Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

၈၈ ပွင့်လင်းသို့ ကြည့်ခြင်း – အံ့ခေါင်မင်း

$
0
0
၈  မျိုးဆက် ကျောင်းသား ခေါင်းဆောင်ဟောင်းတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ကြားမှာ အမြင်အယူအဆ ကွဲပြား တာတွေကို အကြောင်းပြုပြီးတော့ ၈၈ ကျောင်းသား ခေါင်းဆောင်ဟောင်းတွေက ဒေါ်အောင်ဆန်းစုကြည်ကို အတိုက်အခံ လုပ်နေတယ်လို့ ပြောဖို့တော့ ခက်မယ် . . .
၂၀၁၂ ခုနှစ် သင်္ကြန်ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှေ့တွင် ၈၈ မျိုးဆက် ကျောင်းသားများ သံချပ် ရွတ်ဆိုနေကြစဉ်
လူအုပ်စုကြီးက ထူးကဲစွာ များပြားသည်ဟု ဆိုရမည်။ ပို၍ဆိုရလျှင် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဧပြီ ၁ ရက်က ဗဟန်း၊ ရေတာရှည်အရပ်၊ အုတ်လမ်းအနီး လူစုလူဝေးကြီး ဖြစ်ပေါ်ခဲ့စဉ်က မြင်ကွင်းကို ပြန်မြင်ယောင် မိစေသည်။ သို့သော် နေရာဒေသ၊ အချိန်ကာလက ကွာခြားလွန်းသည်။ ယခုက ရန်ကုန်မြို့၏ ဗဟိုချက်အဖြစ် မှတ်ယူထားကြသော မြို့လယ်ကောင်နေရာ၊ ဆူးလေဘုရားနှင့် မြို့တော်ခန်းမအနီး။ အချိန်က နှစ်နှစ်နီးပါး ကွာခြားလှသည့် ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ (၅) ရက်နေ့။
ကော်လံကတုံး လက်ရှည်အင်္ကျီအဖြူ၊ ယောပုဆိုး အနက်ရောင်နှင့်လူတစ်ဦး လူအုပ်အတွင်း အမြင့်နေရာတွင် မတ်တတ်ရပ်လိုက်သည်။ ထို့နောက် သူ့နှုတ်မှ ထွက်ပေါ်လာသော အသံများက လူအုပ်ထဲသို့ ပျံ့ကျ သွားသည်။

““ကျွန်တော်တို့ လွတ်လပ်တဲ့ ပြည်သူတွေ ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ ကျွန်မဟုတ်၊ သခင်ဖြစ်တယ် ဆိုတာ ပြသဖို့ လာတာလို့ ယုံပါတယ်””ဟု ရှိနေသော လူအုပ်ကို ရည်ညွှန်းသည့် စကားလုံးများလည်း ထိုအသံများအတွင်း ပါဝင်သွားသည်။ သူသည်က၊ လွန်ခဲ့သော တစ်နှစ်အကြာ ၂၀၁၂  ခုနှစ်၊ ဇန်န၀ါရီလ အတွင်းက ယခု စာမျက်နှာ များပေါ်မှပင် ““ကျွန်တော်က လွတ်မြောက်ရေးမှာ နိုင်သလောက် ပါခဲ့တဲ့ အနုပညာ ချစ်သူ တစ်ယောက် အနေနဲ့ပဲ ကျွန်တော့်ဘ၀ကို ကျေကျေနပ်နပ် လက်ကျန်ကို ဖြတ်သန်းချင်တယ်””ဟု ပြော ကြားခဲ့ဖူးသူ ဖြစ်သည်။ ယခုလည်း လွတ်မြောက်ရေးမှာ နိုင်သလောက် ပါခြင်းလားဟု မေးခွန်း ထုတ်ချင်သူများ ရှိကောင်း ရှိနေနိုင်သည်။ သို့သော် . . .

ဟုတ်ပါသည်။ သူက မြန်မာ့နိုင်ငံရေး၏ အိမ်ရှေ့ဥပရာဇာဟု ကင်ပွန်းတပ်ခံခဲ့ရသူ ““မင်းကိုနိုင်””။ ၈၈ အရေးတော်ပုံ မှ မွေးဖွား ပေးလိုက်သော ကျောင်းသားခေါင်းဆောင်၊ ယနေ့ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်း အင်အားစုကြီး၏ အဓိက ခေါင်းဆောင် အဖြစ် ရှိနေသည့် ကိုမင်းကိုနိုင်။
အင်အားကြီးစွာ စုစည်း နေကြသည့်သူများမှာ ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်းက  ဦးဆောင် ပြုလုပ်သည့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် စုဝေး ဆန္ဒထုတ်ဖော်ခွင့် ဥပဒေပါ ပုဒ်မ ၁၈ ကို အဓိက ဦးတည်သော မတရားဥပဒေများ ကန့်ကွက် ဆန္ဒထုတ်ဖော်ပွဲသို့ တက်ရောက် လာကြသူများဖြစ်သည်။
အမှန်ဆိုရလျှင် ထိုဆန္ဒထုတ်ဖော်ပွဲသည် အကျဉ်းထောင်များ အတွင်းမှ လွတ်မြောက် လာပြီးနောက် သုံးနှစ်ခန့် အကြာအတွင်း ၈၈ အင်အားစုများ၏ အကြီးမားဆုံး နိုင်ငံရေး နည်းလမ်းဖြင့် ပြုလုပ်သည့် တော်လှန်ရေး တစ်ရပ်အဖြစ် ဆိုရမည်။

ယခု လှုပ်ရှားမှုကြောင့်ပင် ၈၈ ကျောင်းသားခေါင်းဆောင် တစ်ဦးအဖြစ်မှ နိုင်ငံရေး ကျွမ်းကျင်သူ၊ လေ့လာ စောင့်ကြည့် အကဲဖြတ်သူ တစ်ဦးဖြစ်လာပြီး မကြာမီ ကာလပိုင်းကပင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များနှင့် ၎င်းတို့ ဦးဆောင်လျက် ရှိသည့် အင်အားစုကြီး ရပ်တည် ဆောင်ရွက်နေမှုကို ပြင်းထန်စွာ ဝေဖန် လှုပ်ခတ် စေခဲ့သည့် ဒေါက်တာ ရန်မျိုးသိမ်းက ““လက်ရှိ ၈၈ မျိုးဆက် ခေါင်းဆောင်တွေ အနေနဲ့ နိုင်ငံရေး လုပ်ဆောင်မှု အပိုင်းဟာ လွန်ခဲ့တဲ့ ရက်ပိုင်းမှာ အတန်အသင့် မြင့်မားလာတယ်လို့ ပြောလို့ ရတယ်”” ဟု ဖွင့်ဟ ပြောကြားလာသည်။
ယခု ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်း၏ လှုပ်ရှားမှုသည် ပြည်သူ့အား ဖိနှိပ်ထားသော အာဏာရှင် လက်ကျန် ဆောင်ရွက်ချက်များအပေါ် မည်မျှ ထိရောက်မှု ရှိနိုင်မည် ဆိုသည်ကို မသိသေးနိုင်သော်လည်း နိုင်ငံရေး အသိုင်းအ၀ိုင်းနှင့် မီဒီယာများ၏ နိုင်ငံရေး စာမျက်နှာများထက် ၈၈မျိုးဆက် အင်အားစုကြီး၏ သဏ္ဌာန်များမှာ တစ်ဖန် ပြန်လည် တလူးတလွင့် ရှိလာခဲ့ပြန်သည်။ ထို့ပြင် ယခု လှုပ်ရှားမှု မတိုင်မီ ဖြစ်ပေါ်ခဲ့ သော ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်း၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ စိစစ်လေ့လာ သုံးသပ်ရေး ပူးပေါင်း ကော်မတီသို့ ပေးပို့သော အကြံပြုချက် ကိစ္စများ၊ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် အချို့၏ နိုင်ငံရေး ဆိုင်ရာ ပြောကြားချက် များကြောင့်လည်း နိုင်ငံရေးရပ်ဝန်း သင့်ရာတိုင်းတွင် မတူကွဲပြားသည့် အမြင်၊ အပြောများ ကွာခြားစေကာမူ ၈၈ အသံ တမြည်မြည် ဖြစ်လာခဲ့သည်။

၈၈ အင်အားစုမှ ပေးပို့သော အခြေခံဥပဒေ၏ ပြင်ဆင်သင့်သည့် အချက်များ အကြံပြုချက်တွင် အများ မျှော်လင့်ခဲ့သလို အခန်း(၃)၊ ပုဒ်မ၅၉ (စ) မပါဝင်ခဲ့ခြင်းနှင့် ပုဒ်မ ၅၉(စ)ကို မပြင်ဆင်သင့်ဟူသော သဘော သက်ရောက်သည့် ၈၈ ခေါင်းဆောင် အချို့၏ မီဒီယာများတွင် ထွက်ပေါ်လာသော စကားများက ပိုမို ပွဲဆူ နေစေလေသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေး၏ သားဖြစ်သူ ပိုင်ဆိုင်သည့်  Messenger အခမဲ့ နေ့စဉ်ထုတ် သတင်းစာတွင်  မျက်နှာဖုံး သတင်းအဖြစ် ဖော်ပြခဲ့သော ““ အခြေခံ ဥပဒေ ပြင်ရာတွင် ဗိုလ်ချုပ်အောင်ဆန်း၏ အခြေခံမူ အတိုင်းသာပြင်ရန် ၈၈ ကြေညာချက်ထုတ်”” သတင်းတွင် ဖော်ပြသော ကြေညာချက်မှ သဘောထား၊ ထိုသတင်းတွင် ပုဒ်မ ၅၉(စ) နှင့် ပတ်သက်၍ ၈၈ အင်အားစု၏ အထင်ကရ ခေါင်းဆောင်တစ်ဦး ဖြစ်သည့် ကိုဌေးကြွယ်၏ ““  ၅၉(စ) နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ၄၇ ဖွဲ့စည်းပုံ ပြီးခဲ့တဲ့ ၇၄ ဖွဲ့စည်းပုံ၊ ၂၀၀၈ ဖွဲ့စည်းပုံ၊ ဖွဲ့စည်းပုံ အားလုံးမှာ ပြဋ္ဌာန်းချက် အသီးသီး ရှိခဲ့ပါတယ်။ ဒါပေမဲ့လို့ ကျွန်တော်တို့ တကယ်တမ်း ပြောချင်တာဟာ ၂၀၀၈ ဖွဲ့စည်းပုံမှာ ကျွန်တော်တို့ အနာဂတ်က နိုင်ငံ သားတွေ၊ ကျွန်တော်တို့ အနာဂတ်ရဲ့ နိုင်ငံတော်ကို တကယ်ကို ကိုယ်စားပြုတဲ့ ဖွဲ့စည်းပုံမျိုးအဖြစ် ပြည့်စုံ စေချင်တယ်။ အဲဒီလိုမျိုး ပြည့်စုံအောင် ဆိုလို့ရှိရင်တော့ ကိုယ့်လူမျိုး၊ မပြည့်စုံတဲ့၊ မလုံလောက်တဲ့ ပြဋ္ဌာန်းချက် တွေနဲ့ တိုင်းပြည်ကို ဆက်ပြီး သွားဦးမယ်။ နောက်ထပ် ဖွဲ့စည်းပုံဆိုရင် အကျပ်အတည်း တွေရှိလာမယ် ဆိုလို့ရှိရင် သွေးနဲ့ လွှမ်းပြီးမှ ပြုပြင်ပြောင်းလဲရမယ် ဆိုတဲ့ အဖြစ်မျိုး မဖြစ်စေချင်ပါဘူး”” ဟု ပြောကြားချက်များ စသည်တို့ကြောင့် နိုင်ငံရေး ရပ်ဝန်းအတွင်း မတူညီသော ယူဆပြောကြားချက်များ ထွက်ပေါ်လာသည်။
ပုဒ်မ ၅၉(စ) သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား လာမည့် ၂၀၁၅ တွင် သမ္မတအဖြစ် ရွေးချယ်ခံခွင့်ကို တားဆီးနေသဖြင့် ပယ်ဖျက်ပြင်ဆင်ရန် တောင်းဆိုနေကြသည့် ပြဋ္ဌာန်းချက် ဖြစ်သည်။ နိုင်ငံတကာ အဖွဲ့အစည်းများကလည်း ပြင်ဆင်ရန် သဘောထား ပေးနေသလို ၈၈ အင်အားစု ဘက်မှ ထိုသို့ပြောကြား ထုတ်ပြန်မှုများ ရှိပြီး မကြာမီ အာဏာရှင် အသွင်ပြောင်းအုပ်စု၏ ပြည်ခိုင်ဖြိုး ပါတီကပင် ဗဟိုကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရဆိုကာ ထို ပြဋ္ဌာန်းချက်ပါ အချက်အချို့ကို ပြင်ဆင် သင့်ကြောင်း၊ ပြင်ဆင်ရန် သဘောတူကြောင်း ဆုံးဖြတ်ချက် ထွက်ပေါ်လာသည်။ ယင်းကလည်း ပိုမိုနှိုင်းယှဉ် သုံးသပ်ဖွယ်ရာ ဖြစ်လာခဲ့ပြီး ၈၈ မျိုးဆက် အင်အားစု အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို အတိုက်အခံ ပြုသည့် အသွင်ဆောင်လာကြောင်း ယူဆမှုများက များပြားလာခဲ့ကြခြင်း ဖြစ်သည်။

ယခုလ အစပိုင်းတွင်မှ စတင်ထုတ်ဝေသည့် အပတ်စဉ်ထုတ် ဂျာနယ်အသစ် တစ်စောင်ဖြစ်သော ““အလင်းခေတ်”” သတင်း ဂျာနယ်တွင်ပင် “ဂိုလ်ရှယ်လေး” အမည်ရှိ ကလောင်ရှင်၏ ““၈၈ ကိုကိုကြီး လောဘကြီးသွားလေပြီ””ဟု ခေါင်းစဉ် တပ်ထားသော ဝေဖန်ချက် ဆောင်းပါးတစ်ပုဒ် ပါဝင်လာခဲ့သည်။ ကိုကိုကြီး ဆိုသည်မှာ ပြည်သူလုထုက နိုင်ငံရေး ခေါင်းဆောင်တစ်ဦးအဖြစ် လည်းကောင်း၊ ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်း၏ နံပါတ်နှစ် ခေါင်းဆောင် အဖြစ်လည်းကောင်း နိုင်ငံရေး အသိုင်းအ၀ိုင်း အတွင်း အထင်အရှား လက်ခံ သတ်မှတ်ထားကြသည့် သူပင်။

ဆောင်းပါးပါ ဝေဖန်ချက်ထဲမှ တစ်ခုမှာ ““ယခု ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ ကတိအတိုင်း သူမ ဆက်သွားနေလေပြီ။ သို့သော် အသားထဲမှပင် မပုပ်မသိုးခင်တွင် လောက်ကောင်များ ထွက်ကျလာလေသည်။ အကြောင်းမှာ ချမ်းသာခြင်း ကင်းဝေးမည့်ဒဏ်ကို မခံစားနိုင်သော ၈၈ မှ ကိုကိုကြီးသည် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းတွင် အခြေခံဥပဒေ မပြင်လျှင် ၂၀၁၅ ရွေးကောက်ပွဲ ၀င်နိုင်မှာ မဟုတ် ကြောင်း ထွက်ပေါ်လာပြီး နောက်မှပင် အာပွလာသော အာရှမှ အထင်ကရ ဖောက်ပြန်ရေး စကားလုံး သွတ်သွင်းလိုက်သူ ဖြစ်လေသည်။
၎င်း၏ အကြံပေး နယ်စပ်ပြန်များ၏ စကားလုံးနှင့် ဗဟိုအဖွဲ့မှ ချပေးသည့် စကားလုံးများဖြင့် ၂၀၀၈ အခြေခံဥပဒေ ပြင်ရန် ကာလ မဟုတ်ဘဲ၊ ယုံကြည်မှု ဆက်လက် တည်ဆောက်ရန်ဖြစ်သော အခြေအနေ မျိုးတွင်သာ ဆက်လက် လုပ်ဆောင်ရမှာ ဖြစ်ကြောင်း ခြံစည်းရိုးပေါ်တွင် ငါသည် ဟိုဘက်မဟုတ် သည်ဘက် မဟုတ်ဆိုသော စကားဖြင့် တစ်ဖက်ဖက်ကို မြှူဆွယ်ခဲ့လေသည်။ ကိုကိုကြီး သတိမထား လောဘများ သွားသည်မှာ ၂၀၀၈ အခြေခံ ဥပဒေ မည်သို့ ဖြစ်ပေါ် လာရသနည်းပင် ဖြစ်ပေမည်။ ကိုကိုကြီး မောဟများ သွားသည်မှာ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ ဆက်ဝင်ပါလျှင် မိမိမှ ၂၀၁၄ ထူထောင်လိုသော နိုင်ငံရေး ပါတီအဖို့ မဲအလုံအလောက် ရနိုင်ခြေ ရှိပေမည် မဟုတ်ဘဲ လက်ရှိအခြေခံ ဥပဒေအား အစိုးရမှမပြင်ဘဲ တင်းခံ သွားနိုင်မှသာလျှင် ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ ၂၀၁၅ တွင် ၀င်လာတော့မည် မဟုတ်၍ မိမိနှင့် မိမိ ၂၀၁၄ တွင် ထူထောင်လိုသော ပါတီအတွက် မဲအရေအတွက် လုံလောက်စွာ ရမည်ဟု ဆင်ကြီးလိုကြံပြီး ထင်ရာစိုင်း ပြောဆိုမှုမျိုး ပထမဆုံးအကြိမ်သာ ဖြစ်သင့်သည်”” ဟုဖြစ်သည်။
ဆောင်းပါးပါ အာဘော်အရ ၈၈ အင်အားစုသည် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် မြန်မာ့လူထု ခေါင်းဆောင်အဖြစ် ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်ကို အတိုက်အခံ ပြုနေသည်ဟု ယူဆမှုများ အခိုင်အမာ ရှိနေကြောင်း ငြင်းချက် ထုတ်စရာ မရှိတော့ပေ။
ဆောင်းပါးရည်ညွှန်းချက်ပါ အလင်းခေတ် သတင်းဂျာနယ်
သို့သော် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တစ်ဦးအနေဖြင့် လက်ရှိ ၈၈ အင်အားစုများနှင့် သာမက ဒေါ်အောင်ဆန်းစုကြည်နှင့်ပါ မူရေးရာ၊ လူပုဂ္ဂိုလ်ရေးရာ ကျွမ်းဝင်မှု ရှိခဲ့သော ဒေါက်တာရန်မျိုးသိမ်းက ““ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေကြားမှာ အမြင်အယူအဆ ကွဲပြားတာလေးတွေ ရှိကောင်းရှိနိုင်တယ်။ ရှိလည်းရှိမှာပဲလေ။ ဒါပေမဲ့ ဒီမိုကရက်တစ် နိုင်ငံရေးမှာ အမြင် အယူအဆ ကွဲပြားတယ် ဆိုတာ ပြဿနာမရှိဘူး။ အရေးကြီးတာက ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဒီမိုကရက်တစ် အင်အားစုတွေနဲ့ဟာ တူညီတဲ့ လုပ်ငန်းတွေကို ပိုမိုပြီး ထိထိရောက်ရောက် ပူးပေါင်းလုပ်နိုင်ဖို့ လိုအပ်တယ်။ ဒီတော့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်ဟောင်းတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကြားမှာ အမြင်အယူအဆ ကွဲပြားတာတွေကို အကြောင်းပြုပြီးတော့ ၈၈ ကျောင်းသား ခေါင်းဆောင်ဟောင်းတွေက ဒေါ်အောင်ဆန်းစုကြည်ကို အတိုက်အခံ လုပ်နေတယ်လို့ ပြောဖို့တော့ ခက်မယ်”” ဟု သုံးသပ်သည်။
အကျဉ်းကျခံထားရရာမှ ၂၀၁၁ ခုနှစ် ဇန်န၀ါရီ ၁၇ ရက်တွင် ၈၈ မျိုးဆက် ကျောင်းသားများ ပြန်လည် လွတ်မြောက် ခဲ့ပြီးနောက် ပထမဆုံး ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကို ၀န်းရံ သွားမည်ဟု တရားဝင် ထုတ်ဖော် ပြော ကြားခဲ့ခြင်းများ ရှိခဲ့သည်ကိုလည်း မမေ့သင့်ပေ။ ထိုသို့ သဘောထား ထုတ်ပြန်ခဲ့ဖူးသည့် အင်အားစု အတွင်းမှ သူများအနေဖြင့် ဆန့်ကျင်ဘက် ရပ်တည်မှု ပြုလုပ်လာသည်ဟု ယူဆမှုများ ရှိလာခဲ့ရခြင်းသည် အာဏာရှင်မီး တငွေ့ငွေ့ရှိဆဲ မြန်မာနိုင်ငံ ပြုပြင်ပြောင်း လဲမှု ခရီးရှည်အတွက် အလွန် အန္တရာယ်ကြီးသော၊ အရေးတကြီး အဖြေမှန်ရှာရမည့် ကိစ္စရပ်ဖြစ်သည်ကို သတိမပြု ပေါ့လျော့နေ၍တော့ မရကြောင်း၊ ပတ်သက် ဆက်နွှယ်သူများ အားလုံး သိရှိ ဆောင်ရွက်ကြရန် လိုပေသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ အင်အားစု၏ ပတ်သက်ဆက်နွှယ်မှု အခြေအနေနှင့် ပတ်သက်၍ ၂၀၁၂ ခုနှစ်၊ ဇွန်လအတွင်းက ၈၈ အင်အားစု ခေါင်းဆောင် ကိုကိုကြီး ပြောကြားခဲ့သော စကားစုတစ်ရပ်ကို သတိရမိသည်။
““ပူးပေါင်း ဆောင်ရွက်ဖို့ ဆိုတာမှာ ဒေါ်အောင်ဆန်းစုကြည်ဘက်က ၈၈ မျိုးဆက် ကျောင်းသားတွေကို အနာဂတ် နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဘယ်လို သဘောထားမလဲဆိုတဲ့ သူ့ရဲ့စိတ်ကူး စိတ်သန်းတွေ ပေါ်မှာလည်း မူတည်မှာပေါ့”” ဟု ဖြစ်သည်။
 အပိုင်း(၂)
၈၈ ခေါင်းဆောင်များအတွင်း လူထုအမြင်နှင့် ထိတွေ့လျက် ရှိနေကြသူများသည်ပင် သုံးနှစ်ကာလအတွင်း ထိတွေ့မှု တစ်စတစ်စ နည်းပါးလာခဲ့သည် တချို့သော ၈၈ခေါင်းဆောင်များမှာမူ လွန်ခဲ့သည့် တစ်နှစ်နီးပါမှ စကာ လူထုမြင်ကွင်းမှ လုံးဝ ပျောက်ကွယ်နေကြသည်
ယခင်တစ်ပတ်မှအဆက်
ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်များကြား ပူးပေါင်း ဆောင်ရွက်ရေးကို ပြည်သူလူထု အများအပြားက မျှော်လင့်မှု ရှိခဲ့ကြကြောင်းမှာ ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလအတွင်း ၎င်း၈၈ ခေါင်းဆောင်များ လွတ်မြောက်လာပြီး ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင်ပင် သတင်းမီဒီယာများမှ လူထု၏ကိုယ်စား မေးမြန်းခဲ့သော မေးခွန်းများက သက်သေပြုနေသည်။ ထိုမေးခွန်းများထဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးပေါင်းရေး၊ နိုင်ငံရေးပါတီ တစ်ရပ် ဖွဲ့စည်း ရပ်တည်ရေး၊ ၂၀၁၅ ရွေးကောက်ပွဲ ၀င်ရောက်ရေးတို့ အဓိက ပါဝင်ခဲ့သည်။
ထိုအခါက လက်ရှိ ၈၈ ပွင့်လင်း ခေါင်းဆောင်များ၏ ပြန်လည် ပြောကြားမှုမှာ တူတာများကို လက်တွဲလုပ်ကာ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေး လှုပ်ရှားမှုများတွင် ၀န်းရံသွားမည်ဟု ဆိုကြောင်း အမှတ်ရသည်။ သို့သော် ၎င်းတို့ လွတ်မြောက်စဉ် ကာလက  တွေ့ဆုံမှုတစ်ကြိမ် ပြုလုပ်ခဲ့ပြီးနောက် ယခုအချိန်အထိ အပြန်အလှန် အခမ်းအနား တက်ခြင်းမျိုးသော ဆက်ဆံမှုကိုသာ ထင်ရှားစွာ တွေ့ရသည်။ …
နိုင်ငံရေး အတွင်းစကားများ အရမှု ၈၈မျိုးဆက် ခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည် ဆက်ဆံမှု နီးစပ်ခြင်း၊ NLD ပါတီသို့ ပူးပေါင်း ပါဝင်လာခြင်းများ ဖြစ်ပေါ်လာမည်ကို NLD ပါတီတွင်း အချို့သူများက မလိုလား ကြ၍ ၈၈ မျိုးဆက် ခေါင်းဆောင်များဘက်မှ ဆက်သွယ်ရန် ကြိုးပမ်းခဲ့မှုများ မအောင်မြင်စေရန်ပင် ဆောင်ရွက် ခဲ့မှုများ ရှိကြောင်း၊ သို့ဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် များကြား ထိတွေ့ နီးစပ်မှုမှာ တဖြည်းဖြည်း ပိုမို ကွာဟခဲ့ရခြင်း ဖြစ်ကြောင်း ပြောကြားချက်အချို့ ရှိသည်။
ထိုပြောကြားချက် များနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ ကျောင်းသား ခေါင်းဆောင်များကြား ဆက်ဆံရေး လွဲကူစေရန် NLD ပါတီမှ သြဇာအကြီးဆုံး ခေါင်းဆောင်များထဲတွင် ပါဝင်သူ တစ်ဦးက ၎င်းကိုယ်တိုင် ကြားခံ ဆက်သွယ်ရေး လမ်းကြောင်းအဖြစ် ဆောင်ရွက်ပေးမည် ဆိုသော်လည်း ထိုသို့ ဆက်သွယ် ဆောင်ရွက်ရေးအတွက် လုပ်ဆောင်မည့် အခြေအနေများ ဆွေးနွေးရန် ချိန်းဆိုထားပြီးမှ ၈၈ ကျောင်းသား ခေါင်းဆောင်များက လာရောက်ခဲ့ခြင်း မရှိခဲ့ကြောင်း၊ သို့ဖြင့် ယခုအထိပင် ထိုဆောင်ရွက်မှု ဖြစ်မလာ ခဲ့ကြောင်း ပြောကြားမှုများလည်း ရှိသည်။
မည်သို့ပင် ဆိုစေကာမှု ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ ခေါင်းဆောင်များကြား မျှော်လင့်ထားခဲ့ကြသည့် ဆက်နွယ်မှုမျိုး မဖြစ်ခဲ့ကြောင်း မျက်မြင် အခြေအနေများက ညွှန်းနေသည်။ ထို့အပြင် ဖော်ပြပြီး သကဲ့သို့ပင် ဒေါ်အောင်ဆန်းစုကြည်နှင့် အတိုက်အခံပြု ရပ်တည်ချက်များပင် ရှိလာကြောင်း သုံးသပ်မှုများ ထွက်ပေါ် လာသော အခြေအနေသို့ ရောက်ရှိ လာရသည်။

ယခုအခြေအနေတွင် အဓိကထား သုံးသပ်လာကြသည်မှာ ၈၈ မျိုးဆက် ပွင့်လင်းလူ အဖွဲ့အစည်း အင်အားစု၏ ဒုတိယ ခေါင်းဆောင်ဟု ဆိုကြသော ဦးကိုကိုကြီးကိုပင် ဖြစ်သည်။ လက်ရှိ ၈၈ မျိုးဆက် ပွင့်လင်း ခေါင်းဆောင်များထဲမှ ပြည်သူလူထု အမြင်နှင့် ထိတွေ့မှု အရှိဆုံးမှာလည်း ဦးကိုကိုကြီးပင် ဖြစ်သည်။ ပြည်သူလူထု အမြင်နှင့်ဟု ဆိုရာတွင် မီဒီယာများတွင် ဖော်ပြပါရှိမှုရှိခြင်းကို အခြေခံ ပြောခြင်းဖြစ်သည်။ အဘယ်ကြောင့် ဆိုသော နိုင်ငံရေးသာမက လူ့အဖွဲ့အစည်းတွင်း ဖြစ်ပေါ်မှုများ၊ လူပုဂ္ဂိုလ် ခေါင်းဆောင် တစ်ဦးခြင်း သို့မဟုတ် အဖွဲ့အစည်းများ၏ လှုပ်ရှားမှုများ အားလုံးကို ပြည်သူလူထုက အများဆုံးသိရှိ နိုင်ကြသည်မှာ မီဒီယာများမှပင် ဖြစ်သည်။ သို့ဆိုလျှင် အခြား ခေါင်းဆောင်များမှာ  မည်သို့ရှိနေသလဲဟု မေးကြဖွယ် ရှိသည်။ ( ၈၈မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်းတွင် ပြောရေးဆိုခွင့် ရှိသူများအဖြစ် တရားဝင် ထုတ်ပြန် ပြောကြားထားသူ ၁၂ ဦး ရှိပြီး ယင်းထဲတွင် မပါဝင်သော်လည်း ၈၈မျိုးဆက် ပွင့်လင်း လူအဖွဲ့အစည်း အတွင်း ဖွဲ့စည်းထားသော ကော်မတီအလိုက် ဦးဆောင်မှု ပြုလုပ်ရ သူများလည်း ပါဝင်သည်။)

၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်း၏ အဓိက ခေါင်းဆောင်တစ်ဦးဟု ဆိုကြသည့် ကိုမင်းကိုနိုင်မှာ ယခုနှစ် အပိုင်းအခြားများအတွင်း ပြည်ပ ခရီးစဉ်များနှင့် ပြည်တွင်း ဒေသများသို့ ခရီးထွက်မှု များပြားနေသဖြင့်  ပြည်ပ နိုင်ငံရေး ထိတွေ့မှုများ၊ လူထုနှင့် တိုက်ရိုက် ထိတွေ့မှုများ ရှိနေသော်လည်း မြန်မာ့နိုင်ငံရေး၏ မြို့ပေါ် နိုင်ငံရေးနှင့် ခေါင်းဆောင်တို့၏ နိုင်ငံရေး မြင်ကွင်းများတွင် တွေ့မြင်ရမှု နည်းပါးခဲ့သည်။ ထိုသို့ဖြစ်ရခြင်းတွင် ကိုမင်းကိုနိုင်၏ ၈၈ ခုနှစ်မှ စတင်သည့် နိုင်ငံရေး ဖြစ်စဉ်တွင် ၎င်းပါဝင် ပတ်သက်ခဲ့ခြင်းမှာ မတရားခြင်းဟု ထင်မြင်သော အာဏာရှင်စနစ် တွန်းလှန်ရေးအတွက် ဖြစ်ပေါ်လာသော အခြေအနေအရ မတရားမှု တော်လှန်သူ တစ်ဦးအနေဖြင့် ပါဝင် ဆောင်ရွက်ခဲ့ခြင်းသာ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားချက်များ၊ ထို့ပြင် ၎င်းတစ်ဦးတည်း အနေဖြင့် လည်းကောင်း ၈၈ ပွင့်လင်း အင်အားစု တစ်ရပ်လုံး အနေဖြင့် လည်းကောင်း ရှေ့နိုင်ငံရေး ခရီးစဉ်ဖြစ်သည့် နိုင်ငံရေး ပါတီတစ်ရပ် ဖွဲ့စည်း ဆောင်ရွက်ရေးအပေါ် ““ကျွန်တော့် အကြောင်း လည်း ဒီလောက်ဆိုရင် တော်တော်များများ သိမယ် ထင်ပါတယ်။ အနုပညာက လာတယ်။ ပန်းချီ ဆေးကွက်တွေ၊ တူရိယာတွေကြားထဲက ကျွန်တော်လာတယ်။ စာအုပ်ပုံတွေ ကြားထဲမှာ ကျွန်တော် ပျော်တယ်။ လူတွေကြားထဲမှာ ကျွန်တော် လျှောက်သွားရရင် စိတ်ချမ်းသာတယ်လို့ ကျွန်တော်ခံစားရတယ်။ ဒီလောက်ဆိုရင် ကျွန်တော့် တစ်ဦးတည်း ကိစ္စကတော့ ပြတ်သလောက်ရှိသွားပါပြီ။ ကျန်တာတွေက တစ်ဦးချင်း စဉ်းစားကြရမှာပေါ့။ စိတ်တူတွေ လူတွေ ဖွဲ့ပြီးတော့ လုပ်ကြပါလိမ့်မယ်။”” စသည့် ပြောကြား ချက်များကို ထည့်သွင်း စဉ်းစားကြည့်ပါက အနာဂတ် နိုင်ငံရေးတွင် ၎င်းအနေဖြင့် ပါဝင်ရန် မသေချာသည်ကို တွေ့ရမည်။

အခြား ၈၈ ခေါင်းဆောင်များ အတွင်း လူထုအမြင်နှင့် ထိတွေ့လျက် ရှိနေကြသူများသည်ပင် သုံးနှစ် ကာလအတွင်း ထိတွေ့မှု တစ်စတစ်စ နည်းပါး လာခဲ့သည်။ တချို့သော ၈၈ ခေါင်းဆောင်များမှာမူ လွန်ခဲ့သည့် တစ်နှစ်နီးပါးမှ စကာ လူထုမြင်ကွင်းမှ လုံးဝပျေက်ကွယ် နေကြသည်။ လက်ရှိ လူထုအမြင်နှင့် ထိတွေ့ဆဲ ရှိသူများထဲမှလည်း နိုင်ငံရေး ဖြစ်ရပ် သဘောထား မှတ်ချက်ပေးခြင်း၊ ပွင့်လင်း အင်အားစုများ၏ လှုပ်ရှားမှု ဖြစ်စဉ်များ၊ အခြား အဖွဲ့အစည်းများ၏ အခမ်းအနား တက်ရောက်မှုများဖြင့် လူထုမြင်ကွင်းအတွင်း တွေ့မြင် နေရသူက အများဆုံးဖြစ်သည်။

ယခု ကာလအတွင်း ၈၈ ပွင့်လင်း အင်အားစုများနှင့် ပတ်သက်၍ အယူအဆကွဲပြားစွာ ပြောကြား သုံးသပ်မှု များ၏ အဓိက ဇာတ်ကောင်ဖြစ်နေသော ကိုကိုကြီးမှာမှု အခြားသူများထက် နိုင်ငံရေး လှုပ်ရှားမှု ဖြစ်စဉ်များတွင် အများဆုံး ပါဝင်လျက် ရှိနေသူ ဖြစ်သည်။ ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေး ကော်မရှင်၊ နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီ စသည့် အစိုးရ၏ နိုင်ငံရေး ပြဿနာတို့ ဖြေရှင်းမှု ဖြစ်စဉ်များတွင်လည်း အခြားနိုင်ငံရေး ဦးဆောင်ပုဂ္ဂိုလ်များနှင့်အတူ ပါဝင် ဆောင်ရွက်မှု ရှိနေသည်။ ဤသည်တို့က ကိုကိုကြီး၏ နိုင်ငံရေး ဦးဆောင်သူ တစ်ဦးအဖြစ် ပုံရိပ်ကို ခိုင်မာစွဲမြဲ နေစေခြင်းပင်။ ထိုသို့ အခြေအနေတွင် ဝေဖန်မှုများ ပေါ်ပေါက် လာခြင်းဖြစ်သည်။

၈၈ ပွင့်လင်း အင်အားစုအား ဝေဖန်မှုများထဲတွင် မီဒီယာတွင် ဖော်ပြပါဝင်မှု တစ်ခုဖြစ်သော အလင်းခေတ် ဂျာနယ်ပါ ဆောင်းပါး၏ ရေးသားချက်ထဲတွင် ၂၀၁၅ ရွေးကောက်ပွဲတွင် ပါဝင်လာမည့် နိုင်ငံရေးပါတီ တစ်ရပ် ထူထောင်ရန် ဟူသော အချက်ကို အခြေပြု ဝေဖန်ချက် တစ်ရပ်တွေ့ရသည်။ ၈၈ ပွင့်လင်း အင်အားစု တစ်ရပ်လုံး၏ ၃ နှစ်နီးပါး လက်ရှိ နိုင်ငံရေး ဖြတ်သန်းမှုတွင် ထိုကိစ္စရပ်သည် အထူးအဆန်း မဟုတ်။ ကာလ တစ်လျှောက်လုံးတွင် သုံးသပ်မှု အမျိုးမျိုးနှင့် သတင်းစကား အမျိုးမျိုးက အပြင်ရော၊ အတွင်းကပါ မကြာခဏ ထွက်ပေါ် လာနေကြဖြစ်သည်။ အာဏာနိုင်ငံရေးဟု သုံးစွဲမှု ပြုတတ်သော နိုင်ငံရေးပါတီ ထူထောင်ကာ ရွေးကောက်ပွဲတွင် ပါဝင်၍ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး အာဏာတို့ ရရှိရေး ဆောင်ရွက်မှုများအပေါ် အင်အားစုအတွင်း အမြင်ရပ်တည်မှု ကွဲလွဲခြင်းကြောင့် ၈၈ ခေါင်းဆောင်များ လွတ်မြောက်ပြီး  မကြာမီတွင်ပင် သုံးသပ်မှုများနှင့် သတင်းစကား အမျိုးမျိုး စတင်ထွက်ပေါ် လာခဲ့ခြင်းဖြစ်သည်။ ထိုအခါကပင် လူထုအခြေပြု အဖွဲ့အစည်း အဖြစ်သာ ဆက်လက် ရပ်တည်သွားရန် ရည်ရွယ်သူများက ပြတ်သားစွာ ပြောကြား ခဲ့သော်လည်း နိုင်ငံရေးပါတီအဖြစ် သွားလိုသူများက တစ်ဦးနှစ်ဦးစမှ လွဲ၍ မတင်မကျ ပြောကြားမှုများသာ ရှိခဲ့သည်။
 ( နိုင်ငံရေးပါတီအဖြစ် ထူထောင်ရပ်တည်ရန် ပြတ်သားစွာ ပြောကြားခဲ့သူများမှာ ယခုအခါတွင် လူထု မြင်ကွင်းမှ လုံးလုံးလျားလျားနီးပါး ပျောက်ကွယ် သွားကြခြင်းကိုမှု ထူဆန်းစွာ တွေ့ရသည်။)

““ယခု ထွက်ပေါ်လျက်ရှိသော မတူကွဲပြားသည့် အမြင်ယူဆချက်များ အားလုံးသည် ၈၈ပွင့်လင်း အင်အားစုအနေဖြင့် နိုင်ငံရေးပါတီ တစ်ရပ်အဖြစ် ရပ်တည်မှုမရှိခဲ့ခြင်းမှ အခြေပြု ဖြစ်ပေါ်လာခြင်းဖြစ်””
ယခင်တစ်ပတ်မှအဆက်
၈၈ ပွင့်လင်း ခေါင်းဆောင်များထဲမှ အချို့ခေါင်းဆောင်များ ပျောက်ကွယ်နေခြင်း အပေါ်တွင် ၈၈ ကျောင်းသား ခေါင်းဆောင်ဟောင်း၊ နိုင်ငံရေး လေ့လာ သုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းက ““၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင် တွေထဲမှာ တစ်ဦးချင်းစီရဲ့ လေ့လာမှု အနေအထား၊ စရိုက် လက္ခဏာအရ ကွဲပြားမှုတွေရှိတယ်။ အခု ပျောက်ကွယ်နေတဲ့ ခေါင်းဆောင် တွေထဲမှာ တချို့ကလည်း ရှေ့တန်းထွက်မှု နည်းနည်း လာတာလည်း ပါတယ်။ ဒီတော့ ခေါင်းဆောင်တွေထဲမှာ နောက်နည်းနည်း ရောက်သွားတဲ့သူ တချို့လည်း ရှိကောင်းရှိမယ်။ ဒါပေမဲ့ အဲဒီလူတွေ အားလုံးဟာ ဒီမိုကရေစီ ပြောင်းလဲရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ငန်းမှာ သူ့နေရာနဲ့သူ တာဝန်ယူပြီးတော့ ဆက်ပြီး လုပ်နေတယ်လို့တော့ မြင်တယ်””ဟု သုံးသပ်သည်။
၈၈ ခေါင်းဆောင်များအတွင်း နိုင်ငံရေးအရ ဆက်လက် ရပ်တည်သွားမည့် ပုံသဏ္ဌာန်အတွက် အယူအဆ ကွဲပြားမှုများ ရှိသည်မှာ သေချာသော် လည်း နိုင်ငံရေးပါတီတစ်ရပ် ထူထောင်ရေးကိစ္စနှင့် ပတ်သက်၍မှု ယခု အထိ ၈၈ ပွင့်လင်း အဖွဲ့အနေဖြင့် တစ်စုံတစ်ရာ သဲကွဲစွာ တရားဝင် ထုတ်ဖော် ပြောကြားမှုမျိုး မရှိသေးပေ။ ယင်းမှာလည်း စဉ်းစားစရာ အကြောင်းတစ်ရပ် ဖြစ်သည်။ သို့သော် တစ်ဦးချင်း (သို့မဟုတ်) သဘောထား တူရာ တစ်စုထံမှ နိုင်ငံရေးပါတီတစ်ရပ် ထူထောင်ရေး အသံများကိုမှု ယခင် အတိုင်းပင် မသဲမကွဲ ကြားနေရဆဲ ဖြစ်သည်။

သုံးသပ်မှုများ ရှိကြသလို ၈၈ ပွင့်လင်း ခေါင်းဆောင်တစ်ဦး ဖြစ်သည့် ကိုကိုကြီး အနေဖြင့် အင်အားစုမှ ခွဲထွက်ကာ သီးခြားပါတီတစ်ရပ် ထူထောင်၍ ၂၀၁၅ ရွေးကောက်ပွဲ ၀င်ရောက်ရန် ဆိုသည့် ကိစ္စမှာမူ ၈၈ ပွင့်လင်း အင်အားစုကြီး တစ်ရပ်လုံး၏ လျှောက်လမ်းခဲ့ရာ နိုင်ငံရေး ခရီးတစ်လျှောက် ရောယှက်လျက် ရှိသော ပုံရိပ်များအရ လုံးဝဖြစ်နိုင်စရာ မရှိသော ကိစ္စတစ်ရပ်ဟုတော့ အခိုင်အမာ ဆိုရမည်ဖြစ်သည်။
၈၈ ပွင့်လင်း တစ်ရပ်လုံး အနေဖြင့်မှု လက်ရှိ အရပ်ဘက် လူမှုအဖွဲ့အစည်း အနေဖြင့် ရပ်တည် နေသည်ထက် နိုင်ငံရေး ပါတီတစ်ရပ်အဖြစ် စနစ်တကျ ရပ်တည်သည်မှာ မြန်မာ့နိုင်ငံရေး အသွင်ကူးပြောင်းမှု အတွက် ပိုမို အားကောင်း စေမည်ဟု ၈၈ ခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်သူ ဒေါက်တာ ရန်မျိုးသိမ်းက သုံးသပ်သည်။
နိုင်ငံရေးပါတီတစ်ရပ် ထူထောင်ရေးမှ ထပ်မံ ထွက်ပေါ်လာသော ယူဆချက်မှာ ၈၈ ပွင့်လင်း အဖွဲ့အစည်းအတွင်း အင်အားစုနှစ်ရပ် အဖြစ်ကွဲပြားမှု ရှိနေသလား ဆိုသော အမြင်များ ဖြစ်သည်။ ယင်းအပေါ်တွင်လည်း ဒေါက်တာ ရန်မျိုးသိမ်းက ထိပ်ပိုင်း ခေါင်းဆောင်များကြား အမြင်အယူအဆ မတူညီမှုများ ရှိသော်လည်း ပွင့်လင်း အဖွဲ့အတွင်း အင်အား ကွဲပြားနေသည်ဟု သုံးသပ်ရန် ခက်ခဲကြောင်း ဆိုသည်။

““အင်အားစုနှစ်စု ကွဲနေတယ်လို့ ပြောဖို့တော့ ခက်တယ်။ ဥပမာ- ၈၈ထဲမှာ ကိုမင်းကိုနိုင်ရှိတယ်၊ ကိုကိုကြီးရှိတယ်၊ ကိုဌေးကြွယ်ရှိတယ်၊ ကိုမင်းဇေယျရှိတယ်၊ ကိုမြအေးရှိတယ်၊ ကိုပြုံးချိုရှိမယ်။ အဲဒီလို ထိပ်ပိုင်း ခေါင်းဆောင်တွေကြားမှာ အမြင်အယူအဆ ကွဲတာတွေရှိမယ်။ ဒါပေမဲ့အဲဒီလို အမြင်အယူအဆ ကွဲတာကို ကြည့်ပြီး ၈၈အင်အားစုထဲမှာ နှစ်ပိုင်းကွဲနေတယ်၊ သုံးပိုင်းကွဲနေတယ်လို့ ပြောဖို့တော့ ခက်မယ်။ နောက်တစ်ခုက ဘာလဲဆိုတော့ သူတို့လည်း သိပါတယ်။ သူတို့အားလုံးဟာ တစုတစည်းတည်းရှိမှ ဖြစ်မယ် ဆိုတာ။ ဒီလိုမဟုတ်ဘဲ နှစ်ပိုင်းတွေ၊ သုံးပိုင်းတွေ ကွဲသွားမယ်ဆိုရင် ကွဲသွားတဲ့ အပိုင်းတွေမှာလည်း အားနည်းမှုတွေ ရှိပြီးတော့ သူတို့ အစုအဖွဲ့ကြီး တစ်ခုလုံး အနေနဲ့လည်း နစ်နာမှုတွေ၊ တိုင်းပြည်နဲ့ ပြည်သူလူထုကြီး အတွက်လည်း နစ်နာမှုတွေ ရှိလာနိုင်တယ် ဆိုတာ သူတို့လည်း သဘောပေါက် နားလည် လိမ့်မယ်လို့ မြင်တယ်””ဟု ဆိုသည်။
ယခုကာလအတွင်း ထူခြားသော ကိစ္စတစ်ရပ်အနေဖြင့် ပေါ်ပေါက် လာသည်မှာ ၈၈ ပွင့်လင်းမှ အတိုက်အခံ အသွင်ပြုနေသည်ဟူသော သုံးသပ်မှု အချို့ ထွက်ပေါ်လာသော ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ ပွင့်လင်း ခေါင်းဆောင်များ တွေ့ဆုံရေး ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ထို့အတူ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှု ပြုလုပ်ပြီးမှ ၈၈ ပွင့်လင်း အနေဖြင့် နိုင်ငံရေးအရ မည်သို့ ဆက်လက် ရပ်တည်သွားသင့်သည် ဟူသော ဆုံးဖြတ်ချက် တစ်ရပ် တရားဝင် ထွက်ပေါ်လာနိုင်မည်ဟု ၈၈ ပွင့်လင်း ခေါင်းဆောင်များဘက်မှ ပြောကြားချက်လည်း ရှိလာသည်။
ဒေါ်အောင်ဆန်းစုကြည်အား အတိုက်အခံ အသွင်ပြုနေသည် ဆိုသော သုံးသပ်မှုများသည် ထိုတွေ့ဆုံမှု အမှန်တကယ် ဖြစ်လာပြီး ထင်မှတ်မထားသော ရလဒ်အဖြေများ ရရှိလာပါက အလိုအလျောက် ပျောက်ပျက် သွားနိုင်ဖွယ်လည်း ရှိသည်။ ယင်းသို့ပျောက်ပျက် သွားသည် ဆိုစေကာမှု ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ ပွင့်လင်း ခေါင်းဆောင်များကြား ထိုသို့ သုံးသပ်မှုမျိုး ထွက်ပေါ်လာစေသည်မှာ မည်သည့် အကြောင်းရင်းကြောင့် ဆိုသည်ကိုမှု ဆန်းစစ်ရန်က ကျန်ရှိနေဦးမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူအရ ညီညွတ်ရေးကို တည်ဆောက် နေကြရသော မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် ထိုသို့ ညီညွတ်ရေး ပျက်ပြားစေသည့် ပြောကြားမှုများ ထွက်ပေါ်လာခြင်း၏ အန္တာရယ်မှာ ဘက်တူသော ရပ်တည်သူများကြား ညီညွတ်ရေး ပျက်ပြား စေနိုင်ခြင်းကြောင့် ဖြစ်သည်။
ယင်းကိစ္စရပ်အပြင် ဖော်ပြခဲ့ပြီးသလို ၈၈ ပွင့်လင်း ခေါင်းဆောင်များ အတွင်းတွင်ပင် အင်အားစု ကွဲပြားနေသည် ဆိုသော သုံးသပ် ယူဆမှုများ၊ ၈၈ ပွင့်လင်း ခေါင်းဆောင်များထဲမှ သီခြား ခွဲထွက်ကာ နိုင်ငံရေးအရ သီးခြား အဖွဲ့အစည်းတစ်ရပ် ထူထောင်ရန် ဟူသော ယူဆ သုံးသပ်ချက် အသံများသည် မည်သည့် အတွက်အကြောင့် ယခုအချိန်တွင် မြိုင်ဆိုင်စွာ ထွက်ပေါ် လာသနည်း ဆိုသည်ကိုလည်း အသေအချာ ဆန်းစစ်ရန်လိုသည်။

၈၈ ပွင့်လင်း အဖွဲ့အစည်း၏ နှစ်နှစ်တာ ကာလ ဖြတ်သန်းမှုအတွင်း ဖြစ်ပေါ်မှုများအပေါ်  အားရကျေနပ်မှု ရှိသော သဘောထား အမြင်များ ရှိသလို အားမလိုအားမရ ဖြစ်မှုနှင့် မျှော်လင့်ချက်ကြီးစွာ ထားရှိခဲ့မှုများ၊ ပျက်ပြယ် သွားကြသည့် သဘောထား အမြင်အယူအဆများလည်း ရှိသည်။
အားမလိုအားမရ ဖြစ်မှုနှင့် ကြီးစွာသော မျှော်လင့်ချက်များ ပျက်ပြယ်ရသည်ဆိုသော သဘောထား အမြင်များမှာ ပြင်ပနိုင်ငံရေး အသိုင်းအ၀ိုင်းနှင့် ပြည်သူလူထု အတွင်းတွင်သာမက ၈၈ ပွင့်လင်း ခေါင်းဆောင်များ အတွင်းနှင့် ဆက်စပ်လျက်ရှိသော အဖွဲ့အစည်းများ အတွင်းတွင်ပင် ထိုသဘောထား အမြင်များ ရှိကြသည်ပင်။
သို့အတွက် ယခုကဲ့သို့ သုံးသပ်မှုများ ထွက်ပေါ်လာသည် ဆိုလျှင်မှု အချိန်တန်လျှင် မည်သည့် အမြင်သုံးသပ်မှုများက အမှန်တရားနှင့် မည်မျှ နီးစပ်ခဲ့သည်ကို အဖြေရှာနိုင်ကြပေမည်။ ထို့ထက်ပို၍ ထူးသော အကျိုးဆက်မျိုးမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ ပွင့်လင်း ခေါင်းဆောင်များကြား၊ ၈၈ ပွင့်လင်း ခေါင်းဆောင်များအတွင်း၊ နိုင်ငံရေး အသိုင်းအ၀ိုင်းအတွင်း ထိုသုံးသပ်မှုများအရ ပြောင်းလဲ ဖြစ်ပေါ်လာရန် မရှိပေ။

သို့သော် ထိုသို့ မဟုတ်ဘဲ နိုင်ငံရေး ညစ်ထေးမှုများနှင့် ဒီမိုကရက်တစ် အုပ်စုများကြား အကွဲကွဲအပြဲပြဲ နိုင်ငံရေးလမ်းစဉ် ဖြစ်ပေါ်စေလိုသည့် အုပ်စုများမှ နိုင်ငံရေး လေသံလွှင့်ခြင်း ဆိုလျှင်မူ ယခုထက် ပိုမိုဆိုးရွားသော နိုင်ငံရေး သားပုပ်လေလွင့်ခြင်းများ ထွက်ပေါ်လာနိုင်ဖွယ် ရှိသေးသည်ကို မျှော်လင့် ထားရပေမည်။ သို့တည်းမဟုတ် ထိုသုံးသပ်မှုများ ထွက်ပေါ်လာစေသည့် ဆောင်ရွက်ချက်များကို အမှန်တကယ် လုပ်ဆောင်မှုများ ရှိနေသည် ဆိုလျှင်မူ လာမည့် ကာလများအတွင်း မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုမှာ စိတ်မချမ်းမြေ့ဖွယ်ရာ ဖြစ်ပေါ်မှုများသာ ဖြစ်လာနိုင်စရာ ရှိပေတော့သည်။
မည်သို့ပင်ဖြစ်စေ ယခု ထွက်ပေါ်လျက်ရှိသော မတူကွဲပြားသည့် အမြင်ယူဆချက်များ အားလုံးသည် ၈၈ ပွင့်လင်း အင်းအားစုအနေဖြင့် နိုင်ငံရေးပါတီ တစ်ရပ်အဖြစ် ရပ်တည်မှု မရှိခဲ့ခြင်းမှ အခြေပြု ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ထိုကွဲပြားသည့် အမြင်အယူအဆ အားလုံးတွင် ၈၈ ပွင့်လင်း အင်အားစုများ အနေဖြင့် လက်ရှိ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု အခင်းအကျင်း၌ နိုင်ငံရေးပါတီ တစ်ရပ် ထူထောင်ကာ တရားဝင် နိုင်ငံရေး အဖွဲ့အစည်း တစ်ရပ်အဖြစ် အားကောင်းမောင်းသန် ထွက်ပေါ်လာရန် လိုအပ်လျက်ရှိကြောင်း သေချာ နေစေသည်။
ထိုသက်သေပြုချက်ကို လက်ခံကာ နိုင်ငံရေးပါတီ တစ်ရပ်အဖြစ် နိုင်ငံရေး အခင်းအကျင်းတွင် ပါဝင်လာလျှင်လည်း မလိုလားအပ်သော နိုင်ငံရေး သင်းကွဲမှုမျိုး မဖြစ်စေရန် ၈၈ ပွင့်လင်း အင်အားစုကြီး တစ်ရပ်လုံး အတူတကွ ပါဝင်ပြောင်းလဲမှု ပြုလုပ်ကြရန် လိုအပ်ပေသည်။

၈၈ ပွင့်လင်း အင်အားစုအတွင်းမှ ပြောကြားချက်အရ ဆိုလျှင် မကြာမီ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံအပြီးတွင် ၈၈ ပွင့်လင်း၏ ရှေ့နိုင်ငံရေး ရပ်တည်မှု မည်သို့ဆိုသော အဖြေကို သဲကွဲစွာ သိနိုင် ကြတော့မည် ဖြစ်သည်။ မလိုလားအပ်သော၊ စိတ်ကူးယဉ်ဆန်သော၊ ပြည်သူ့ မျှော်လင့်ချက်များကို မျက်ကွယ် ပြုသော အယူအဆ သဘောထားများဖြင့် ရှေ့နိုင်ငံရေး ခရီးအတွက် အဖြေကို မဆုံးဖြတ်ကြရန်သာ လိုပေသည်။

မြန်မာသံတော်ဆင့်



Viewing all articles
Browse latest Browse all 32865

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


ပြည်မင်းသား၏ သားတော် ပြည်ထိပ်တင်တုတ် အကြောင်း


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


သီးမခံနိုင်တဲ့အဆုံး လင်ယောက်ျားရဲ့ ငယ်ပါကို ညှစ်ပြီးသတ်လိုက်တဲ့ ဇနီး


မိန်းကလေး အပျိုစစ်ပါတယ်လို့ သက်သေပြဘို့ရာ အသုံးပြုနိုင်တဲ့အချက် (၈) ချက်


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>