Aung San Suu Kyi meeting Singapore President Tony Tan
Photo..today online
ပြည်ပတွင်ရောက်ရှိနေသော မြန်မာနိုင်ငံသား၊ မြန်မာလူငယ်များအား အမိနိုင်ငံသို့ ပြန်လာပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း NLD ပါတီဥက္ကဋ္ဌ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာလ ၂၂ ရက်နေ့ စင်ကာပူနိုင်ငံရှိ Resorts World Sentosa ခန်းမ၌ မြန်မာမိသားစုများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် တိုင်းတစ်ပါးတွင် သင်ယူခဲ့ရသော ကျွမ်းကျင်မှု အရည်အသွေးနှင့် အသိပညာများကို ပြန်လည်အသုံးချသင့်ကြောင်း စင်ကာပူတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ၆၀၀၀၀ အား ယင်းတွေ့ဆုံပွဲ၌ ၄င်းက ဆက်လက် ပြောကြားခဲ့သည်။ ပြည်ပရောက်မြန်မာနိုင်ငံသားများ ပြန်လာစေရေးကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကလည်း မကြာခဏဖိတ်ခေါ်ပြောကြားခဲ့ဖူးသည်။
ဒေါ်အောင်ဆန်းစုကြည်က ထပ်မံ၍ ပြည်ပရောက် မြန်မာနိုင်ငံသားများ စိတ်ဓာတ်မကျရန်နှင့် ဒီမိုကရေစီနိုင်ငံဖြစ်သည့်အခါ နိုင်ငံသားများကို ကာကွယ်ပေးနိုင်ပြီး ယင်းအတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မဖြစ်မနေပြောင်းရမည်ဖြစ်ကြောင်း ရှင်းပြပြောဆိုခဲ့သည်။ ထို့ပြင် အတိုက်အခံဒီမိုကရေစီအင်အားစုများနှင့် အာဏာရအစိုးရအကြား မူဝါဒများ ပူးပေါင်းဖော်ဆောင်နိုင်မှု မရှိသေးဘဲ အခြေခံဥပဒေပြောင်းလဲရေးတွင် နှစ်ဖက်ညှိနှိုင်း၍ ဆောင်ရွက်နိုင်မည်ဟု ၄င်းက မျှော်လင့်ကြောင်းလည်း ပြောကြားခဲ့သည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲတွင်းမှ လွတ်မြောက်နိုင်ရေးအတွက် မြန်မာနိုင်ငံသားများ၏ စိတ်နေစိတ်သဘောထားကို ပြောင်းလဲရန်မှာ အဓိကလိုအပ်ချက်ဖြစ်သည်ဟု ၎င်းက မှတ်ချက်ပြုခဲ့သည်။
“ဒေါ်စုမိန့်ခွန်းမှာ အဓိကစင်ကာပူရောက် မြန်မာတွေနဲ့ ပတ်သက်ပြီး စင်ကာပူမှာရှိတဲ့ မြန်မာတွေထဲမှာ လူကြီးနဲ့လူငယ်တွေရှိကြတယ်။ လူကြီးတွေအနေဲ့ပြန်လာဖို့ အခက်အခဲတွေရှိတယ်ဆိုရင်လဲ မြန်မာနိုင်ငံရဲ့ပုံရိပ်ကို မြှင့်တင်ပေးနိုင်ဖို့ အားထုတ်ကြဖို့နဲ့ လူငယ်တွေအနေနဲ့တော့ အပေးနဲ့အယူမှာ ဘာကိုအဓိကထား ဆုံးဖြတ်ကြမလဲဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က သူရဲ့ ကိုယ်တွေ့ဆုံးဖြတ်ချက်တွေနဲ့ ယှဉ်ပြီး ဘာကိုတန်ဖိုးထားဖို့ လိုတယ်ဆိုတာကို ပြောသွားတာပါ။ လူငယ်တွေကိုလဲ ပြန်လာဖို့အတင်းတိုက်တွန်းတာမဟုတ်သလို ကိုယ်ဘာသာ ကိုယ်ဆုံးဖြတ်နိုင်ဖို့ သဘာဝကျကျပြောသွားတယ်လို့ ကျွန်တော်နားလည်မိပါတယ်။ ဒီမိန့်ခွန်းကြောင့် ဆုံးဖြတ်ချက်ချဖို့ တွေဝေနေတဲ့ မြန်မာလူငယ်တွေ အတွက် အများကြီး အထောက်အပံ့ဖြစ်စေမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်”ဟု စင်ကာပူရောက်မြန်မာလူငယ် တစ်ဦးက ၎င်းအမြင်ကို ပြောဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာလ ၂၃ ရက်နေ့တွင် စင်ကာပူထိပ်သီးအစည်းအဝေးကို တက်ရောက် မည်ဖြစ်ပြီး စင်ကာပူသမ္မတ၊ ဝန်ကြီးချုပ်၊ ပါလီမန်ဥက္ကဋ္ဌ၊ ဝါရင့်ဝန်ကြီးဟောင်း ဂိုချောက်ထောင်တို့နှင့် တွေ့ဆုံကာ စက်တင်ဘာလ ၂၄ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
Yangon chronicle