ကောင်းပါတယ်…။ ခင်ဗျားတို့ရဲ့ စိတ်ဓါတ်အောက်တန်းကျမှု နဲ့ ဒေါ်အောင်ဆန်းစုကြည် အပေါ်ဖိအားပေးမှုတွေဟာ ခင်ဗျားတို့ကို ပြည်သူတွေ နဲ့ ပိုဝေးသွားစေပါတယ်…။ ဒါဟာ ခင်ဗျားတို့ကိုယ်တိုင်ဖန်တီးမှုပါပဲ…။ ဒေါ်အောင်ဆန်းစုကြည် အပေါ် ခင်ဗျားတို့ ဖိအားပေးလေလေ သူမကို ပြည်သူတွေနဲ့ နီးသထက် ပိုနီးကပ်အောင် တွန်းပို့လေလေဖြစ်စေ တာပါပဲ…။ တကယ်လို့သာ နမ့်စန်လေယာဉ်ကွင်းမှာ ဆင်းလို့ရအောင် ခင်ဗျားတို့ဖက်က လိုက်လျောခဲ့မယ်…၊ စီစဉ်ပေးခဲ့မယ်ဆိုရင် ဟဲဟိုးကနေ နမ့်စန်ကို သွားတဲ့ လမ်းခရီး တစ်လျှောက်က ပြည်သူတွေထဲက အများစုဟာ ဒေါ်အောင်စုကြည်ရဲ့ ခရီးကို သိလိုက်ကြမှာ မဟုတ်ပါဘူး…။ အခုတော့ လမ်းဘေးမှာရှိသမျှလူတွေ…၊ ကျောင်းသူကျောင်းသားတွေ..၊ အလုပ်သမားတွေ…၊ ဈေးသည်တွေဟာ ခင်ဗျားတို့ရဲ့ အောက်တန်းကျမှုကို မျက်ဝါးထင်ထင် တွေ့မြင်စေသလို ဖြစ်သွားပါတယ်…။
လမ်းတစ်လျှောက်က လူထုတွေဟာ “အမေစု… အမေစု..” ဆိုပြီး တသသနဲ့ ဖြစ် ကျန်စေခဲ့ပါတယ်…။ ညနေက ညဈေးကိုရောက်ဖြစ်ခဲ့တယ်…။ အလုပ်သမား တစ်ယောက်က အော်ကြီးဟစ်ကျယ် နဲ့ “ဟ..ဟား… ငါ အမေစု ဆိုပြီး လှမ်းခေါ်လိုက်တာ… အမေစုကြားတယ်ကွ…၊ ငါ့ဖက်ကိုလှည့်ပြီး လက်ပြခဲ့တယ်….၊ ပျော်လိုက်တာကွာ…” ဆိုပြီး သူ့သူငယ်ချင်းတွေကိုကြွားနေလေရဲ့…။ ကိုယ်စီကိုယ်စီတွေဟာ သူတို့တွေရဲ့ အမိအရ ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေကို အချင်းချင်းကြွားရင်း ဝေမျှနေကြလေရဲ့….။ “ငါရိုက်တဲ့ပုံက အမေစု ပြုံးနေတာ နဲ့ကွက်တိ…” “ငါရိုက်လိုက်တဲ့ပုံက အမေစု မျက်စိပိတ်နေတယ်ဟာ…၊ နင့်ပုံငါ့ကိုပို့ပါဦး….” ဈေးသည်အဒေါ်ကြီးတစ်ယောက်က “အေးဟယ်…၊ သူတို့တွေ $ကျင့်ယုတ်တာတဲ့…၊ နမ့်စန်လေယာဉ်ကွင်းကို ပေးမဆင်းလို့ ဟဲဟိုး ကနေ ၄ ၅ နာရီလောက် ကားစီးသွားရတာတဲ့…၊ သနားပါတယ်ဟယ်..၊ ခရီးပန်းရှာမပေါ့….” တဲ့…။ နောက်တစ်ယောက်က “အပြန်ကျရင် မီးပုံးပျံကွင်းမှာ တောင်ကြီးလူထုတွေ နဲ့ တွေ့ဆုံမိန့်ခွန်းပြောမယ့်ဟာကို ကွင်းကို တပ်က ခွင့်မပြုလို့တဲ့…၊ ယုတ်မာလိုက်တာ…” “အိုး.. ခွင့်မပြုလည်း မိန်းလမ်းမှာပြောကွာ…၊ တို့ဈေးထိပ်မှာလာပြော..၊ ဗိုလ်ချုပ်ပန်းခြံမှာ ပြော..တို့ သွားနားထောင်မယ်…၊ သူတို့ခွင့်ပြုမှ ရမှာမို့လား….”
ဆိုင်ကယ်တွေကိုယ်စီနဲ့ ကလေးတွေ..၊ ခွပ်ဒေါင်းအလံတလွှင့်လွှင့် နဲ့….။ ဟိုတစ်စု ဒီတစ်စု လူအုပ်စုတွေ အလျှိုလျှို ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးကနေ ဒေါ်အောင်ဆန်းစုကြည် ကို ကြိုဆိုပြီး ပြန်လာနေကြလေရဲ့…။ သူတို့တွေရဲ့ ပါးစပ်ဖျားမှာလည်း အမေစု… အမေစု… နဲ့… ပြောမဆုံး ပျော်မဆုံး ဖြစ်နေကြလေရဲ့….။
ကောင်းပါတယ်...၊ ဘီလူးကို ဘီလူးမှန်းတော့ သိထားကြပေမဲ့ ဆောင်းထားတဲ့ မင်းသားခေါင်း က ဟန်ပန်ကျလှတယ်လေ...။ အခုလို စောစော သိလိုက်ရတာ လူထုအတွက် ကံကောင်းပါတယ်...။
Ko Nay Myo