ပြည်သူ့လွှတ်တော်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးအတွက် သုံးသပ်လေ့လာရေး ကော်မရှင်ကို ဖွဲ့စည်းပြီးနောက်ပိုင်းကာလတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပြည်သူနှင့်တွေ့ဆုံပွဲများ ကို အင်တိုက်အားတိုက်လုပ်ဆောင်ခဲ့သည်ကို မြင်တွေ့ခဲ့ရသည် ။ အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ်သည် ရွေးကောက်ပွဲဝင်စဉ်ကာလကပင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ကို ဦးတည်ချက် တစ်ရပ်အဖြစ်ချမှတ်ထားခဲ့ပြီးဖြစ်သည် ။ သို့ဖြစ်၍ လွှတ်တော်ကော်မရှင် ဖွဲ့စည်းပြီး နောက် ပိုင်းတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ဆွေးနွေးဟောပြောပွဲများကို တိုင်းတကာ ၊ မြို့ရွာအနှံ့ ကျင်းပ၍ ပြည်သူ လူထုထံမှ ဆန္ဒ ခံယူခဲ့ကြ သည် ။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေးအတွက် ပြည်သူ့အားကို လိုပါသည်ဟု ဆိုခဲ့သည် ။ ပြည်သူလူထုကလည်း ထိုဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို အုံးအုံး ကြွက်ကြွက် တစ်ခဲနက် ထောက်ခံ ဆန္ဒပြုခဲ့ကြသည် ။
ဤသို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်လိုသူတို့ဘက်မှ အသံများကျယ်လောင်လာချိန်တွင် မပြင် ဆင် လိုသေးသူတို့၏ အသံက သဲ့သဲ့မျှ ထွက်ပေါ် လာသည် ။ တစ်ဖြည်းဖြည်းပြင်ရမည် ။ အလောတကြီး ပြင်ဆင်ရန် ကြိုးစားလျှင် အန္တရာယ် ရှိနိုင်သည် ဟုဆိုကြသည် ။ အချို့ကတော့လည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် အမြှော် အမြင်ကြီး စွာဖြင့်ရေးဆွဲခဲ့သည်ဖြစ်၍ ပြင်ဆင်ရန် မလိုဟုဆိုသည် ။ အချို့ကျပြန် တော့ ရေးဆွဲ အတည်ပြုထားသည်မှာ အချိန်ကာလပင် မကြာမြင့် သေး၍ ပြင် ဆင်ရန် မဖြစ်နိုင်သေး ဟုဆိုကြပြန်သည် ။ သို့သော်ထိုသူတို့၏ စကားသည် ပြည်သူတို့ကြားတိုး မပေါက်ခဲ့ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပြည်သူလူထုဆန္ဒခံယူပွဲများက တစ်ဖြည်းဖြည်းမှသည် တမဟုတ်ချင်း ကြီးထွားလာသည် ။ တက်ရောက် သူပြည်သူတို့အင်အားက တစ်ပွဲထက် တစ်ပွဲများပြားလာသည် ။ တစ်ချိန်ထဲမှာ ပင် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပြည်သူ့ကွန်ရက်ကလည်း ပြည်သူများအကြား ဆွေးနွေးဟောပြောပွဲများ ပြုလုပ်၍ ဆန္ဒခံယူခြင်းများကို တစ်ဖက်တစ်လမ်းမှ လုပ်ဆောင် နေခဲ့သည် ။ ဤသည်တို့မှာ ဖွဲ့ စည်းပုံအခြေခံ ဥပဒေကို အကာအကွယ်ယူထားသူများအတွက် စိုးရိမ်စိတ် ငယ်ထိပ်တက်ကပ်လာစေခဲ့သည်ဟု ထင်မြင် ရ သည် ။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်သူများကို ကာကွယ်စောင့်ရှောက်နိုင်ရန် ၊ ပြည်ထောင်စု စနစ်ကို မှန်မှန်ကန်ကန်ဖော်ဆောင်ရန် ၊ ဒီမိုကရေစီနိုင်ငံသစ်ကို တည်ဆောက်ရန် စေတနာမှန်မှန်ဖြင့် ရေးဆွဲ ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုမဟုတ်ခဲ့ပဲ ၊ တိုင်းပြည်ကို စစ်အာဏာရှင်စနစ်ဖြင့် လွှမ်းမိုး အုပ်ချုပ် သွားခဲ့သူများ၏ နောက်ကြောင်းကို လုံခြုံစိတ်ချရစေရန် ရေးဆွဲထားခဲ့သော ဥပဒေတစ်ခုဖြစ်သည် ။ ဤအချက်ကို သူရဦးရွှေမန်းကိုယ်တိုင်ပြောကြားခဲ့သော စကားများတွင် အထင်အရှားမြင်ရသည် ။ သို့ဖြစ်၍ အာဏာရှင်စနစ်တွင် အကျိုးစီးပွားဖြစ်ထွန်းခဲ့ကြပြီး ၊ အာဏာကို လက်ဆုပ်မဖြေဘဲ ဆက်လက် ဆုပ်ကိုင်ထား လိုသောသူတို့အဖို့ ထိုဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ဆင်လိုကြသည်မှာ အံ့သြဖွယ်ရာမရှိချေ ။ ပြင်ဆင်ရန် ကြိုးပမ်းဆောင်ရွက်မှုများကိုလည်း နည်းလမ်းပေါင်းစုံဖြင့် ပျက်ပြားစေရန် အားထုတ်မည်မှာ ထူးဆန်းသည့် အကြောင်းတရားမဟုတ်ချေ ။
ထိုသို့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို အားကောင်းမောင်းသန် ဆောင်ရွက်လာကြသည့် အချိန် တွင် ဘာသာရေး လူမျိုးရေးခွဲခြားသော လှုံ့ဆော်မှုများပေါ်ထွက်လာသည် ။ ထိုဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မည် ဆိုလျှင် နိုင်ငံတော်ကို လူမျိုးခြားများအုပ်ချုပ်ခွင့်ရသော နိုင်ငံတော်အဖြစ်ပြောင်းလဲသွားလိမ့်မည် ။ နိုင်ငံတော် တွင် အမျိုးဘာသာ သာသနာမှေးမှိန်လိမ့်မည် စသည်ဖြင့် နိုင်ငံရေးအောက်လုံးကွက်များ ထွက်ပေါ်လာခဲ့ သည် ။
ဘာသာအယူကွဲပြားခြားနားသော နိုင်ငံသားများ ၊တိုင်းရင်းသားမဟုတ်သူ နိုင်ငံသား များကို ထိုးနှက် တိုက်ခိုက်သောဝါဒဖြန့်ချိမှုများ ဟောပြောမှုများ အချိန်ကိုက် ထွက်ပေါ်လာခဲ့သည် ။ ဤသည် မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို အာရုံစိုက်နေကြသော နိုင်ငံရေးပါတီများ ၊ အင်အားစုများအတွက် ချိန်တာကိုက်ထိုးနှက်ချက်ဖြစ်သည် ။ ဤထိုးနှက်မှုများသည် မူလက ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ခဲ့ကြ သော မြန်မာ့လူ့အဖွဲ့အစည်းတွင် သံသယများကို မျိုးစေ့ချ နေခဲ့သည်ဖြစ်ရာ အနာဂတ် နိုင်ငံအတွက်လွန်စွာ အန္တရာယ် ကြီးလှသော ကိစ္စတစ်ခုဖြစ်ပေသည် ။
ဖေဖော်ဝါရီလဆန်းပိုင်းတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲအစည်းတို့ ပူးပေါင်းဆောင်ရွက်ကြမည်ဟု ကြေညာချက်များထွက်လာသည် ။ ၂၀၁၄ ခုနှစ်ဖေဖော်ဝါရီ လ ၁၄ ရက်နေ့ရက်စွဲဖြင့်ထုတ်ပြန်ကြေညာချက်တွင်ဖော်ပြထားသည်မှာ ….. အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နှင့် ၈၈ မျိုးဆက်ကျောင်းသားများသည် ၁၉၈၈ အရေးတော်ပုံကြီးမှစ၍ ယနေ့တိုင် စဉ်ဆက်မပြတ်လက်တွဲ လှုပ်ရှားနေကြသည့် ဒီမိုကရေစီ အင်အားစုများဖြစ်သည်ဟူ၍ ဖော်ပြထားပြီး မြန်မာနိုင်ငံတွင် စစ်မှန်သော ဒီမိုကရေစီ ပေါ်ပေါက်ရေးအတွက် အရေးကြီးသော ယခုအသွင်ကူးပြောင်းရေး ကာလတွင် ပိုမိုပူးပေါင်း အဖြေရှာနိုင်ရန် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည် ။ ထိုတွေ့ဆုံဆွေးနွေးမှု၏ ရလာဒ်အဖြစ် အမျိုးသား ပြန်လည် သင့်မြတ်ရေးကို မျက်ခြည်မပြတ်စေဘဲ စစ်မှန်သော ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို ငြိမ်းချမ်း၍ တရားမျှတသော နည်းလမ်းများဖြင့် ပူးတွဲဆောင်ရွက် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည် ဟူ၍ ဖော်ပြထားခဲ့သည် ။
ထိုသို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း တို့၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မည်ဟု ထုတ်ပြန်ကြေငြာ ချက် ကိုကြားသိကြရသော ပြည်သူတွေ များစွာကျေနပ်ကြသည် ။ ပြည်သူတွေ နှစ်ထောင်းအားရကြသည် ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဆိုသည်က လူထုချစ်သော ၊ ယုံကြည်အားကိုးသော ဒီမိုကရေစီခေါင်းဆောင် ဦးဆောင်နေသည့် နိုင်ငံရေးပါတီကြီးဖြစ်ပြီး ၊ တစ်ခုက ဒီမိုကရေစီအရေးတိုက်ပွဲမှ ပေါ်ထွန်းခဲ့သည့် ပြည်သူ ချစ်ခင်သော ယုံကြည်အားထားသော ၈၈ မျိုးဆက်ကျောင်းသားများ၏ ပွင့်လင်းလူ့အဖွဲ့အစည်းဖြစ်သည် ။ ဤ အင်အားစုကြီး နှစ်ခု၏ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းလုပ်ဆောင်မည်ဟူသည့် ကြေငြာချက် က တာသွား လှ သည် ။ ဤပေါင်းစည်းမှုသည် နိုင်ငံကို အရွေ့တစ်ခုရွေ့သွားစေနိုင်သည်ဟု တွက်ဆကြ သည် ။ ၀မ်းမြောက် ၀မ်းသာဖြစ်ကြရသည် ။ တစ်ဖက်တွင် ထိုကဲ့သို့ လှိုက်လှဲဝမ်းသာ အားရစရာဖြစ်ခဲ့ချိန်တွင် အခြား တစ်ဖက်တွင် ကား ဆန့်ကျင်ဖက် ခံစားချက်တို့ဖြင့် ထိုးနှက်လိုက်သော အချက်ပေးခေါင်းလောင်းသံသဖွယ်ပင် ။
ထိုအချိန်ကာလတွင် တိုက်တိုက်ဆိုင်ဆိုင်ပင် ဘာသာခြားစာရေးဆရာတို့၏ ဟောပြောခွင့်များကို ပိတ်ပင်တားမြစ်လာသည့် လုပ်ဆောင်ချက်များပေါ်ပေါက်လာခဲ့သည်။ ထိုသို့လုပ်ဆောင်လာသည့် လုပ်ရပ်များ သည် မိမိတို့အမျိုးဘာသာ သာသနာကို ကာကွယ် စောင့်ရှောက်သည့် ဘောင်မှကျော်လွန်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားတစ်ဦး၏ မူလအခွင့်အရေးများကို ချိုးဖောက်ရာ ဖျက်ဆီးရာ ရောက်ခဲ့သည် ။ ပဋိပက္ခဖြစ် ပွားစေမည့် အခြေအနေဆိုက်ခဲ့သည် ။ သို့သော် အတိတ်ဖြစ်ရပ်များကို သင်ခန်းစာယူ၍ ထိုဖြစ်ရပ်တို့ ၏ နောက်ကွယ်မှ လက်မဲကြီးများကို မြင်ကြလျက် ၊ ထိုလက်မဲကြီးတို့၏ ရည်ရွယ်ချက်များကို သဘောပေါက် နားလည်သူများက ပဋိပက္ခ မဖြစ်ပွားရေး ကို သတိကြီးစွာဖြင့် ရှောင်ရှားနိုင်ခဲ့ကြသည် ။ နောက်နောင်တွင်လည်း ဤသို့သော ခလုပ်ကန်သင်း ထောင်ချောက်တွင်းကျင်းများက အဆက်မပြတ်ရောက် လာနိုင်သည်ကို သတိကြီးစွာထား၍ ရှောင်ရှားဖြတ်ကျော်ကြရန်သတိပေးချင်ပေသည် ။
မြန်မာနိုင်ငံသည် ၊ တိုင်းရင်းသားပေါင်းစုံ ၊ လူမျိုးပေါင်းစုံ ၊ ကိုးကွယ်ရာဘာသာအစုံ အတူယှဉ်တွဲ နေထိုင်သော နိုင်ငံတစ်ခုအဖြစ် နှစ်ကာလများစွာ တည်ရှိခဲ့ပြီးဖြစ်သည် ။ ထိုသို့သော နိုင်ငံတစ်ခုတွင် ငြိမ်းချမ်းစွာအတူယှဉ်တွဲ၍နေထိုင်နိုင်ကြရန်မှာ မတူကွဲပြားမှုများကို လက်ခံနိုင်စွမ်းရှိရသည် ။ တစ်ဦးချင်းစီ၏ လွတ်လပ်ခွင့် ၊ တန်းတူညီမျှရပိုင်ခွင့် မူလအခွင့်အရေးများကို လေးစားရသည် ။ လူတစ်ဦးချင်းစီ၏ ဂုဏ်သိက္ခာ ကိုတန်ဖိုးထားတတ်ရသည် ။ သို့မဟုတ်ပါက ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးတွင် အက်ကြောင်းများ ထင်လာပေလိမ့်မည် ။ ထိုသို့အက်ကြောင်းများထင်လာပြီဆိုပါက လူ့ဘောင်အဖွဲ့ အစည်းတွင် အန္တရာယ်ကျ ရောက်လာပေလိမ့်မည် ။ ထိုအခါတွင် နိုင်ငံတော်ချောက်ထဲမကျမီ ကယ်တင်ရန်အသင့် စောင့်ဆိုင်းနေ တတ်ကြသော လူတစ်သိုက်က ၀မ်းသာအားရနိုင်ငံကို ကယ်တင်ကြ ပေလိမ့်ဦးမည် ။
၈၈ အရေးတော်ပုံကြီးတွင် ရဟန်းရှင်လူပြည်သူများ အသက်ပေးစတေးခဲ့ကြသည်မှာ အာဏာရှင်စနစ် ချုပ်ငြိမ်းရေး နှင့် ဒီမိုကရေစီထွန်းကားရေး အတွက်ဖြစ်သည် ။ ထိုသို့တောင်းဆိုခဲ့ကြသည့် ဒီမိုကရေစီ ရရှိရေး တွင် ဟိုလူမပါ ၊ ဒီလူမပါရဟု တားမြစ်ပိတ်ပင်၍ ရစကောင်းသောအရာမဟုတ်ချေ ။ လူမျိုး တစ်မျိုး ၏ အင်အား ကိုထူထောင်ရေး ၊ အခြားလူမျိုးကို နိုင်ထက်ကျင့်ရေး ၊ ကိုးကွယ်ရာဘာသာတစ်ခု အင်အား ကြီး မားလာရေး ၊ အခြားဘာသာများကို ဖိနှိပ်ချုပ်ချယ်ရေးအတွက်လည်း မဟုတ်ဆိုသည်ကို နိုင်ငံသားများက သိနား လည်ကြသည် ။ မိမိတို့ကိုးကွယ်ရာဘာသာအယူဝါဒကို စောင့်ရှောက်ကာကွယ်ရာတွင် အခြားသူများ ယုံကြည် သက်ဝင်ရာ ဘာသာအယူဝါဒကို နှိမ့်ချခြင်းမပြုမစေရန် များစွာအရေးကြီးလှသည် ။
ဤသို့လုပ်ဆောင်ချက်များသည် တစ်စုတစ်ဖွဲက ရည်ရွယ်ချက်ရှိရှိဖြင့် တိုင်းပြည် တည်ငြိမ် အေး ချမ်းမှု ပျက်ပြားစေရန် အလံရှုးလုပ်နေခြင်းပင်ဖြစ်သည် ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်၍ ဒီမိုကရေစီ နိုင်ငံတော်အား တည်ဆောက်မည့်လုပ်ငန်းစဉ်ကို အနှောက်အယှက်ပေးခြင်းဖြစ်သည် ။ မသိ နားမလည်သူ တို့အား ဘာသာရေး မှိုင်းတိုက်၍ ပဋိပက္ခတစ်ခုကို ရှေးရှုဆောင်ရွက်စေခြင်းပင်ဖြစ်သည် ။ နိုင်ငံတွင် မတည် မငြိမ်ဖြစ်ပါက မည်သူတို့အတွက် အကျိုးကျေးဇူးဖြစ်ထွန်းမည်ကို ဆင်ခြင် သုံးသပ်ကြည့်ပါလျှင် နောက် ကွယ် မှ လက်မဲကြီး များ၏ ရည်ရွယ်ချက်တို့ ကို ထင်ထင်ရှားရှားတွေ့မြင်ပေလိမ့်မည် ။
မြန်မာတစ်နိုင်ငံလုံး တစ်စည်းတစ်လုံးတည်း လွတ်လပ်ရေးရရန်အတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ညီနောင်များ ပင်လုံ တွင်သွေးစည်းခဲ့ကြသည် ။ ထိုသို့သော သွေးစည်းညီညွတ် မှုကြောင့် သာလျှင် တစ်စည်းတစ်လုံးတည်း လုံးဝလွတ်လပ်ရေးကိုရယူခဲ့သည် ။ ယခု နိုင်ငံတော်ဒီမိုကရေစီအရေး တွင် ဤအချက်ကို နှလုံးသွင်းမြဲဖြံသင့်သည် ။ နိုင်ငံသားများ အချင်းချင်း လူမျိုးရေး ကြောင့်သော်လည်းကောင်း ၊ ကိုးကွယ်မှု ဘာသာတရားကြောင့် သော်လည်းကောင်း စိတ်ဝမ်းကွဲပြားကြလျှင် မျက်ဖြူဆိုက်လေ ဆရာကြိုက် လေဟူသကဲ့သို့ အာဏာကို မိမိတို့ လက်တွင်းတွင်သာ အစဉ်သဖြင့် ထားလိုသော အာဏာရှင် တို့ အကြိုက် တွေ့ကြပေလိမ့်မည် ။ ထိုအခါ ပြည်သူများဘ၀သည် သန်းခေါင်ထက်ညဥ့်နက်ရပေလိမ့်မည် ။
နွားတစ်ကောင် ချည်တိုင်မှ မခွာနိုင်ရခြင်းမှာ နဖားကြိုးကြောင့်ဖြစ်သည် ။ ချည်တိုင်မှ လွတ်မြောက် စေကာမူ အခြားသစ်ငုတ်သစ်ကိုင်းအစရှိသည်တို့နှင့် နဖားကြိုးတို့ ညိတိုင်း ချိတ်တိုင်း အချုပ်အချယ် အနှောင်အဖွဲ့မှ လွတ်မြောက်နိုင်မည်မဟုတ်ချေ ။ သို့ဖြစ်၍ အဓိကနှောင်ဖွဲ့သည်မှာ နဖားကြိုးဖြစ်သည် ။ နဖားကြိုးနှင့်မလွတ်သမျှ နှောင်ဖွဲ့ခြင်းကို ခံနေရမည်သာဖြစ်သည် ဟူ၍ တရားတစ်ပုဒ်ကိုနာခဲ့ရဖူး၏ ။ ယခု မြန်မာနိုင်ငံမှာ စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်လာ၍ အရပ်သားအစိုးရအုပ်ချုပ်မူသို့ ပြောင်းလဲ လာသည်ဆိုစေကာမူ စစ်အာဏာရှင်အငွေ့အသက်များနှင့် မကင်းလွတ်ချေ ။ ပြည်သူတို့၏ အချုပ်အခြာ အာဏာပိုင်ခွင့် ကို ချုပ်ကိုင်ခြင်းခံနေရဆဲဖြစ်၏ ။ နိုင်ငံသားတို့၏ မူလအခွင့်အရေးများကို ပိတ်ပင်ခြင်း ချုပ် ချယ်ခြင်းခံနေရဆဲဖြစ်၏ ။ ဤသည်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ နဖားကြိုးကြောင့် ဖြစ်သည် ဆိုသည့် အချက်ကို ရှင်းလင်းစွာသိမြင်သင့်၏ ။ နဖားကြိုးမပြုတ်သမျှ ဟိုငုတ်တွင်ငြိလိုက် ၊ သည်ငုတ်တွင် စွပ်မိ လိုက်ဖြင့် အရှင်းမလွတ်မြောက်နိုင်သကဲ့သို့ ၂၀၀၈ ဖွဲ့စည်းပုံနဖားကြိုးကို မဖြတ်နိုင်သမျှ ဟိုအချက်ဖြင့် ပိတ်ပင်လိုက် ၊ သည်အချက်ဖြင့် တားမြစ်လိုက်ဖြင့် အချုပ်အချယ် ခံနေရဦးမည်သာဖြစ်သည် ။
သို့ဖြစ်၍ နိုင်ငံကို ပြုလိုသူတို့က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်လိုနေကြခြင်းဖြစ်၏ ။ ပြည်သူကို ချုပ်ကိုင်နှောင်ဖွဲ့၍ အာဏာကို ဆုပ်ကိုင်ထားလိုသူတို့ကလည်းမပြင်ဆင်နိုင်စေရန် အားထုတ်ကြ မည်သာဖြစ်၏ ။ ဤသို့သောအခြေအနေတွင် အမျိုးမျိုးသော အနှောက်အယှက် ၊ အဖျက်အမှောက် အဟန့် အတား တို့ကို စီမံလုပ်ဆောင်ကြလိမ့်မည်သာဖြစ်၏ ။ ထိုစီမံချက်များထဲတွင် ဘာသာရေး ၊ လူမျိုးရေးမှိုင်း တိုက်၍ တိုင်းပြည်ကို မငြိမ်မသက်ဖြစ်အောင်လုပ်သော နည်းလမ်းသည် ၎င်းတို့၏ လက်နက်ကောင်း တစ်ခု အဖြစ် ကိုင်စွဲလာမည်ဖြစ်သည်ကို ဒီမိုကရေစီအရေးကြိုးပမ်းနေသူအားလုံးနှင့် ပြည်သူတစ်ရပ်လုံးကကောင်းစွာ သိမြင်ထားသင့်သည် ။ ဒီမိုကရေစီခရီးကို နီးစေလိုလျှင် အာဏာရှင်တို့၏ ထောင်ချောက်များ ၊ ခလုတ်တွင်း ကျင်းများ ၊ လှည့်ကွက်များကို ကောင်းစွာနားလည်ကြလျက် သတိကြီးစွာဖြင့် ရှောင်ရှားနိုင်ကြရ လိမ့်မည် ။ ထိုသို့ညဏ်ဖြင့်ညှိ ၊ သတိဖြင့်ဆင်ခြင်၍ နိုင်ငံသားတိုင်း နှလုံးစိတ်ဝမ်းညီလျှက် တစ်ခဲနက်ကြိုးပမ်းကြပါမှလျှင် ဒီမိုကရေစီ ခရီး အပြီးတိုင်ရောက်နိုင်လိမ့် မည်ဖြစ်ကြောင်း အသိပေးတိုက်တွန်းလိုက်ချင်ပါသည် ။
ထင် လင်း ဦး