(ဆောင်းပါးရှင် - တင်နိုင်တိုး)
ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ထွန်းဝေသည် တစ်ချိန်က မြန်မာ့ရုပ်ရှင် လောကတွင် လျှမ်းလျှမ်းတောက် ထင်ရှားကျော်ကြားခဲ့သူ ဖြစ်ပါသည်။ ရုပ်ရှင်မင်းသား ထွန်းဝေကား တစ်ချိန်က နယ်ခြားသတင်းထောက် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပါသည်။
မျိုးရိုးဇာတိ
ရုပ်ရှင်မင်းသား ထွန်းဝေကို ၂၃ အောက်တိုဘာ ၁၉၂၀ တွင် သာယာဝတီခရိုင်၊ နတ်တလင်းမြို့၌ ကုန်သည် ဦးကျင်စိန်၊ ဒေါ်ရွှေရင်တို့က ဖွားမြင်ခဲ့ပါသည်။ ငယ်စဉ်က နတ်တလင်းမြို့ ဟိုက်စကူးကျောင်းတွင် ပညာဆည်းပူးခဲ့သည်။ ဖခင်မှာ တရုတ်သွေးပါသူ ဖြစ်ပါသည်။
သတင်းစာသင်တန်း
ထွန်းဝေသည် အသက် ၁၄ နှစ်အရွယ်တွင် တရုတ်နိုင်ငံသို့ သွားရောက်ကာ ချုံကင်းမြို့ရှိ သတင်းစာ သင်တန်းကျောင်းသို့ တက်ရောက်ခဲ့သည်။ ယင်းသတင်းစာ သင်တန်းကျောင်းတွင် သတင်းစာခေါက်ခြင်း၊ သတင်းစာပို့ခြင်း စသည့် အောက်ခြေလုပ်ငန်းများကိုပါ လုပ်ဆောင်ခဲ့ရသည်။ သတင်းစာဆိုင်ရာ ပညာရပ် များကိုလည်း အောက်ခြေမှစ၍ စနစ်တကျ လေ့လာဆည်းပူး ခဲ့ရသည်။
နယ်ခြားသတင်းထောက်
ဦးထွန်းဝေသည် သတင်းစာပညာကို အခြေကျကျ လေ့လာခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လာခဲ့သည်။ ထို့နောက် ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၇ ခုနှစ်တွင် ရန်ကုန်မြို့၌ ထုတ်ဝေသော ဂိုက်(ဒ်)ဒေးလီး (Guide Daily) သတင်းစာ၏ တရုတ်မြန်မာ နယ်ခြားသတင်းထောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
သတင်းထောက်ချုပ်
မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့ပြီးနောက် ၁၉၄၈-၄၉ ခုနှစ်များတွင် ဦးထွန်းဝေသည် ဘ၀သစ်နေ့စဉ် သတင်းစာ (New Life Daily) ၌ သတင်းထောက်ချုပ် တာဝန် ထမ်းဆောင်ခဲ့ပါသည်။ ယင်းသတင်းစာကို ၁၉၄၉ ခုနှစ် ဧပြီလတွင် စတင်ထုတ်ဝေ ခဲ့ခြင်းဖြစ်ပြီး မူလက မန္တလေးတွင် ထုတ်ဝေနေရာမှ ရန်ကုန်မြို့သို့ ပြောင်းရွှေ့ ထုတ်ဝေခဲ့ခြင်း ဖြစ်သည်ဟု မှတ်ယူရပါသည်။ သတင်းစာ အယ်ဒီတာမှာ ဦးအောင်ကြမ်း ဖြစ်ပါသည်။
ရုပ်ရှင်လောကသို့
ဦးထွန်းဝေအား ရုပ်ရှင်လောကသို့ တွန်းပို့ပေးခဲ့သူမှာ စာရေးဆရာ သိန်းဖေမြင့် ဖြစ်သည်ဟု အဆိုရှိကြသည်။ ဦးသိန်းဖေမြင့်သည် ဦးထွန်းဝေနှင့် ခင်မင်ရင်းနှီးသူ ဖြစ်သည့်အလျောက် ဗြိတိသျှဘားမား ရုပ်ရှင်ဒါရိုက်တာ ဦးချန်ထွန်းထံသို့ စာရေးသား ဆက်သွယ်ပေးခဲ့သည်။ ဗြိတိသျှ ဘားမားက ဦးထွန်းဝေအား ဓာတ်ပုံဘက်တွင် စတင်သုံးခဲ့သည်။ ထို့နောက် အရန်သရုပ်ဆောင်အဖြစ် ရုပ်ရှင်ဇာတ်ကားများ၌ ပါဝင်စေခဲ့၏။
ရုပ်ရှင်ဓာတ်ပုံဆရာ ၁၉၅၀ ပြည့်နှစ်တွင် ရုပ်ရှင်ဓာတ်ပုံ ဆရာအဖြစ် ရုပ်ရှင်လောကသို့ စတင်ဝင်ရောက်ခဲ့သူ ဦးထွန်းဝေသည် မကြာမီ ရုပ်ရှင်ဇာတ်ရံ သရုပ်ဆောင် ဘ၀သို့ ရောက်ရှိခဲ့သည်။ ဦးထွန်းဝေ ပထမဆုံး ဇာတ်ရံအဖြစ် ပါဝင်ရသော ရုပ်ရှင်ဇာတ်ကားမှာ ဒါရိုက်တာ ရွှေဒုံးဘီအောင်၏ ''မာလာရီ'' အမည်ရှိ ရုပ်ရှင်ဇာတ်ကား ဖြစ်ပါသည်။
ထင်ရှားသော ရုပ်ရှင်ဇာတ်ကားအချို့
ဦးထွန်းဝေသည် မာလာရီ ဇာတ်ကားဖြင့် စတင်ထင်ရှား လာခဲ့ပြီးနောက် ဒါရိုက်တာ ဦးသုခ၏ ''သည်ဆောင်းဟေမာန်'' ဇာတ်ကားတွင် မြင့်မြင့်ခင်၏ အစ်ကိုအဖြစ် ပါဝင်သရုပ်ဆောင် ခဲ့ပြန်ပါသည်။ ထို့နောက် ပွဲခါညောင်ရေ၊ သားဗိုလ်အောင်ဒင်၊ ဒေါက်တာအောင်ကျော်ဦး၊ ဖြေလျော့ခွေ၊ ဖူးစာနှစ်ခိုင်စသည့် ဇာတ်ကားများတွင် ဇာတ်ရံအဖြစ် ဆက်တိုက် ဆိုသကဲ့သို့ ပါဝင်ခဲ့ရသည်။
ပထမဆုံး ဇာတ်ဆောင်မင်းသား
ဦးထွန်းဝေ ပထမဆုံး ဇာတ်ဆောင်မင်းသားအဖြစ် စတင်သရုပ်ဆောင်ခဲ့ရသည့် ဇာတ်ကားမှာ ကန်တော်မိတ် ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ရိုက်ကူးသော ဒါရိုက်တာ ဦးနေဒွန်း၏ ''ဘုနှင့်ဘောက်'' ရုပ်ရှင်ဇာတ်ကား ဖြစ်ပါသည်။ ထို့နောက် ဘီသုံးလုံးရုပ်ရှင်မှ ဒါရိုက်တာ ဦးချင်းစိန် ရိုက်ကူးသော ဗိုလ်မြဒင် တွင်လည်း ထူးချွန်ပြောင်မြောက်စွာ သရုပ်ဆောင်ခဲ့သည်။
အကယ်ဒမီ ထူးချွန်ဆု
ဦးထွန်းဝေ၏ ပီပြင်သော သရုပ်ဆောင်မှု များကြောင့်ပင် ဒုတိယမြောက် ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ခွင့် ရရှိခဲ့သော ဗိုလ်မြဒင် ဇာတ်ကားဖြင့် ၁၉၅၇ ခုနှစ် အကယ်ဒမီ ထူးချွန်ဆုကို ဆွတ်ခူးရရှိ ခဲ့ပါသည်။ ထို့နောက် ၁၉၅၉ ခုနှစ်တွင် ''ကကြီး ရေးက'' ဇာတ်ကားဖြင့် အကယ်ဒမီဆု ထပ်မံရရှိ ခဲ့ပြန်ပါသည်။ ဦးထွန်းဝေသည် အမျိုးသားဇာတ်ဆောင် ထူးချွန်ဆုနှစ်ဆု ရရှိခဲ့ပြီးနောက် ၁၉၈၃ ခုနှစ်တွင် ''တတိယအရွယ်၏ ဒုတိယဝေဒနာ'' ဇာတ်ကားဖြင့် အမျိုးသားဇာတ်ပို့ ထူးချွန်ဆုကို ထပ်မံရရှိခဲ့ ပြန်ပါသည်။
ချစ်ကြည်ရေး ကိုယ်စားလှယ်
ဦးထွန်းဝေသည် မြန်မာတရုတ် ချစ်ကြည်ရေး အသင်းတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက် ခဲ့သည့်နည်းတူ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့လည်း အကြိမ်ကြိမ် သွားရောက်ခဲ့သည်။ ၁၉၅၂ ခုနှစ် အောက်တိုဘာလတွင် ဆရာကြီး သခင်ကိုယ်တော်မှိုင်းနှင့်အတူ အာရှပစိဖိတ်ဒေသ ငြိမ်းချမ်းရေး ကွန်ဂရက်သို့ မြန်မာချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ဝင်အဖြစ် သွားရောက်ခဲ့ခြင်း ဖြစ်သည်။ ၁၉၅၆ ခုနှစ်တွင် ချစ်ကြည်ရေး မြန်မာရုပ်ရှင်အဖွဲ့ အတွင်းရေးမှူးအဖြစ် ဆရာကြီး ဦးဥာဏ၊ ရွှေဒုံးဘီအောင် တို့နှင့်အတူ သွားရောက်ခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် တရုတ်မြန်မာ နယ်ခြားစာချုပ် အောင်မြင်စွာ ချုပ်ဆိုနိုင်ခဲ့စဉ်က အထိမ်းအမှတ် အောင်ပွဲသဘင်သို့လည်း သွားရောက်ခဲ့ရသေး၏။
ထိန်းသိမ်းခံရခြင်း
၁၉၆၇ ခုနှစ်တွင် ရုပ်ရှင်သရုပ်ဆောင် ဦးထွန်းဝေ သရုပ်ဆောင်မြတ်လေးနှင့်အတူ ထိန်းသိမ်းခံခဲ့ရသည်။ တော်လှန်ရေး ကောင်စီလက်ထက် အရေးအခင်း တစ်ခုတွင် ပါဝင်ခဲ့မှုကြောင့် ဖြစ်ပါသည်။ ၁၉၆၈ ခုနှစ် နိုဝင်ဘာလတွင် ပြန်လည်လွတ်မြောက် လာခဲ့ပြီးနောက် ရုပ်ရှင်လောကသို့ ပြန်လည်ဝင်ရောက်ခဲ့သည်။ အကောင်းဆုံး ဇာတ်ရံဆုမှာ ထိန်းသိမ်းခံရပြီး နောက်ပိုင်းတွင်မှ ရရှိခဲ့ခြင်း ဖြစ်သည်။
ရုပ်ရှင်ကုမ္ပဏီ
ဦးထွန်းဝေသည် ရန်ကင်းရုပ်ရှင် အမည်ရှိ ကိုယ်ပိုင်ရုပ်ရှင် ကုမ္ပဏီကိုလည်း တည်ထောင်ကာ ရုပ်ရှင်ဇာတ်ကား အများအပြား ရိုက်ကူးထုတ်လုပ်ခဲ့သည်။ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ရည်ရွယ်လျက် ''ရွှေပြည်တော်သည်'' ဇာတ်ကား၊ တိုင်းရင်းသား ချစ်ကြည်ရေးအတွက် ရည်ရွယ်လျက် ''တောင်ပေါ်မြေမှ မြေပြန့်ပန်း''၊ ရဲဘော်များ အကြောင်း ဘ၀သရုပ်ဖော်အဖြစ် ''ရဲဘက်ထွန်းလင်း'' စသည့် ဇာတ်ကားများကို ရိုက်ကူးခဲ့သည်။ ထို့ပြင် ဆောင်း၊ မန္တလေးနန်းတွင်း အရေးတော်ပုံနှင့် အရိုင်းစံပယ် ဇာတ်ကားများတွင်လည်း ပီပြင်စွာ သရုပ်ဆောင်ခဲ့သည်။
ဆိုဗီယက် ဆရာဝန်များအရေး
ရုပ်ရှင်သရုပ်ဆောင် ဦးထွန်းဝေသည် လမ်းစဉ်ပါတီ အစိုးရလက်ထက် တစ်ကြိမ်တွင် တိုင်းပြည်အတွက် သက်စွန့်ကြိုးပမ်းကာ တာဝန်ထမ်းဆောင် ခဲ့ဖူးပါသည်။ ရှမ်းပြည်နယ်ရှိ ကာကွယ်ရေး အဖွဲ့တစ်ဖွဲ့၏ ခေါင်းဆောင်အား လမ်းစဉ်ပါတီ အစိုးရက ဖမ်းဆီးထိန်းသိမ်းခြင်းအပေါ် မကျေမနပ်ဖြစ်ကာ တောင်ကြီးမြို့ စ၀်စံထွန်းဆေးရုံမှ ဆိုဗီယက် ဆရာဝန်နှစ်ဦးကို ပြန်ပေးဆွဲခဲ့သည့်အရေး ဖြစ်ပါသည်။
တရုတ်ဘာသာ စကားပြော ယင်းအဖွဲ့က သူတို့၏ ခေါင်းဆောင်နှင့် ဆိုဗီယက် ဆရာဝန်များအား အလဲအလှယ် လုပ်စေလိုခဲ့ရာ ယင်းအရေးတွင် ဦးသိန်းဖေမြင့် မှတစ်ဆင့် နိုင်ငံတော်၏ တာဝန်ပေးချက်အရ ဦးထွန်းဝေက တြိဂံဒေသအထိ သက်စွန့်ဆံဖျား သွားရောက်ကာ အောင်မြင်စွာ ညှိနှိုင်းပေးခဲ့ရသည်။
ဒီမိုကရေစီအရေး
ဦးထွန်းဝေသည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံ ကာလတွင်လည်း ပြည်သူလူထုနှင့်အတူ တက်ကြွစွာ ပါဝင်ခဲ့သည်။ ၂၆ သြဂုတ် ၁၉၈၈ နံနက်တွင် ရွှေတိဂုံစေတီတော် အနောက်ဘက်မုခ်၌ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ် စင်မြင့်ထက်၌ ဦးထွန်းဝေ ရှိနေခဲ့သည်။ လူချစ်လူခင် များလှသော ရုပ်ရှင်သရုပ်ဆောင် မင်းသားကြီး ဦးထွန်းဝေကို ခင်မင်သူများက လေးလေးဟု ရင်းရင်းနှီးနှီး ခေါ်ဆိုကြသည်။
ဘ၀နိဂုံး
သတင်းစာလောကမှ သတင်းသမား တစ်ဦးအဖြစ် ဘ၀ကို စတင်ခဲ့သူ ရုပ်ရှင်သရုပ်ဆောင် ဦးထွန်းဝေသည် အသက် ၈၅ နှစ်အရွယ် ၁၃ သြဂုတ် ၂၀၀၅ တွင် ကွယ်လွန်သွားပါသည်။ ကွယ်လွန်ချိန်တွင် ဇနီးဒေါ်ထွေးထွေး၊ သားကိုအောင်သာထွန်း၊ ကိုစံသာထွန်း၊ ကိုကျော်စွာထွန်းနှင့် မြေးလေးဦး ကျန်ရစ်သည်။
Eleven media group