Photo..ဧရာဝတီ
အခြေခံဥပဒေ ပြင်ဆင်ရေး၊ အသစ်ရေးဆွဲရေး တို့အပေါ် ပြည်သူ့ သဘောထား ခံယူခြင်းများကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြုလုပ်လျက်ရှိရာ လာမည့် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်၌ ပြုလုပ်မည့် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ရန် ရှိသော အခြေခံ ဥပဒေ ဆိုင်ရာ ဟောပြောမှုနှင့် ပြည်သူ့ ဆန္ဒ ခံယူပွဲအတွက် ငြိမ်းချမ်းစွာ စုဝေးခွင့် တင်ပြခြင်းကို ခွင့်မပြုနိုင်ကြောင်း အကြောင်းပြချက် နှစ်ရပ်ဖြင့် မြို့နယ် ရဲတပ်ဖွဲ့မှူးက လက်မှတ်ထိုး၍ နိုဝင်ဘာလ ၁၄ ရက်နေ့က အကြောင်းပြန် လိုက်သည်။
အကြောင်းပြန်ကြားချက်၌ ငြိမ်းချမ်းစွာ စုဝေးခွင့်ပြုရန် လျှောက်ထားမှုတွင် ငြိမ်းချမ်းစွာစု ဝေးခွင့်ပြုရန် လျှောက်ထားခြင်း ပုံစံ(၁)ပါ အတိုင်း အချက်အလက်များ ပြည့်စုံစွာ မပါရှိခြင်းနှင့် ကျင်းပမည့် နေရာသည် ပျဉ်းမနား- တောင်ညိုသွား ကားလမ်းဘေး ဖြစ်ပြီး ကျင်းပမည့်ရက်သည် တနင်္လာနေ့ ရုံးဖွင့်ရက်ဖြစ်ခြင်း၊ နေပြည်တော် ကောင်စီရုံးနှင့် ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးများ၊ ဌာနဆိုင်ရာရုံးများ၊ တရားရုံးများနှင့် နီးကပ်စွာရှိခြင်း၊ ကျင်းပမည့် အချိန်သည် ရုံးသွား၊ ရုံးလာများ၊ အများပြည်သူများ သွားလာမှုများသည့် အချိန် နံနက်(၉)နာရီမှ (၁၂)နာရီအတွင်း ဖြစ်ခြင်းတို့ကြောင့် ယာဉ် မတော်တဆမှုများ ဖြစ်ပွားလာနိုင်ခြင်း၊ လုံခြုံရေး တာဝန် ထမ်းဆောင်ရမည့် ရဲတပ်ဖွဲ့ဝင်များ အနေဖြင့်လည်း အခက်အခဲရှိခြင်း စသည့်ဖြင့် အကြောင်းပြငြင်း ဆိုထားသည်။ သို့သော် ထို အကြောင်းကြားစာတွင်ပင် ငြိမ်းချမ်းစွာ စုဝေးခွင့်ပြုရန် ပုံစံ(၁)ပါ အတိုင်း အချက် အလက်များ ပြည့်စုံစွာဖြင့် ပြန်လည်တင်ပြ လျှောက်ထားရန်နှင့် အခြား သင့်တော်သည့် နေရာအား ပြောင်းရွှေ့ ၍ ဥပဒေနှင့်အညီ …တင်ပြ လျှောက်ထား လာပါက ခွင့်ပြုပေးသွားမည်ဟု ပါရှိသည်။
ယင်းကိစ္စအပေါ် ဇဗ္ဗူသီရိ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းထံ နိုဝင်ဘာလ ၁၅ ရက် နေ့လယ် (၁) နာရီကျော်က ဆက်သွယ် မေးမြန်းရာ ““ဒီကိစ္စနဲ့ ပတ်သက်ပြီး အစ်မတို့ အင်တာဗျူး မလုပ်သေး ပါဘူး။ ပြီးတော့မှ၊ အခု အာဏာပိုင်နဲ့ စကားပြောနေ တယ်””ဟု ပြန်လည် ဖြေကြား ခဲ့သည်။
ပြည်ထဲရေး ၀န်ကြီးဌာနမှ ရေးဆွဲ၍ ပြည်သူ့လွှတ်တော်မှ အတည်ပြုခဲ့သော ငြိမ်းချမ်းစွာ စုဝေးလှည့်လည်ခွင့် နည်းဥပဒေများသည် ဒီမိုကရေစီနှင့် ကိုက်ညီမှု မရှိကြောင်း ဝေဖန် ပြောကြားမှုများ ရှိနေပြီး အဆိုပါ ဥပဒေပါ ပုဒ်မ ၁၈ အရလည်း ဆန္ဒပြသူ အများအပြား တရားစွဲဆို ခံနေရခြင်း၊ လွတ်လပ်စွာ စုဝေးခွင့်၊ ဟောပြောခွင့်တို့ မရှိဘဲ ပြည်သူလူထု၏ ဆန္ဒ ထုတ်ဖော်မှုများကို မြို့နယ် ရဲတပ်ဖွဲ့မှူးက အဆုံးအဖြတ် ပြုသည်မှာ မသင့်တော်ခြင်း တို့ကို တစ်ညီတစ်ညွတ်တည်း ဝေဖန်လျက် ရှိကြရာ ယင်း ဥပဒေများသည် မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေးတွင် အမည်း စက် ဖြစ်ေ နကြောင်း နိုင်ငံရေး လေ့လာ စောင့်ကြည့်သူများက သုံးသပ် ကြသည်။
မကြာမီကပင် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက လွှတ်တော်သက်တမ်း (၃)နှစ် နီးပါးအတွင်း ပြဌာန်း အတည်ပြုခဲ့သော ဥပဒေများတွင် ချို့ယွင်းမှုများ၊ လိုအပ်ချက်များနှင့် ပြည်သူ့ဆန္ဒနှင့် မကိုက်ညီမှုများ ရှိနေကြောင်း ၀န်ခံ ပြောကြားခဲ့ပြီး ထိုဥပဒေများကို ပြန်လည် ပြင်ဆင်မည်နှင့် အသစ်ထပ်မံ ဆောင်ရွက်မည့် ဥပဒေများကို ကောင်းမွန်အောင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားမှု ရှိခဲ့သည်။
ပြည်ထောင်စု လွှတ်တော် နာယကနှင့် ဥပဒေ ပညာရှင်များ တွေ့ဆုံမှု ပြုလုပ်ချိန်တွင် ထိုသို့ ပြောကြားခြင်း ဖြစ်ပြီး ဥပဒေ ပညာရှင်များကလည်း အထက်ပါ ငြိမ်းချမ်းစွာ စုဝေး စီတန်းလှည့်လည်ခွင့် ဥပဒေ အပါအ၀င် ဥပဒေအချို့ကို ပြင်ဆင်ရန် လိုအပ်ကြောင်း တင်ပြခဲ့သည်။
နိုဝင်ဘာလ (၁၈)ရက် နေ့တွင် နေပြည်တော်၌ ပြုလုပ်မည့် ၂၀၀၈ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ပြည်သူ့သဘောထား ခံယူပွဲကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ဟောပြောမည် ဖြစ်၍ အစိုးရ၊ လွှတ်တော်နှင့် နိုင်ငံရေး အသိုင်းအ၀ိုင်းမှ စိတ်ဝင်တစား စောင့်ကြည့်လျက် ရှိသည်။
ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာလ (၁၀) ရက်နေ့က ရန်ကုန်တိုင်း ဒေသကြီး တိုင်းလုံး ကျွတ် ပြည်သူ့ဆန္ဒ ခံယူပွဲသို့ တက်ရောက်မည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီး အမှန်တကယ် တက်ရောက်ခဲ့ခြင်း မရှိသည့်အတွက် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ကျန်းမာရေးအရ သာမန် ခွဲစိတ်မှု (မိုင်နာ အော်ပရေးရှင်း) ပြုလုပ်ရန် ရှိနေ၍ ဖြစ်ကြောင်း နိုင်ငံရေး အသိုင်းအ၀ိုင်း၌ ပြောကြားမှုများ ရှိခဲ့သည်။
NLD ပါတီ၏ ဗဟို အလုပ်အမှုဆောင် ဦးဉာဏ်ဝင်းကမူ ““အရင်ကတည်းက အဲဒီ့ပွဲကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖို့ အစီအစဉ် မရှိပါဘူး။ ခွဲတာစိတ်တာ လုပ်ရဖို့ရှိ မရှိတော့ မသိဘူး””ဟု ပြောကြားသည်။
ရန်ကုန် တိုင်းလုံးကျွတ် ဆန္ဒ ခံယူပွဲသည်လည်း ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည် ဆိုသော သတင်းကြောင့် စိတ်ဝင်တစား စောင့်ကြည့်ခြင်း ခံခဲ့ရပြီး ယခု နေပြည်တော် ဆန္ဒခံယူပွဲမှသာ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းမြင့်၊ ဗဟိုကော်မတီဝင် ဦးအောင်ကြည်ညွန့်တို့ ဟောပြော ဆွေးနွေးမည် ဖြစ်ကြောင်း ခွင့်ပြုချက် တင်ရာတွင် တရားဝင် ပါရှိလာခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် နေပြည်တော်သည် နိုင်ငံရေးနယ်ပယ်၌ အရေးကြီး နေရာတစ်ခု ဖြစ်သောကြောင့် ဒေါ်အောင်ဆန်း စုကြည် ကိုယ်တိုင် ယခုကဲ့သို့ တက်ရောက်ခြင်း ဖြစ်ကြောင်း အစိုးရ အသိုင်းအ၀ိုင်း၌ပင် သုံးသပ်မှုများရှိနေစဉ် မြို့နယ် ရဲတပ်ဖွဲ့မှ ခွင့်မပြုကြောင်း အကြောင်းပြန်ကြား ခံခဲ့ရခြင်းဖြစ်သည်။
လင်းယုန်
မြန်မာသံတော်ဆင့်