွင်းမှာ နေထိုင်ခဲ့ဖူးသူတွေ ဖြစ်တာကတစ်ကြောင်း၊ သမဂ္ဂရဲ့ ထိပ်ပိုင်းတာဝန်တွေကို ယူထားသူတွေဖြစ်တာကတစ်ကြောင်း မီဒီယာတွေရဲ့ အာရုံစိုက်မေးမြန်းမှုကို ရရှိထားပါတယ်။လက်ရှိသမဂ္ဂတာဝန်အသီးသီးယူထားကြတဲ့ ရဲဘော်ရဲမေအသစ်တွေကလည်းရှေ့ကလူတွေကို အားကျပြီး မီဒီယာမှာ ထင်ပေါ်ရေးကိုလုပ်လာကြတဲ့ ဥပမာအချို့ကို တွေ့ကြရပါတယ်။ကျွန်တော်တို့ ဗကသများအဖွဲ့ချုပ်မှာ စီနီယာ ဂျူနီယာ ခွဲခြားဆက်ဆံရေး အတွေးအခေါ်မရှိပါ။ဒါကြောင့် သက်ဆိုင်ရာ ခရိုင် ရဲဘော်၊ တကသရဲဘောတွေကလည်း သူတို့နဲ့သက်ဆိုင်တဲ့ အကြောင်းအရာတွေကို မီဒီယာမှာ လွတ်လပ်စွာ ပြောဆိုရေးသားတင်ပြခွင့် ရှိကြပါတယ်။ဒီနေရာမှာ အရေးကြီးတဲ့ အချက်(၂)ခုကို သတိပေးချင်တာပါ။ ဒါတွေကတော့-

(၁) မိမိပြောဆိုရေးသားတင်ပြမှုသည် ဗကသများအဖွဲ့ချုပ်မှ လက်ခံထားသော မူဝါဒ၊လုပ်ငန်းစဉ်၊ ဖွဲ့စည်း

အုပ်ချုပ်ပုံ စည်းမျဉ်းနှင့် ပေါ်လစီများကို ဆန့်ကျင်သည့်သဘော မဖြစ်စေရ။

(၂) မိမိပုဂ္ဂိုလ်ရေးထင်ပေါ်မှု သက်သက်အတွက် အဖွဲ့အစည်းကို အကျိုးမရှိသော အကြောင်းအရာများ

မဖြစ်စေရ။

အထက်ပါစည်းမျဉ်းနှစ်ချက်ကို ကျွန်တော်ကစပြီး ဒီနေ့မှ သမဂ္ဂထဲဝင်လာတဲ့ ရဲဘော်အဆုံး လိုက်နာ ကြရမှာ ဖြစ်ပါတယ်။မူနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ခြွင်းချက်ထားလို့မရပါဘူး။မူအကြောင်း ကောင်းကောင်း မသိသေးတဲ့ ရဲဘော်တွေအများကြီး ရှိသေးတဲ့အတွက် သူတို့ကို ရှင်းလင်းတင်ပြဖို့တာဝန်က လက်ရှိ ဗဟိုလုပ်ငန်းကော်မတီမှာ ရှိပါတယ်။ဒါမဖြစ်မနေ လုပ်ကြရမယ့် အလုပ်ပါ။

ကျောင်းသားသမဂ္ဂမှာ ပါဝင်လှုပ်ရှားပြီဆိုရင် ဘာတွေလုပ်တယ်၊ ဘာတွေသိထားတယ်၊ ဘာအကျိုး ကျေးဇူးတွေ ရှိတယ်ဆိုတာ ကျောင်းသားတိုင်းကို ဖြန့်ဝေပေးရပါမယ်။ကိုယ်တိုင်ကဘာမှမသိ၊ သိတဲ့သူတွေ ကိုလည်း မမေမြန်း၊ တာဝန်ရှိသူတွေကလည်း မပြောပြဆိုရင် အဖွဲ့ထဲဝင်တာက အိမ်ကအပြင်ထွက်ဖို့ အကြောင်းပြချက်ရှာရုံ သက်သက်ပဲ ဖြစ်နေမှာပါ။လူမှုရေးလုပ်ငန်းတွေလုပ်ဖို့ ပရဟိတအဖွဲ့အစည်းတွေ အများ ကြီး ရှိပြီးသားဖြစ်ပါတယ်။ဗကသဖွဲ့တာဟာ လူမှုရေးသက်သက်လုပ်ဖို့ မဟုတ်ဘူးဆိုတာ ကျွန်တော်ရေးသား ခဲ့ပြီးပါပြီ။ဒါကြောင့် ကျောင်းသားသမဂ္ဂ၀င်ထားသူတိုင်း သိထားသင့်တဲ့ အချက်အလက်များကို လေ့လာဖတ်ရှု ဆွေးနွေးဖို့ရာ စာဖတ်ဝိုင်းများ အပတ်စဉ်ကျင်းပပေးရပါလိမ့်မယ်။ကျောင်းသားသစ်တွေချည်းပဲ မဟုတ်ဘဲ ခေါင်းဆောင်ပေးမယ့် ရဲဘော်တွေက ကြီးကြပ်ဆွေးနွေးရပါမယ်။ကျွန်တော်တို့ဟာ ၂၀၀၇ခုနှစ်တုန်းက စာဖတ်ဝိုင်းတစ်ခုကနေမွေးထုတ်ပေးလိုက်တဲ့သမဂ္ဂကျောင်းသားတွေ ဖြစ်တယ်ဆိုတာ မေ့ဖျောက်လို့ မရပါဘူး။ အဲဒီအချိန်တုန်းကလည်း ၁၉၉၆-၉၈ကျောင်းသားလှုပ်ရှားမှုမှာ ပါဝင်ခဲ့ဖူးသူ ကိုသွင်လင်းအောင်၊ကိုဇော်လူစိမ်း တို့က စာဖတ်ဝိုင်းကို ကြီးကြပ်ပေးခဲ့ဖူးပါတယ်။

“စာဖတ်ခြင်းဟာ ပြည့်စုံစေတယ်၊ စာရေးခြင်းဟာ တိကျစေတယ်”ဆိုတဲ့ အဆိုအမိန့်တစ်ခုကို ကြားဖူး ပါတယ်။စာဖတ်ရုံနဲ့တင် မလုံလောက်သေးပါဘူး။ကိုယ့်ရဲ့ အတွေ့အကြုံ၊ အတွေးအခေါ်၊ အယူအဆတွေကို ကျောင်းသားထုနဲ့ ပြည်သူတွေသိအောင် စာနဲ့ရေးသားတင်ပြတာ ပိုပြီးထိရောက်ပါတယ်။ဗကသကို စတင် မျိုးစေ့ချပေးခဲ့တယ် ၁၉၃၆ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေဟာ အိုးဝေ၊ မျိုးညွန့်စတဲ့ သမဂ္ဂမဂ္ဂဇင်းတွေ၊ စာစောင်တွေ ရေးသားပြီး ကျောင်းသားတွေကို အမျိုးသားနိုင်ငံရေး အသိအမြင် ပွင့်လင်းစေခဲ့တယ်။ကျွန်တော် တို့အတွက် ဒီနေ့ခေတ်မှာ သမဂ္ဂတာဝန်တွေကို ဘယ်လိုလုပ်ဆောင်ရမလဲဆိုတဲ့ လမ်းညွှန်မှုတွေဟာ ဒီစာအုပ် စာပေတွေထဲက ရရှိခဲ့တာပဲဖြစ်ပါတယ်။အခုခေတ်မှာ အသုံးများနေတဲ့ ဗန်းစကားတစ်ခုလို “ကိုယ့်သမိုင်းကိုယ် ရေးကြမယ်”ဆိုရင် ကျွန်တော့်ရဲဘော်တွေကို တိုက်တွန်းချင်တာက သမဂ္ဂလှုပ်ရှားမှုတွေကိုရေးပါ။ကိုယ့်သမိုင်း ကိုယ် ရေးပြီးသားဖြစ်သွားပါလိမ့်မယ်။


အပြန်အလှန် ဆက်ဆံရေးနှင့် တစ်စည်းတစ်လုံးတည်းဖြစ်ရေး


စက်တင်ဘာရွှေဝါရောင် တော်လှန်ရေးကာလက ရှိခဲ့တဲ့ ကျောင်းသားညီညွတ်ရေးမျိုး ဒီကနေ့ ပြန်မရသေးတာ တွေ့ရတော့ စိတ်မကောင်းပါ။အဲဒီအချိန်က ဘုံရန်သူဖြစ်တဲ့ စစ်အာဏာရှင်စနစ်ကို ကျွန်တော် တို့ ကျောချင်းကပ်ပြီး တိုက်ခဲ့ကြပါတယ်။ကိုယ့်ဘေးကလည်း မျက်ရည်ယိုဗုံးပေါက်ကွဲခဲ့သလို သူ့ဘေးကလည်း ကျည်ဆန်ပွတ်သွားခဲ့တဲ့အချိန်ဖြစ်လို့ အချင်းချင်းရန်ဖြစ်ဖို့ ခေါင်းထဲမှာ ထည့်မစဉ်းစားခဲ့ကြပါ။အကျဉ်းထောင် ထဲမှာလည်း တစ်ယောက်ကျောကဒဏ်ရာ တစ်ယောက်ဆေးထည့်ပေးသလို အပြန်အလှန် ကူညီခဲ့ကြပါတယ်။ ထောင်ထဲကလွတ်မြောက်တဲ့ နေ့ရက်တွေမှာ အပြန်အလှန် ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။မင်္ဂလာဒုံလေဆိပ်က လက်ခုပ်သံတွေက ကျွန်တော်တို့ကို ခွဲခဲ့ကြတာလား…..။ကြိုဆိုဂုဏ်ပြုပွဲရဲ့ ပန်းကုံးစွပ်ခြင်းက ကျွန်တော်တို့ကို ဝေးသွားစေခဲ့တာလား…..။

ကြီးမားတဲ့ဝေးကွာမှုတွေနောက်မှာ ကွဲပြားခြားနားသွားတဲ့ ဘာသာစကားတွေပါ ထွက်ပေါ်လာတတ် ပါတယ်။အခုတော့ သမဂ္ဂဆိုတဲ့ ဘာသာစကားကိုတောင် ကိုယ့်အသံနဲ့ကိုယ် ပြောဆိုနေလိုက်ကြတာ။ ကျွန်တော်တို့ရဲဘော်တွေကတော့ ဗကသ ဆိုတဲ့အသံ တစ်မျိုးတည်းပြောဖို့ ကြိုးစားကြပါတယ်။အသံကွဲလွဲ သူတွေကိုလည်း ခပ်စိမ်းစိမ်းဖြစ်နေကြပါတယ်။အမှန်တော့ ဒီအခြေအနေကို အုပ်စိုးသူအာဏာပိုင်က အိပ်မက် မက်နေခဲ့တာ ကြာပါပြီ။ကျွန်တော်တို့ စိတ်အေးအေးထားပြီးစဉ်းစားကြည့်ဖို့ လိုပါတယ်။တစ်ဦးတစ်ယောက်ချင်း အကျိုးစီးပွားကို မငဲ့ကွက်ဘဲ ကျောင်းသားထုအတွက်၊ ပြည်သူလူထုအတွက်၊ ဒီမိုကရေစီခေတ်ပြောင်း တော်လှန်ရေးအတွက် လုပ်ဆောင်ကြတဲ့နေရာမှာ အဓိကတိုက်ဖျက်ရမယ့်အရာက “ဂိုဏ်းဂဏအစွဲ” ပဲ ဖြစ်ပါတယ်။

ကျောင်းသားသမဂ္ဂအချင်းချင်း အပြန်အလှန်ဆက်ဆံရေးရှိမှ ဂိုဏ်းဂဏအစွဲပြုတ်မှာပါ။အပြန်အလှန် ဆက်ဆံရေးမှာလည်း တစ်ဖက်နဲ့တစ်ဖက် လေးလေးစားစားဆက်ဆံဖို့၊ ရိုးရိုးသားသားဆက်ဆံဖို့ အရေးကြီး ပါတယ်။တစ်ဖက်ကိုတစ်ဖက် အသာစီးရဖို့၊ လက်ဦးမှုယူဖို့၊ နောက်ကွယ်ကလုပ်ကြံဖို့ ကြိုးစားတာ သဘာဝ မကျသလို တရားမျှတမှုမရှိတဲ့ လုပ်ရပ်တွေပဲ ဖြစ်ပါတယ်။ကျွန်တော့်အယူအဆအရ ကျောင်းသားထုအတွက် အနှောင်အဖွဲ့ကင်းသော ကျောင်းသားသမဂ္ဂကို ထူထောင်ကြမယ်ဆိုရင် ပုဏ္ဏားနောက်ကွယ်က ပုရောဟိတ်များကို အပြင်ဘက်ဆွဲထုတ်ပြီး ခပ်ကင်းကင်းနေဖို့ လိုပါတယ်။ကျွန်တော်တို့ ဗကသများအဖွဲ့ချုပ်မှာ ထပ်ဆင့်ကြိုးကိုင်အဖွဲ့အစည်းလည်း မရှိဘူး၊ ကွပ်ကဲထိန်းချုပ်ထားသော ပုဂ္ဂိုလ်လည်း မရှိဘူးဆိုတာ ရဲရဲကြီး အာမခံနိုင်ပါတယ်။ကျောင်းသားသမဂ္ဂကို ဟိုလူဒီလူ ကြိုးကိုင်တယ်လို့ စွပ်စွဲတာဟာ “ကျောင်းသားထုကို နွားနဲ့နှိုင်းတာဖြစ်လို့” အင်မတန် အောက်တန်းကျတဲ့ စကားရပ်ပဲ ဖြစ်ပါတယ်။

ဗကသများအဖွဲ့ချုပ်ကို ပြန်လည်စုစည်းပြီး ခြောက်နှစ်ရှိပြီဖြစ်တဲ့အချိန်မှာ တစ်ပြည်လုံးမှာရှိတဲ့ တက္ကသိုလ်တော်တော်များများ မှာကျောင်းသားသမဂ္ဂတွေပေါ်ပေါက်လာကြပါပြီ။သမဂ္ဂကျောင်းသားအများစုဟာ ရိုးသားဖြူစင်ပြီး လုပ်ငန်းအပေါ် တက်တက်ကြွကြွရှိကြပါတယ်။ကျွန်တော်တင်စားခိုင်းနှိုင်းပြီး ပြောရရင် သူတို့ဟာ “မြင်းခွာပြေးလမ်းပေါ်က သံမဏိမီးတောက်ပန်းကလေးများ” ဖြစ်ကြပါတယ်။ဘယ်ခေတ်မှာမှ မရိုင်းခဲ့တဲ့ ကျောင်းသားသမိုင်းကို ကိုယ်စားပြုနေကြသူတွေ ဖြစ်ပါတယ်။ဒေါင်းအလံကို ပန်းလိုပန်လို့ လှနေကြ သူတွေလည်း ဖြစ်ပါတယ်။ဒီတော့ ကျွန်တော့်ညီ ညီမအရွယ် အားကိုးရတဲ့ရဲဘော်တို့ရေ…ပြည်သူ့ရင်က ပေါက် ဖွားခဲ့ကြသူတွေမှန်ရင် အားလုံးဟာ သွေးသားရင်းချာတွေချည်းပါပဲ။ဘာသာမတူ လူမျိုးမတူ အယူအဆမတူ တာတွေဟာ သမဂ္ဂဆိုတဲ့ စကားလုံးအောက်မှာ ကြွေခြောက်သွားကြမယ့် အတွေးအသေတွေသာဖြစ်တယ်။ ကျွန်တော်တို့သွေးတွေနဲ့ နီရဲဝင်းပနေတဲ့ ခွပ်ဒေါင်းအလံတော်ကို ကမ္တာ့အမြင့်ဆုံးမှာလွှင့်ထူဖို့ ခင်ဗျားတို့ အားသစ်တွေကို တစ်နေရာတည်း စုစည်းထားလိုက်ကြပါစို့…….။ ။



ကျော်ကိုကို

Viewing all articles
Browse latest Browse all 32865

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>