ဖွဲ့စည်းပုံပြင်ဆင်ရေးကို မလေးနက်ဘဲ ဟန်ပြဖြင့်သာ လုပ်ဆောင်ပြနေသူများ၊ မပြင်ဆင်ချင်ဘဲ ပြင်ဆင် သယောင် ဆောင်နေသူများမှာ စစ်အာဏာရှင်များနှင့် အလွမ်းသင့်နေသူများဖြစ်၏။ ထိုထဲတွင် ယခုအစိုးရ လည်း ပါဝင်သည်။ စစ်တပ်နှင့် နိုင်ငံရေးပါတီအချို့လည်း ပါဝင်သည် . . .
ယခုရက်ပိုင်းများတွင် ပုဒ်မ၄၃၆ ဖျက်သိမ်းရေး လှုပ်ရှားမှုအတော်များများကို သတင်းစာထဲတွင် ဖတ်လာရ၏။ တစ်နေ့က ကျွန်တော်တို့ရှေ့တွင် လူထုဆန္ဒထုတ် ဖော်ပွဲအဖြစ် လူ ၃၀၀ ခန့် စီတန်းလှည့် လည်ခဲ့ကြသည်။ သူတို့ကိုင်သွားသော ပိုစတာများတွင် ပုဒ်မ ၄၃၆ ဖျက်သိမ်း ပေးရေး၊ ပုဒ်မ ၅၉(စ) ဖျက်သိမ်းပေးရေး တို့ကိုရေး သားထားပြီး ပါးစပ်မှလည်းဟစ် အော်သွားသည်ကို တွေ့ခဲ့ရပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး လှုပ်ရှားမှု များ ပြုလုပ်နေသည့် အချိန်တွင် ပုဒ်မ ၄၃၆ ဖျက် သိမ်းရေး လှုပ်ရှားမှုလည်း ပေါ်ပေါက်လာ လေသည်။ ပုဒ်မ ၄၃၆ ဖျက်သိမ်းရေးကို အဓိကတောင်းဆိုချက်အဖြစ် လှုပ်ရှားလာ ကြခြင်းဖြစ်ပါသည်။ ပုဒ်မ ၄၃၆မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအခန်း ၁၂ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ခြင်း ထဲမှ ပုဒ်မများ ဖြစ်၏။ ပုဒ်မ ၄၃၅တွင်-
““ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင် ရန်ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ် တော်ရှိ လွှတ်တော် ကိုယ်စား လှယ် ၂၀ ရာခိုင်နှုန်းက တင်ပြလာလျှင် အဆိုပါ ပြင်ဆင်ချက်ဥပဒေမူကြမ်းကို ပြည်ထောင် စုလွှတ်တော်က လက်ခံဆွေးနွေးရမည်”” ၏အဆက်ဖြစ်ပါသည်။
ပုဒ်မ၄၃၆(က)တွင်-…
““ဤဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း(၁)ပုဒ်မ(၁)မှ (၄၈)အထိ၊ အခန်း(၂) ပုဒ်မ(၄၉)မှ (၅၆)အထိ၊ အခန်း(၃) ပုဒ်မ (၅၇)မှ (၆၀)၊ အခန်း(၄) ပုဒ်မ (၇၄)၊ (၁၀၉)၊(၁၄၁) (၁၆၁)၊ အခန်း(၅) ပုဒ်မ (၂၀၀)၊ (၂၀၁)၊ (၂၄၈)၊ (၂၇၆)၊ အခန်း(၆) ပုဒ်မ ၂၉၃၊ ၂၉၄၊ ၃၀၅၊ ၃၁၄၊၃၂၀၊ အခန်း(၁၁)ပုဒ်မ ၄၁၀မှ ၄၃၁ ထိ၊ အခန်း(၁၂) ပုဒ်မ ၄၃၆တို့ရှိ ပြဋ္ဌာန်းချက် များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင် နှုန်းက သဘောတူလက်ခံကြောင်း ကြေညာပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး ၏ ထက်ဝက်ကျော် ထောက်ခံမှုရမှသာ ပြင်ဆင်နိုင်ပေမည်။
(ခ)ပုဒ်မခွဲ(က)တွင် ဖော်ပြထားသည့် ပြဋ္ဌာန်းချက်များမှအပ တခြားပြဋ္ဌာန်းချက်များကို ပြည်ထောင်စု လွှတ်တော် အမတ် ၇၅ ရာခိုင်နှုန်းကျော်၏ ထောက်ခံမှုနှင့် သာပြင်ဆင်ရမည်””ဟု ပါရှိလေသည်။
ပုဒ်မ၄၃၆ ပြင်ဆင်ရေးကို အဓိကလှုံ့ ဆော်သည့်အဖွဲ့အစည်းမှာ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဖြစ်သည်။ သူတို့မှာ စည်းရုံးထားသော မြို့နယ်အသီးသီးရှိ ပွင့်လင်းလူ့အဖွဲ့အစည်း ၀င်များဖြစ်သည်။ သူတို့သည် နိုင်ငံရေး ပါတီအဖြစ်ရပ်တည်ခြင်းမရှိဘဲ ဒီမိုကရေစီ လိုလားသောအဖွဲ့အဖြစ် ကူညီလုပ်ဆောင် ပေးနေကြသည်။ ငြိမ်းချမ်းရေးဖော်ဆောင် မှုတွင်လည်းပါသည်။ မြေသိမ်းလယ်သိမ်း ခံရသော လယ်သမားများ ဘက်မှပါသည်။ အလုပ်ရှင်နှင့် အလုပ်သမားပြဿနာများ ကို ဖြေရှင်းပေးကြသည်။ ယနေ့ကာလတွင် ကြားဝင်ဖျန်ဖြေပေးသူများအဖြစ် လှုပ်ရှား ဆောင်ရွက်နေသူများဟု ဆိုရပေလိမ့်မည်။ NLD ပါတီက ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ၂၀၁၅ အကြို၌ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်ကာ စည်းရုံး လှုံ့ဆော် လာသည့်အချိန်တွင် ပြည်ခိုင်ဖြိုးပါတီနှင့် တခြားပါတီများကလည်း ၂၀၁၅ အကြို စည်းရုံးမှုများ လုပ်လာသည်။ တချို့နယ်များ ဆိုလျှင် ၅၉(စ)မပြင်ရေးကို လူထုဆန္ဒဖော် ထုတ်မှုများပင် ပြုလုပ်လာ၏။ တစ်ချိန်တည်းတွင် ဘာသာရေး အစွန်းရောက်သူများ ကလည်း အစ္စလာမ်ဘာသာဝင် စာရေးဆရာများ၏ ဟောပြောပွဲများကို ဟောပြောပွဲကျင်းပခါနီးမှ အတင်းအဓမ္မတားဆီး ပိတ်ပင်တာမျိုးအား လက်ရဲဇက်ရဲလုပ်လာ ကြသည်။ဒေါ်အောင်ဆန်းစုကြည် သမ်္မတ မဖြစ်ရေးအတွက် တချို့က လှုံ့ဆော်ခြင်းများ၊ ဟောပြောခြင်းများ၊ လက်သိပ်ထိုး တီးတိုးဝါဒဖြန့်ခြင်း (Whispering Campign) များကို ပြုလုပ်လာကြလေသည်။ ၂၀၁၅ ရွေး ကောက်ပွဲအကြို နိုင်ငံရေးလှုပ်ရှားမှု များမှာ စိတ်ဝင်စားစရာ လည်းကောင်း၊ စိတ်ပျက်စရာလည်း ကောင်း လောက်အောင် လှုပ်လှုပ်ရှားရှား ဖြစ်နေကြလေ သည်။ အဓိက အတိုက်အခံ ပါတီကြီးဖြစ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကို အဓိက နိုင်ငံရေးလှုပ်ရှားမှုအဖြစ် စည်းရုံးလှုံ့ဆော် နေသလို ဒီမိုကရေစီရရှိရေးကို လိုလား တောင့်တသော စာပေနှင့် စာနယ်ဇင်းသမားများ၊ လူငယ်ကျောင်းသား အဖွဲ့အစည်းများ၊ ပြည်သူလူထုများ၊ တိုင်းရင်းသား ပါတီနှင့် အဖွဲ့အစည်းများကလည်း ၂၀၀၈ ဖွဲ့စည်းပုံပြင်ရေး ကို တက်တက်ကြွကြွ အားတက်သရော ပါဝင်ရေးသား လှုံ့ဆော် စည်းရုံးလျက်ရှိသည်ကို တွေ့ရလေသည်။ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကို မလေးနက် ဘဲ ဟန်ပြဖြင့်သာ လုပ်ဆောင်ပြနေသူများ၊ မပြင်ဆင်ချင်ဘဲ ပြင်ဆင် သယောင်ဆောင် နေသူများမှာ စစ်အာဏာရှင်များနှင့် အလွမ်း သင့်နေသူများဖြစ်၏။ ထိုထဲတွင် ယခု အစိုးရလည်း ပါဝင်သည်။ စစ်တပ်နှင့် နိုင်ငံရေးပါတီအချို့လည်း ပါဝင်သည်။ ကြံ့ဖွံ့ပါတီပင်လျှင် ပြင်ဆင်သင့် သည်များကို ပြင်ဆင်သင့်ကြောင်း ပြောဆိုနေသော်လည်း ယခင်စစ်အစိုးရကို အကာအကွယ် ပေးထားသော ဥပဒေပုဒ်မများအား ပြင်ဆင် ဖို့ကိုမူ သဘောထားလည်း မပေး၊ လှုံ့ ဆော်မှု လည်းမရှိပေ။ ၂၀၀၈ ဖွဲ့စည်းပုံကို အစိုးရက လုံးဝပြင်ဆင်ဖို့ မရည်ရွယ်ဘဲ ဆက်လက်ကျင့်သုံးဖို့သာ အားထုတ်နေ၏။ ဥပမာပုဒ်မ (၁၈)ကို လုံးဝမ ဖျက်သိမ်းဘဲ အပေါ်ယံပြင်ဆင်မှု လောက်နှင့် လွှတ်တော် အားတင်ပြထားသည်ကို တွေ့ရသည်။
ယနေ့ကာလ အခြေခံအကျဆုံးနှင့် အားလုံး လက်တွဲညီညီ လုပ်ဆောင်ရမည်မှာ ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေ ပြင်ဆင်ရေး ဖြစ်ပါသည်။ ထို့ထက်ပို၍ လေးလေးနက် နက် ပြောဆိုရမည်ဆိုလျှင် ၂၀၀၈ဖွဲ့စည်း ပုံကို လုံးဝဖျက် သိမ်းပြီး ပြည်သူလူထုက တက်တက်ကြွကြွ ပါဝင်ရေးဆွဲသော ဖွဲ့စည်းပုံကျင့်သုံးရေးဖြစ်သည်။ ထို့ကြောင့် လုံးဝ ဖျက်သိမ်းဖို့မှာ တိမ်မယောင်နှင့် နက်၊ လွယ်မယောင်နှင့်ခက်သောကြောင့် ပြင်ဆင်ဖို့ တောင်းဆို နေကြခြင်း ဖြစ်ပါသည်။ ထိုသို့ပြင်ဆင်ရေးအတွက် အချုပ်မှာ “၂၀၀၈ဖွဲ့စည်းပုံ ပြင်ဆင်ရေး”ဆိုသော ပြည်သူ လူထုတစ်ရပ်လုံးက တစ်သံတည်း ထွက်ရမည်ဖြစ်၏။ ထိုထဲတွင် ပုဒ်မ ၄၃၆လည်းပါသည်။ ပုဒ်မ ၅၉(စ)လည်း ပါသည်။ ပုဒ်မ(၁၈)လည်း ပါမည်စသည် စသည်ဖြင့် ၂၀၀၈ ဖွဲ့စည်းပုံတွင် ပါဝင်နေသော ထိုပုဒ်မများထက်ပင် ပို၍အရေး ကြီး၊ ပို၍ ဒီမိုကရေစီ မဆန်သော ပုဒ်မများကို ပြင်ဆင်ရေးမှာ အရေးကြီးပါသည်။
၈၈မျိုးဆက်အဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် ယခုလပိုင်းများအတွင်းကနေ ပြည်တော်တွင် ၂ကြိမ် တွေ့ဆုံခဲ့ ကြ၏။ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး အတွက် တွေ့ဆုံညှိနှိုင်းကြခြင်း ဖြစ်ပေမည်။ သတင်းစာ၊ ဂျာနယ်များတွင် ၈၈မျိုးဆက် များကို ၂၀၁၅ရွေးကောက်ပွဲတွင် NLD အမတ်လောင်းများအဖြစ် ပါဝင်ဖို့ ဆွေးနွေး ညှိနှိုင်းကြသည်ဟုပင် ရေးသားကြသည်ကို ဖတ်ရသည်။ ဖြစ်ချင်လည်း ဖြစ်မည်။ မဖြစ်လျှင်လည်း အကြောင်း မဟုတ်ပေ။ NLD က၂၀၁၅ ရွေးကောက်ပွဲ တွင် အားလုံးအနိုင်ရ၍ ၈၈မျိုးဆက်များ အမတ်လောင်းဖြစ်၍ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်သွားမည်ဟုလည်း အာမမခံနိုင်ပေ။ အရေးကြီးသည်မှာ ၂၀၀၈ ဖွဲ့စည်းပုံ ကြီးဖျက် သိမ်းပေးဖို့ဖြစ်သည်။ မဖျက်သိမ်း နိုင်လျှင်လည်း ပြင်ဆင်ဖို့ ကြိုးပမ်းရမည်။ ၈၈ရော၊ ဗကသရော၊ နိုင်/ကျဉ်း ရော၊ နိုင်ချုပ်ရော အားလုံး “၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးလူထုတိုက်ပွဲကော်မတီ” ဆို သော ကော်မတီတစ်ရပ် ဖွဲ့စည်းကာ “ဖွဲ့စည်းပုံပြင်ဆင်ရေး” ဆိုသော တိုက်ပွဲခေါ် သံတစ်ခုတည်းသာ တောင်းဆိုရမည်။ ထိုထဲမှ ထူးထူး ခြားခြား ဖောက်ကာ၄၃၆ ပြင်ဆင်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး စသည်တို့မှာ လူထုကိုေ၀၀ါးသွား စေသည်။ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆိုလျှင် ၄၃၆ လည်းပါသွားမည်။ ၅၉(စ)လည်း ပါသွား ပေမည်။ ထိုသီးသန့် တောင်းဆိုချက်များကို လူထုက နားလည်သဘောမပေါက် ဘူးဆိုလျှင် ၄၃၆ပြင်ရေးလား၊ ၅၉(စ)တစ်ခုတည်းပြင်ရေးလား၊ ၄၃၆ပုဒ်မနှင့် ၅၉(စ) ပုဒ်မ၂ခုတည်းသာ ပြင်ရေးလား ဆိုသည်ကို တွေဝေသွား နိုင်သည်။ ထို့ကြောင့် တချို့က ကောင်းပြီ၊ ၄၃၆ကိုပြင် ပေးမည်။ သို့မဟုတ် ၅၉(စ)ကို ပြင်ပေး မည်။ ကျေနပ် ကြတော့။ လုံလောက်ပြီ လားဆိုပြီး သီးခြားတောင်းသည့် ပုဒ်မများ ကို ပြင်ပေးပြီး ၂၀၀၈ ဖွဲ့စည်းပုံကို မပြင် ပေးဘူးဆိုလျှင် နောက်ထပ်တောင်းဆိုကြ ရပြန်လိမ့်မည်။ ထိုအခါ ဆန်စဉ်ရာ ကျည်ပွေ့လိုက်သလို ပုဒ်မတစ်ခု ပြင်ဖို့ တောင်းလိုက်၊ နောက်တစ်ခု တောင်းလိုက် နှင့်ပြင်ဆင်ချက်တောင်းဆိုပွဲများမှာ အတော မသတ်ရှိနေ တော့မည်။ ထိုအတွက် အနှစ် ချုပ်မှာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးသာ ရှိပေတော့မည်။
ယခု NLD က ၂၀၀၈ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် စည်းရုံးလှုံ့ဆော်သည်မှာ ဟာကွက်များ ရှိနေသည်ကို တွေ့ရသည်။ ထိုသည်မှာ အဖွဲ့အစည်းပေါင်းစုံ၊ လူထုလူတန်းစားပေါင်းစုံကို တစ်သံတည်း ထွက်အောင် စည်းရုံးလှုံ့ဆော် လှုပ်ရှားနိုင် အောင်မရှိခြင်းဖြစ်သည်။ NLD ကမိမိ တို့ဘာသာလှုပ်ရှားလျှင် လုံလောက်ပြီဟု ထင်နေသလား မသိပေ။ ထိုသို့လုံလောက်သည်ဟု ယူဆလျှင်အရာရာကို တခြားသူ များပါသည်၊ မပါသည် ထား၊ မိမိတို့ဘာသာ အောင်မြင်အောင် လုပ်ဆောင်နိုင်သည်ဆို သော မိမိကိုယ်ကိုယ် အထင်ကြီးသည့် “ငါဗဟိုပြု” အတွေးအခေါ်၊ အယူအဆမျိုး သာဖြစ်သွားပေလိမ့်မည်။NLD ကိုလူထု ထောက်ခံမှုရှိသည်ကား မှန်၏။ ဒေါ်အောင်ဆန်းစုကြည်ကို လူထုက ခေါင်းဆောင် အဖြစ် လေးစားကြည်ညိုသည်ကလည်း မှန်၏။ သို့သော် မိမိဘာသာအောင်မြင် အောင်လုပ်ဆောင်နိုင်မည်ဟု ကံသေကံမ တွက်ထား၍မရပေ။ ယခုအချိန်၌ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီဝင်များသည် ရွှေဝါရောင် တော်လှန်ရေးကြီးကို နိုင်ငံတွင် စွန့်လွှတ် အနစ်နာခံကာ ဆောင်ရွက်ခဲ့သော ဘုရားသားတော် ရဟန်း သံဃာများအား စည်းရုံးလှုံ့ဆော်ရပေမည်။ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ဦးဆောင်ကာ လှုပ်ရှားပေးပါရန် သံဃာတော်များကို တောင်းပန်ရပေမည်။ ထို့ပြင် အလုပ်သမားများ၊ အထူးသဖြင့် အလုပ်သမားသမဂ္ဂများ၊ ပုဂ္ဂလိကနှင့် အစိုးရစက်ရုံများမှ အလုပ်သမားများကို စည်းရုံးရပေမည်။ သူတို့သည် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လူထုလှုပ်ရှားမှု ကော်မတီထဲတွင် ပါဝင်လာစေရ မည်။ ကော်မတီက လူတန်းစား အသီးသီးကို လှုံ့ဆော်ရမည်။ ဒုတိယအားဖြင့် တောင်သူလယ်သမားများ၊ တောင်သူ လယ်သမားသမဂ္ဂများကို စည်းရုံးရပေမည်။ ကျေးလက်များသို့သွားကာ ၂၀၀၈ ဖွဲ့စည်းပုံပြင်မှ သူတို့ဘ၀ တိုးတက်မည်။ စပါးဈေး ပိုရမည်။ လယ်မြေသိမ်းဆည်းရေးကို အကာအကွယ်ပေးနိုင်မည်ဟု ရိုးရိုး သားသား အမှန်အတိုင်း စည်းရုံးကာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ရေးအတွက် အားထုတ်ကြရပေမည်။ ထို့ကြောင့် ယနေ့လို အခြေအနေမျိုးသည် အရေးကြီးနေသော ကာလ၊ အားလုံး စည်းလုံးညီညွတ်ဖို့ လိုသော ကာလဟု သဘောပေါက်ဖို့လို၏။ အားလုံး တစ်သံတည်းထွက်ဖို့ လိုသည်။ ထိုသို့ဖြစ် အောင် အင်အားကြီးသော အဖွဲ့ အစည်းများက တွေ့ဆုံစည်းရုံးလှုံ့ဆော်ရပေမည်။ အချိန်မရှိတော့ပေ။ ၂၀၁၅ကိုဆိုလျှင်ပင် ၁ နှစ်ခွဲကျော်ကျော် လောက်သာ ရှိပေမည်။ အချိန်သည် မရပ်မနားရှေ့ဆက်သွား လျက်ရှိသည်။ ထို့ကြောင့် အားလုံးညီညီ ညွတ်ညွတ် စည်းစည်းလုံးလုံးဖြင့် ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး အတွက် ပြည်သူလူထုတစ်ရပ်လုံး ပါဝင် ဆင်နွှဲကြဆိုသော ကြွေးကြော်သံတစ်ခု တည်းကိုသာ တောင်းဆိုလှုပ်ရှားကြရပေ တော့မည်။
မြန်မာသံတော်ဆင့်