ဦးအောင်သိန်းလင်း တာဝန်ခံသဖြင့် လွှတ်တော်ကော်မတီ အစီရင်ခံစာတွင် ဖော်ပြပါဝင်ခဲ့သော အခြေခံဥပဒေ ပုဒ်မ ၅၉(စ)နှင့် အရေးကြီးပုဒ်မများ မပြင်ဆင်ရန် လူတစ်သိန်းကျော် ဆန္ဒပြုသည့်ကိစ္စ ပြည်ခိုင်ဖြိုး၏ ယခင်လုပ်နည်းများနှင့် နှိုင်းယှဉ် စိစစ်ချက်အရ လုပ်ကြံ ဖန်တီးထားခြင်းသာ ဖြစ်ကြောင်းပေါ်လွင်
ပြည်ခိုင်ဖြိုးသည် အသင်းကာလ၌ အသင်းဝင် အဆိုပြုလွှာများကို ဖန်တီးရေးသား၍
အဆိုပြုလွှာပေးအပ်ပွဲများ ပြုလုပ်လေ့ရှိ
ဗဟိုမှ လူကြီးများကလည်း မသိချင်ယောင်ဆောင် လက်ခံခဲ့ကြ
တစ်ဦးတည်းမှ ဖြည့်စွက်လက်မှတ်ထိုးထားခြင်းသာဖြစ်ကြောင်း ပေါ်လွင်နေသည့် ကော်မတီသို့ တင်သွင်းသော လူစာရင်းများ
ရန်ကုန်၊ ဖေဖော်ဝါရီ ၆
ပြည်ခိုင်ဖြိုးပါတီ၏ CEC တစ်ဦးဖြစ်သူ ယခင်ရန်ကုန်တိုင်း ဒေသကြီး တာဝန်ခံ၊ ရန်ကုန် မြို့တော်ဝန်နှင့် ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်သိန်းလင်း၏ တာဝန်ခံချက်ဖြင့် ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသော နိုင်ငံတော် သမ္မတ အရည်အချင်း သတ်မှတ်ချက် ဆိုင်ရာ ပုဒ်မ ၅၉(စ) အပါအ၀င် ပြင်ဆင်နိုင်ရန် အလွန်တရာ အရေးကြီးလှသော ပုဒ်မ ၆ ခုကို လုံးဝ မပြင်ဆင်ရန် လူတစ်သိန်းကျော်က ဆန္ဒပြုထားကြောင်း ကိစ္စရပ်သည် ပြည်ခိုင်ဖြိုး၏ အသင်းဘ၀ကပင် ဆောင်ရွက်ခဲ့သော လုပ်ထုံးလုပ်နည်းများနှင့် ယခု ဓာတ်ပုံ ဖော်ပြထားသော အချက်အလက်များအား နှိုင်းယှဉ်စိစစ် သုံးသပ်မှုများ ပြုလုပ်ရာတွင် ယင်း လူတစ်သိန်းကျော် ဆန္ဒပြုခြင်း ကိစ္စရပ်သည် လုပ်ကြံ ဖန်တီးထားခြင်းသာ ဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။
ပြည်ခိုင်ဖြိုးသည် အသင်းမှ ပါတီသို့ မကူးပြောင်းမီ အချိန်များကပင် မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းအဆင့် စသည်ဖြင့် အဆင့်ဆင့် ပြုလုပ်လေ့ရှိသော အသင်းဝင် အဆိုပြုလွှာများကို ရပ်/ကျေး အဆင့် စည်းရုံးရေးမှူးများ၊ အမှုဆောင်များနှင့် အသင်းလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်လေ့ရှိသော အသင်းသား အချို့က ရပ်ကွက် အုပ်ချုပ်ရေးပိုင်း ဆိုင်ရာထံမှ တောင်းယူ ရရှိထားသော (သို့မဟုတ်) အလိုရှိချိန်တွင် တောင်းယူ အသုံးပြုသော ရပ်ကွက် အိမ်ထောင်စု သန်းခေါင် စာရင်းများ ရှိသူများ၏ အမည်၊ မှတ်ပုံတင်၊ နေရပ် လိပ်စာ၊ အလုပ်အကိုင် စသည်ဖြင့် အသင်းဝင် အဆိုပြုလွှာတွင် ဖြည့်စွက်ရန် လိုအပ်သည့် အချက်အလက် များကို အထက်ပါ ရပ်/ ကျေး အဆင့်ရှိသူများက မိမိတို့ဘာသာ ကူးယူ ဖြည့်စွက်၍ လုပ်ကြံ ဖန်တီးခဲ့မှု များကို အဆိုပြုလွှာများ ပေးအပ်သည့် အခါတိုင်း ပြုလုပ် ခဲ့ကြသည်။
အထက်ဖော်ပြပါ လူစာရင်းဇယားစာရွက်များဖြင့် တင်ပြလာသော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီး၏ ပြည်ခိုင်ဖြိုးပါတီများမှ စာရွက်အစုအပုံများ။
ထိုစာရွက်များတွင် လက်မှတ်ရေးထားသည်ဆိုသည့်သူများ
အားလုံးသည် ပြည်ခိုင်ဖြိုးပါတီဝင်များသာဖြစ်ကြောင်း ဆို၏။
ထိုစာရွက်များတွင် လက်မှတ်ရေးထားသည်ဆိုသည့်သူများ
အားလုံးသည် ပြည်ခိုင်ဖြိုးပါတီဝင်များသာဖြစ်ကြောင်း ဆို၏။
ယင်းသို့ ပြည်ခိုင်ဖြိုး၏ လုပ်ကိုင် ဆောင်ရွက်ပုံကို ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ပြည်ခိုင်ဖြိုး အသင်းတွင် တာဝန် ထမ်းဆောင်ခဲ့သည့် (အသင်းဝင်အမှတ် မသိရှိတော့) ယင်းမြို့နယ် ၃၂ ရပ်ကွက်၊ အေးမြသာယာ လမ်းတွင် နေထိုင်ခဲ့သော ဦးဝင်းကိုကိုဦးက မြန်မာသံတော်ဆင့်သို့ အောက်ပါအတိုင်း ဖွင့်ဟ ပြောကြားသည်။
““ကျွန်တော် ၃၂ ရပ်ကွက် ပြည်ခိုင်ဖြိုး အမှုဆောင် (စည်းရုံးရေးရာတာဝန်ခံ) အဖြစ် လုပ်ခဲ့တုန်းက မြို့နယ်မှာ လူကြီးတွေလာလို့ အဆိုပြုလွှာတွေ အခမ်းအနားနဲ့ ပေးရခါနီးပြီဆိုရင် သုံးလေးပတ် လောက်အလိုပေါ့။ ကျွန်တော်တို့ ရပ်ကွက်ပေါင်းစုံက စည်း/မှူးတွေ၊ ဒါမှမဟုတ် အမှုဆောင်တွေကို ခေါ်ပြီး မြို့နယ် အတွင်းရေးမှူးက ဘယ်နေ့ နောက်ဆုံးထားပြီး အသင်းဝင် အဆိုပြုလွှာတွေ မြို့နယ်ကို လာပေးကြဖို့ မှာတယ်။ တစ်ခါတလေဆို အဘဦးအောင်သိန်းလင်း လာမယ်၊ အဘ သူရဦးအောင်ကို လာမှာတို့ ပြောပြီး တစ်ရပ်ကွက်ကို အဆိုပြုလွှာ ဘယ်လောက် ပေးရမယ်ဆိုတာပါ သတ်မှတ် ပေးလိုက်တယ်။ မြို့နယ် အတွင်းရေးမှူးက အဲဒီလို ခေါ်ပြောတာကလည်း ကောင်းကောင်းမွန်မွန် ပြောတာ မဟုတ်ဘူး။ အာဏာနဲ့ ငေါက်ငမ်းပြီး မလုပ်မနေ မဖြစ်မနေ ခိုင်းတာ။ ကျွန်တော် ကိုယ်တိုင် အဲဒီလို အစည်းအဝေးတွေ အများကြီး တက်ခဲ့ရတယ်။ အစည်းအဝေးက ပြန်လာပြီဆိုတာနဲ့ ဘယ်တုန်းကမှ ရုံးလာလေ့မရှိတဲ့ အမှုဆောင်တွေလည်း ရပ်ကွက်ရုံးက ကျွန်တော်တို့အတွက် ပေးထားတဲ့ နေရာမှာ စုပြီး ရပ်ကွက် သန်းခေါင်စာရင်းထဲက ဟာတွေကို ကူးရေး ကြတော့တာပဲ။ များသောအားဖြင့် သုံးလေးရက်လောက် ဆက်ရေးရတာ။ ကျွန်တော်တို့လို အဲဒီ အချိန်တုန်းက ကျောင်းသား လူငယ် အရွယ်တွေဆို ရပ်ကွက်ရုံးက သန်းခေါင်စာရင်း ဖိုင်တွဲတွေ၊ အဆိုပြုလွှာတွေ အိမ်ယူသွားပြီး အိမ်စာ လုပ်သလို အိမ်မှာရေးကြတာ။ တစ်ခါ အခမ်းအနား တစ်ခုဆို တစ်ရပ်ကွက်ကို အဆိုပြုလွှာ ၂၀၀၊ ၃၀၀ လောက် ပေးရတာ။ လက်မှတ်လည်း ကိုယ့်ဘာသာ ကိုယ်ထိုးပဲ။ ကျွန်တော်ဆို အဲဒီတုန်းက အဆိုပြုလွှာတွေ ကူးရေးရလွန်းလို့ ဘောပင်ကိုင်တဲ့ နေရာမှာ နာတောင်နေတယ်။ ရေးပြီးရင် တစ်ရပ်ကွက်နဲ့ တစ်ရပ်ကွက် အပြိုင်အဆိုင် မြို့နယ်ကို သွားတင်ကြတယ်။ မြို့နယ်ကလည်း မသိချင် ယောင်ဆောင်ပြီး အစစ်အဆေးမရှိ လက်ခံလိုက်တယ်။ အဲဒီလက်ခံတဲ့ မြို့နယ်က လူတွေကိုယ်တိုင်လည်း ရပ်/ကျေး အဆင့်တွေ လုပ်ခဲ့တုန်းက ဒီလိုပဲ ကူးရေးခဲ့တာပဲ။ အဘတွေ လာတော့လည်း အဆိုပြုလွှာ ဘယ်နှထောင်ပါ၊ ၃လ ၅ လ အတွင်း ကျွန်တော်တို့ မြို့နယ်က အသင်းဝင် ဘယ်နှထောင် တိုးပါတယ် ဆိုပြီး မျက်နှာလုပ် အခမ်းအနားနဲ့ အပ်လိုက်တာပဲ။ အဘတွေကလည်း စင်ပေါ်တက် လက်ခံပြီး အဲဒီအဆိုပြုလွှာ တွေကို လှည့်တောင် မကြည့်တော့ဘူး။ ဒီအဆိုပြုလွှာတွေ ဘယ်လို ရလာလဲဆိုတာ သူတို့လည်း သိတာပဲ။ အဲဒီလိုနဲ့ မြို့နယ်ကနေ ခရိုင်၊ ခရိုင်ကနေ တိုင်း၊ တိုင်းကနေ ဗဟို အဆင့်ဆင့် အသင်းဝင်ဦးရေ ဘယ်လောက် တိုးပါတယ်၊ ဘယ်လောက် ရှိပါတယ် ဆိုပြီး အခမ်းအနားတွေနဲ့ အပ်ကြ၊ ကြေညာကြ၊ လက်ခံကြ လုပ်ခဲ့တာပဲ။ ဒါက ကျွန်တော်တို့ရှေ့က သူတွေလုပ်ခဲ့တဲ့၊ ကျွန်တော်တို့လည်း လုပ်တယ်။ ကျွန်တော်တို့ နောက်က လူတွေလည်း ဒီအတိုင်းပဲ။ ဒါပြည်ခိုင်ဖြိုးက လုပ်နေကျ။ အဲဒီအချိန်က အသင်းဝင် အဆိုပြုလွှာတွေ ဆိုရင် တောင်းလို့ရရင် တောင်းယူကြည့်လိုက်၊ ဥပမာ- ကျွန်တော်တို့ ၃၂ မှာ စည်းရုံးရေးရာ လုပ်တုန်းက ကျွန်တော် ယူကူးရေးတဲ့ သန်းခေါင်စာရင်းတွေက လမ်းအလိုက်၊ အပိုင်အလိုက် တွဲတွဲပြီး ချုပ်ထားတာ။ ဒီတော့ ကျွန်တော်က တစ်တွဲကနေ ကူးရေးတယ် ဆိုရင် အဲဒီလမ်း၊ အဲဒီအပိုင်က အသင်းဝင် အဆိုပြုလွှာတွေ အားလုံး ကျွန်တော့် လက်ရေးတွေချည်းပဲ။ လက်မှတ်လည်း ကျွန်တော့် လက်ရေးနဲ့ ထိုးတယ်။ ဘယ်လို ထိုးလဲဆိုတော့ နာမည်က ဦးထွန်းဆိုရင် ထွန်းဆိုတာ ခြစ်ချင်သလို ခြစ်ပြီး ထိုးလိုက်တယ်။ အဆိုပြုလွှာက တစ်စုံကို နှစ်ရွက် ရေးရတာဆိုတော့ နောက်တစ်ရွက်က လက်မှတ်ကို ရှေ့တစ်ရွက်က လက်မှတ်နဲ့တူအောင် သတိထားပြီး ထိုးလိုက်တယ်။ အဲဒီ ကျွန်တော် လက်မှတ် ထိုးပေးလိုက်တဲ့ သူနဲ့ ကျွန်တော် မျက်နှာချင်းဆိုင် တွေ့ရင်တောင် ဘယ်သူမှန်း မသိနိုင်ဘူး။ သူကလည်း သူ ကြံ့ခိုင်ရေး အသင်းဝင် ဖြစ်နေပါပြီ ဆိုတာလည်း မသိဘူး။ အဲဒီလိုပဲ ကျွန်တော်တို့ လုပ်ခဲ့တာ””ဟု မြန်မာသံတော်ဆင့်သို့ ပြည့်စုံစွာ ရှင်းလင်း ပြောကြားသည်။
ပြည်ခိုင်ဖြိုး အသင်းအနေဖြင့် ယင်းသို့ အဆိုပြုလွှာများ လုပ်ကြံ ဖန်တီးခဲ့ခြင်းကြောင့် အသင်းဝင် အမည်စာရင်းများ ရှိသော်လည်း မြို့နယ်မှ ရန်ပုံငွေဖြင့် အမြတ်တင်ထားသော ပြည်ခိုင်ဖြိုး အသင်းဝင် ကတ်များသည် ရပ်/ကျေး အဆင့်များမှ စိုက်ထုတ် ၀ယ်ယူနိုင်ခြင်း မရှိသဖြင့် အခမ်းအနား တစ်ခုအဖြစ် အဆိုပြုလွှာ တစ်ထောင် စာရင်းပေါက် စေကာမူ အသင်းဝင်ကတ် ထုတ်ပေးရခြင်းမှာ ဆယ်ဂဏန်းမျှ သာ ရှိတတ်ခြင်း၊ တစ်ခါတစ်ရံ မြို့နယ် အတွင်းရေးမှူးများက ကြိမ်းမောင်း မာန်မဲကာ ၀ယ်ယူစေမှုများ ရှိတတ်ခြင်း ကြောင့် အသင်းဝင်ကတ်များကို ကြိုတင်ငွေသွင်းကာ ယူလာ ခဲ့ရသော်လည်း ရပ်ကွက် အသင်း ဗီရိုများထဲတွင် ကတ် အလွတ်များဖြင့်သာ သိမ်းဆည်း ထားခဲ့ရခြင်းများ ရှိကြောင်း ပြည်ခိုင်ဖြိုး အသင်းတွင် နှစ်ရှည်လများ ပါဝင် ခဲ့သူများက သက်သေပြုကြသည်။
ထို အသင်းဝင်ကတ်များကို မြို့နယ် အတွင်းရေးမှူး၏ အငြိုငြင် မခံရစေရန် ၀ယ်ဆိုသည့် အချိန်တွင် ကြိုတင်ငွေ ပေးဝယ်ယူနိုင်ရန် တစ်နှစ်တာအတွင်း မြန်မာ့ရိုးရာ ထုံးတမ်း အလှူဒါနများအတွက် ရပ်ကွက် လူထုထံမှ လိုက်လံ ကောက်ခံရရှိသည့် အလှူငွေများကို အမှန်တကယ် လှူဒါန်းမှုများတွင် တတ် နိုင်သမျှ အနည်းငယ်သာ သုံးစွဲကာ ရပ်ကွက် ရန်ပုံငွေအဖြစ် ဆောင်ထားရခြင်းများ ရှိကြောင်း၊ ရပ်ကွက် ပြည်ခိုင်ဖြိုး အသင်းများအတွက် ရန်ပုံငွေ ကိုယ်တာအဖြစ် ရရှိသော ရပ်ကွက် ရေစက် မြေနေရာများ၊ အခြား အဖွဲ့အစည်းများနှင့် ခွဲဝေပိုင်ဆိုင်ထားသည့် ရပ်ကွက်အုပ်ချုပ်ရေးရုံး အနီးဝန်းကျင်ရှိ ရန်ပုံ ငွေဆိုင်ခန်း များမှ ရရှိသော ၀င်ငွေများသည်မူ ရပ်ကွက် အမှုဆောင်အဖွဲ့၏ လက်ဖက်ရည်ဖိုး၊ မြို့နယ်ရုံးများသို့ သွားရောက် သည့်အခါ မျက်နှာကောင်း ရစေရန် မြို့နယ် အတွင်းရေးမှူးများ၊ မိမိတို့ရပ်ကွက် နယ်မြေတာဝန်ခံ မြို့နယ် အလုပ်အမှုဆောင်များအား လက်ဖက်ရည်တိုက်၊ အရက်တိုက်ခြင်းများ ပြုလုပ်နိုင်ရန်သာ အများဆုံးသုံးစွဲ လေ့ရှိကြောင်းလည်း ပြည်ခိုင်ဖြိုး အသင်းတွင် ပါဝင်ခဲ့သူများက ပြောကြားသည်။ ထို့ပြင် ရပ်ကွက်အတွင်းမှ အလှူငွေ ကောက်ခံရရှိစေရန် မြို့နယ်အသင်းက ခေါင်းစဉ်အမျိုးမျိုး တပ်ကာ အလှူခံခွင့် အခွင့်အရေးများ ဖန်တီးပေးကြပြီး ရပ်/ကျေး အဆင့်မှ ရပ်ကွက်အတွင်း အလှူခံမှုများ ပြုလုပ်ပြီးစ အချိန်များတွင် မြို့နယ် အလုပ်အမှုဆောင် နယ်မြေ တာဝန်ခံများက ရပ်ကွက်များသို့ နယ်မြေ စစ်ဆေးရေးများ ဆင်းတတ်ကြောင်း၊ ထိုသို့ ဆင်းလာသော မြို့နယ်အလုပ် အမှုဆောင် နယ်မြေ တာဝန်ခံများကို ရပ်/ကျေး အသင်းများက အလှူခံ ရရှိငွေများဖြင့် ဧည့်ခံကြရကြောင်း၊ အချို့မြို့နယ် အလုပ်အမှုဆောင် နယ်မြေ တာဝန်ခံများ ဆိုလျှင် အပြန် လက်ဆောင်ပစ္စည်း မရရှိပါက မြို့နယ်လပတ် အစည်း အဝေးများတွင် ထိုရပ်/ကျေး အသင်းအား အတွင်း ရေးမှူး၏ ဆူပူကြိမ်းမောင်း မာန်မဲခြင်း ခံရစေရန် ပြုလုပ်တတ်ခြင်းများပင် ရှိကြောင်း အထက်တွင် ဖော်ပြခဲ့သည့် ဦးဝင်းကိုကိုဦးက ပြောသည်။
ယခု နိုင်ငံရေး အသိုင်းအ၀ိုင်းနှင့် ပြည်သူလူထုအကြား အငြင်းပွားဖွယ် ဖြစ်ပေါ်လျက် ရှိသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ပူးပေါင်း ကော်မတီ အစီရင်ခံစာ၌ ဖော်ပြထားသော ပုဒ်မ ၆(စ)၊ ပုဒ်မ ၅၉(စ)၊ ပုဒ်မ ၃၇၇၊ ပုဒ်မ ၃၃၈၊ ပုဒ်မ ၄၃၆၊ ပုဒ်မ ၄၄၅တို့အား မပြင်ဆင်ဘဲ ထားရှိရန် ဆန္ဒပေးထားသည် ဆိုသော လူဦးရေ တစ်သိန်းကျော်၏ အကြံပြုချက် ဖော်ပြမှုပါ စာရင်းများကို မြို့နယ် အသီးသီးမှ (အထူးသဖြင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်း) လက်ရှိ ပြည်ခိုင်ဖြိုးပါတီ မြို့နယ် အတွင်းရေးမှူးများက လက်မှတ်ရေးထိုး၍ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဌာနချုပ်၊ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းထံ လိပ်မူ ပေးပို့ထားခြင်းများ ဖြစ်သည်ကို တွေ့ရသည်။ အဆိုပါ စာရင်းပါ လူဦးရေ ဇယားများ၏ စဉ်၊ အမည်၊ မှတ်ပုံ တင်အမှတ်၊ နေရပ်လိပ်စာ၊ လက်မှတ် ဇယားကွက်များတွင် ဖြည့်စွက် ထားသည်မှာ အထက်ဖော်ပြပါ ပြည်ခိုင်ဖြိုး အသင်း အဆိုပြုလွှာများတွင် တစ်ဦးတည်းက ရေးသားထားခြင်းများ ဖြစ်ကြောင်း တိကျ သေချာစွာ တွေ့ရသည်။ လက်မှတ် ရေးထိုးထားမှု များမှာလည်း ပြည်ခိုင်ဖြိုး အသင်းဘ၀ အဆိုပြုလွှာများနှင့် တိုက်ဆိုင် စိစစ်ပါက ထိုအပြုအမူအတိုင်း လက်မှတ်ရေး ထိုးထားသည့် ပုံစံများသာ ဖြစ်သည်။
ယင်းကိစ္စရပ်နှင့် ပတ်သက်၍ ကော်မတီ အစီရင်ခံစာပါ လူဦးရေ တစ်သိန်းကျော်ထဲတွင် ဦးရေ ၁၇၆၃ဦး ပါဝင်ဆန္ဒပြုချက် ပေးပို့ထားသည့် ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ် ပြည်ခိုင်ဖြိုး ပါတီအတွင်းရေးမှူး ဦးခင်မောင်ဇော်က ““လက်ရေးကတော့ တူတယ်။ လက်ရေးတူတာက ဒီက နာမည်ရေးပြီးတော့ လက်မှတ်ပဲ သူတို့ကို ထိုးခိုင်းတာ။ လက်ရေးကတော့ တူမှာပေါ့။ လိုအပ်ရင် အဲဒီ ထိုးတဲ့ ကာယကံရှင်တွေကို မေးလို့ ရတယ်။ တစ်အိမ်တက်ဆင်း လုပ်ထားကြတာတွေ များတယ်။ တို့က တစ်အိမ်တက်ဆင်း ၅၉(စ) ဆိုတာဘာ ရှင်းပြီးတော့၊ စာရွက်တွေပါ ကမ်းပြီးတော့ သူတို့ကြိုက်မှထိုး၊ သူတို့ကို သေချာ ရှင်းပြီးတော့မှ လုပ်တာပါ”” ဟု ငြင်းဆိုခဲ့သည်။

ဤသို့ မပြင်ဆင်ဘဲ ထားရှိရန် ဆန္ဒပြုထောက်ခံသူများစာရင်း ပေးပို့ခြင်းဟုသာပါရှိသော တင်ပြစာ တစ်ရွက်တည်း (ပုံ-၁)နှင့် ထိုတင်ပြစာဖြင့် ပူးတွဲပါရှိလာသော လူစာရင်းဇယားစာရွက်များ(ပုံ-၂)။(ပုံ-၁)ပါ တင်ပြစာတွင် လက်မှတ်ရေးထိုးထားသည့် မြို့နယ်ပါတီ အတွင်းရေးမှူးသည် ယခုသတင်းဖော်ပြမှုတွင်ပါရှိသော
ပြည်ခိုင်ဖြိုးအသင်း အဆိုပြုလွှာများအား လုပ်ကြံဖန်တီးမှုများပြုလုပ်ခဲ့ ကြောင်း ၀န်ခံထားသည့် ဦးခင်မောင်ဇော်ဖြစ်သည်။
ပြည်ခိုင်ဖြိုးအသင်း အဆိုပြုလွှာများအား လုပ်ကြံဖန်တီးမှုများပြုလုပ်ခဲ့ ကြောင်း ၀န်ခံထားသည့် ဦးခင်မောင်ဇော်ဖြစ်သည်။
သို့သော် အသင်းဘ၀က အထက်ပါ လုပ်နည်းများအတိုင်း ဆောင်ရွက်ခဲ့သည်မှာ မှန်ကန်ကြောင်း ၎င်း၏ ပြောကြားချက်များထဲတွင် သက်သေပြုနေပြီး ယခုအခါတွင်မူ ပါတီဝင် လျှောက်လွှာများ၌ ထိုသို့ ဆောင်ရွက်ခြင်း မရှိတော့ကြောင်း ပြောသည်။
““အရင်တုန်းကတော့ ရတယ်လေကွာ။ အခုက မရဘူးဆိုတာ ဘာကြောင့်လဲဆိုတော့ ဓာတ်ပုံပါ ပါရတာ။ ဓာတ်ပုံပါ ပါရတဲ့အတွက် ဒီအတိုင်း ကိုယ့်ဘာသာကိုယ် ဖြည့်လို့ မရတော့ဘူး။ ဖောင်ပါ အကုန်ပါရတယ်။ အရင်တုန်းကလို မဟုတ်ဘဲ ဓာတ်ပုံပါ ပါရတဲ့အတွက် ကာယကံရှင် မသိဘဲ လုပ်လို့ မရတော့ဘူး””ဟု ဦးခင်မောင်ဇော်က ပြောသည်။
အဆိုပါ လူတစ်သိန်းကျော် အကြံပြုထားသည်ဟု ဆိုကာ တင်ပြသည့် စာရင်းများနှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ““ဦးအောင်သိန်းလင်း တစ်သိန်းကျော် တင်တဲ့ဟာမျိုး ဆိုရင် ထုတ်ပြန်ရမှာလေ။ ဘယ်သူက တာဝန်ခံပြီး တင်တာလဲဆိုတာ။ အခုတင်တဲ့ အထဲမှာ နာမည်တူတာတွေ၊ လိပ်စာတူတာတွေ၊ မှတ်ပုံတင်တူ တာတွေလည်း ပါနေတယ်””ဟု ပြောသည်။
ဦးအောင်သိန်းလင်း တာဝန်ခံ၍ ပြည်ခိုင်ဖြိုးပါတီမှ တင်ပြသော အဆိုပါ လူဦးရေ တစ်သိန်း တင်ပြမှုသည် လူတစ်ဦး တစ်ယောက်တည်းမှ အများစုအဖြစ် ရေးသားထားသည့် သဘောသာ ဖြစ်ကြောင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီဝင် ဒေါက်တာဦးအေးမောင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။
ထို့ပြင် ယင်းကိစ္စကို အစီရင်ခံစာတွင် ထည့်သွင်း ဖော်ပြခြင်း ပြုရန်အတွက် ကော်မတီ၏ နောက်ဆုံး အစည်းအဝေးများတွင် ဦးအောင်သိန်းလင်းနှင့် အခြားကော်မတီဝင်များ အပြင်းအထန် အငြင်းအခုံ ဖြစ်ခဲ့ ကြရကြောင်း ကော်မတီဝင်များက ပြန်လည် ပြောကြားမှု ရှိသည်။
ယင်းသို့ အစည်းအဝေးတွင်း အချေအတင် ကန့်ကွက်ခဲ့ကြသည်ကို ““အဲဒီမှာ အရေအတွက်တော်တော်လေး အငြင်းအခုံ ဖြစ်တယ်။ ပါတီ ကိုယ်စားပြုတဲ့ စောင်ရေ၊ နိုင်ငံသားတွေက လာတဲ့ စောင်ရေတို့မှာ နိုင်ငံသား တစ်ဦးက ဦးဆောင်တယ်။ နိုင်ငံသားတစ်ဦး တင်ပြတဲ့ အချက်အလက်ကို လူလေးထောင် လက်မှတ် ထိုးထားတာမျိုး၊ မှတ်ပုံတင်အမှတ် ပါတဲ့အခါ တချို့က အမတ်တွေ ချပြတယ်။
ဒါကြီးဟာ လူတစ်ယောက်တည်း ရေးတဲ့ ပုံစံမျိုးပဲ။ ဒေါက်တာ စိုးရင်တို့ကလည်း ပြန်ပြောကြတယ်။ လေ့လာ သုံးသပ်တဲ့ ကော်မရှင်တွေနဲ့ စနစ်တကျ လေ့လာဖို့ ဆိုတဲ့အခါမှာ စာတစ်စောင်ဆိုရင် တစ်စောင်ပေါ့။ တစ်ယောက်ချင်း စာတစ်စောင်လာမှ တစ်စောင်အဖြစ် သတ်မှတ်သင့်တာပေါ့။ စောင်ရေလည်း ဖော်ပြတယ်။ နောက်မှတ်ချက်မှာ လူဦးရေ တစ်သိန်းကျော်ဆိုတဲ့အခါ ကျတော့ ပုဒ်မတစ်ခုကို နဂိုအတိုင်း ထားချင်တဲ့သူက သိန်းကျော်ဖြစ်ရင် ဖြစ်သွားမှာပေါ့။ စောင်ရေက လျော့တယ်။ လက်မှတ်ထိုးတဲ့လူက အကြောင်းအရာ တစ်ခုကို သိန်းကျော်ရင် ဆိုတဲ့ဟာနဲ့ လွှမ်းမိုးသွားရင် ကျွန်တော်တို့ သုံးသပ်တာပေါ်မှာ တစ်မျိုး မြင်သွားနိုင်တယ်”” ဟု မြန်မာသံတော်ဆင့်သို့ ပြောသည်။
ပြည်ခိုင်ဖြိုး အသင်းအဖြစ် တည်ရှိစဉ်က လုပ်ကြံဖန်တီးထားသော စောင်ရေများကို အခမ်းအနားများ အဖြစ် ပေးအပ်သည့်အခါ လက်ခံသူအဖြစ် ဆောင်ရွက်ခဲ့ရခြင်းရှိသူ တစ်ဦးဖြစ်သည့် လက်ရှိပြည်ခိုင်ဖြိုးပါတီ ဗဟိုအမှုဆောင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကိုကပင် ယခုကိစ္စရပ်အပေါ် ““အခြေခံ ဥပဒေ ပုဒ်မ၅၉(စ) ပေါ့လေ။ တစ်သိန်းခြောက်ထောင် ကျော်သော လူပုဂ္ဂိုလ်တွေက မပြင်ပါနဲ့၊ မထိပါနဲ့လို့ အကြံပြုတယ်လို့ ပြည်ခိုင်ဖြိုးပါတီ CEC တစ်ဦးက ပူးပေါင်း ကော်မတီကို တင်ပြခဲ့ပါတယ်။ သူ့တင်ပြချက် အတိုင်းပဲ ပူးပေါင်း ကော်မတီရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ တစ်သိန်းကျော် ဆိုတာကလည်း နာမည်ရေးတယ်။ လက်မှတ်ထိုးတယ်ပေါ့။ မြို့နယ်ပေါင်းစုံ ပါပါတယ်။ အထူးသဖြင့် ရန်ကုန်တိုင်း ဧရိယာအတွင်း ပေါ့လေ။ ဘယ်ပါတီဝင်လို့ ဖော်ပြမထားပါဘူး။ ဒါဟာ မခိုင်မာဘူး။ အခြေအမြစ် ရှိတယ်ဆိုတာ မသေချာဘူးလို့ပဲ ပြောပါရစေ။ နောက်တစ်ခုက ပုဒ်မ ၅၉(စ)၊ အခန်း ၁၂၊ပုဒ်မ ၄၃၆ တို့ကိုလည်း မပြင်ပါနဲ့၊ ဒီအတိုင်းပဲ ထားပါလို့ ပြောတဲ့ အဖွဲ့အစည်း ပုဂ္ဂိုလ်တွေလည်း ရှိပါတယ်။ အခန်း ၁၂၊ ပုဒ်မ ၄၃၆ ကို မထိ၊ မတို့၊ မကိုင်တွယ်လို့ရှိရင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုတာ လုံးဝဖြစ်မလာပါဘူး။ ပြင်လို့လည်း မရပါဘူး။ အဲဒီတော့ ဘာဖြစ်လဲဆိုတော့ ဒါဟာ ကိုယ်ကျိုးစီးပွား ကာကွယ်တဲ့ လူတွေနဲ့ ပြည်သူ့အကျိုးစီးပွား ကာကွယ်တဲ့ လူပုဂ္ဂိုလ်တွေကြား အားပြိုင်မှု တစ်ခုလို့ မြင်ပါတယ်”” ဟု သုံးသပ် ပြောကြားသည်။
ဒေါက်တာဦးအေးမောင်က ယင်းသို့ လူဦးရေကို အခြေပြု၍ ဆုံးဖြတ် တင်သွင်းမျိုး ပြုလုပ်မည်ဆိုပါက မိမိတို့ RNDP ပါတီကလည်း လူဦးရေ တစ်သိန်းသာ မဟုတ် တစ်သန်းမျှ အထိပင် လက်မှတ် ထိုးတင်နိုင်ကြောင်း၊ သို့သော် မိမိတို့၏ ပါတီတစ်ရပ်သာ ဖြစ်သဖြင့် ကော်မတီသို့ တင်သော အကြံပြုချက်များကို ပါတီကိုယ်စား ပြုခြင်း တစ်ခုတည်းဖြင့်သာ တင်ပြခဲ့ကြောင်း၊ အခြားနိုင်ငံရေး ပါတီများမှလည်း ထိုသို့ပင် ပါတီကိုယ်စားပြု တင်ခြင်းများသာ ရှိကြောင်း၊ အမည်၊ လိပ်စာ၊ လက်မှတ်ပါရုံနှင့် အမှန်တကယ် ဟုတ်မဟုတ် ယုံကြည်ရန် ခက်ခဲသည်ကို ယခုကဲ့သို့ ဆောင်ရွက်ခြင်းသည် မည်သို့မှ မသင့်လျော်သော ဆောင်ရွက်ချက် ဖြစ်ကြောင်း ပြောကြားသည်။
မြန်မာသံတော်ဆင့်