မြန်မာ့နိုင်ငံရေး၌ ပါဝင်နေသော တပ်မတော်အား နိုင်ငံရေး ကင်းရှင်းစေရန် ထွက်ပေါက်တစ်ခု ပေးသင့်ကြောင်း စာရေးဆရာ ဆရာသန်းစိုးနိုင်က မတ်လ ၁၉ ရက်နေ့တွင် ပြုလုပ်သော ““နိုင်ငံတကာရှိ စစ်တပ်များ၏ သမိုင်း ကြောင်းကို လေ့လာသုံးသပ်ခြင်း”” (ဒီမိုကရေစီနှင့် စစ်တပ်များ၏ အခန်းကဏ္ဍ) ဟောပြောဆွေးနွေးပွဲ၌ ပြောကြားခဲ့သည်။
တပ်မတော်အား ထွက်ပေါက် ပေးမထားလျှင် ပြန်လည်ပုန်ကန်မှုများ ဖြစ်ပေါ်လာနိုင်ကာ တိုင်းပြည် နောက်ကြောင်း ပြန်လှည့် နိုင်သောကြောင့် အစိုးရက ထွက်ပေါက် ပေးသင့်ခြင်းဖြစ်ကြောင်း ဆရာသန်းစိုးနိုင်က ရှင်းလင်း ပြောကြားခဲ့သည်။
““ထွက်ပေါက် ပေးသင့်တယ်ဆိုတာ ဥပမာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်တဲ့ ကိစ္စတွေမှာ တပ်မတော်က ထောက်ခံပြီးတော့မှ ထွက်သွားတာမျိုးကို ဆိုလိုတာ။ ဖိလစ်ပိုင်မှာဆိုရင် သူတို့က အာဏာရလာတဲ့ အခါကျတော့ စစ်တပ်ကို ပယ်လိုက်တော့ ပြန်ပြီး ပုန်ကန်တာတွေ ဖြစ်တယ်။ အဲ့လို မလုပ်ဘဲ အခြေခံ ဥပဒေအရ သူတို့ကို တာဝန်ပြဋ္ဌာန်းသင့်တယ်။ သူတို့ရဲ့ လူနေမှု အဆင့်အတန်းကို မြှင့်တင် ပေးသင့်တယ်။ သူတို့ရဲ့ လုပ်ငန်း တာဝန်သစ်တွေကို ပြဋ္ဌာန်းပေးသင့်တယ်။ စစ်တပ်ကို လူတွေက မုန်းနေတာကနေ ချစ်လာ အောင်လုပ်ဖို့ပဲ””ဟု ဆရာသန်းစိုးနိုင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။
နိုင်ငံရေး နယ်ပယ်၌ တပ်မတော် ၀င်ရောက်လာခြင်းမှာ ၎င်းတို့ ကိုယ်တိုင် ဖန်တီးသည်ဖြစ်၍ ထွက်ပေါက် ပေးရန် မလိုအပ်ဘဲ အလိုက်တသိ ပြန်လည်ကာ နေရာမှန်သို့သွားရန် လိုအပ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ဦးမင်းဇေယျက သုံးသပ်သည်။
““မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခန်းကဏ္ဍမှာ တပ်မတော်ဟာ နှစ်ပေါင်း ၆၀ နီးပါးလောက် လုံးလုံးကြီး ချုပ်ကိုင်ပြီး ကြီးစိုး လာခဲ့တာလေ။ ကိုယ်ပဲမူချတယ်။ ကိုယ်ပဲ အကောင်အထည်ဖော်တယ်။ ကိုယ်ပဲအုပ်ချုပ်တယ်။ တိုင်းပြည်က ဘယ်လောက်အထိ ကြီးပွား တိုးတက်နေပြီလဲ။ လက်တွေ့ကျကျ စဉ်းစားကြည့်ရင် အရှိကို အရှိ အတိုင်း မြင်ကြည့်မယ်ဆို သိသာပါတယ်။ အဲ့တော့ ထွက်ပေါက်ဆိုတာ ဘာကိုပြောတာလဲ။ ကျွန်တော်တို့က ဘယ်တော့မှ တပ်မတော်ကို ချောင်ပိတ် မရိုက်ခဲ့ဘူး။ ထွက်ပေါက်ပေးပါလို့ ပြောစရာ မလိုတော့အောင်ကို တပ်မတော် ခေါင်းဆောင်တွေအနေနဲ့ နေရာမှန်ကို သွားဖို့လိုတယ်””ဟု ကိုမင်းဇေယျက မြန်မာသံတော်ဆင့်သို့ သုံးသပ် ပြောကြားခဲ့သည်။
အဆိုပါပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း သူရဦးတင်ဦးနှင့် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းတို့ တက်ရောက်ခဲ့ကြသည်။
စာရေးဆရာ ဆရာသန်းစိုးနိုင်သည် ၁၉၆၃ ခုနှစ်တွင် 7 July နှစ်ပတ်လည်ကိစ္စဖြင့် ရန်ကုန် တက္ကသိုလ်မှ ထုတ်ပယ်ခံရပြီး ၁၉၆၉ ခုနှစ် ပဉ္စမအကြိမ် အရှေ့တောင်အာရှ ကျွန်းဆွယ်ကစား ပြိုင်ပွဲ ကျွန်းဆွယ် လှုပ်ရှားမှု၌လည်း ဖမ်းဆီးခံရကာ ၁၉၇၄ မေ-ဇွန် အလုပ်သမား လှုပ်ရှားမှုတို့တွင် ပါဝင်ခဲ့သည်။
၁၉၇၅ ခုနှစ်တွင် စစ်ထောက်လှမ်းရေးတို့၏ လိုက်လံဖမ်းဆီးမှုကြောင့် တောခိုခဲ့ပြီး ၁၉၈၀ တွင် ဗမာပြည် ကွန်မြူနစ်ပါတီ အလယ်ပိုင်း ဗျူရို ၄၀၄၆ တပ်ရင်း၌ နိုင်ငံရေးမှူးတာဝန်၊ ၁၉၈၄ ခုနှစ်တွင် “၀”နယ် သွေးစည်း ညီညွတ်ရေးပါတီ၏ ဗဟိုကော်မတီဝင် တာဝန်ထမ်းဆောင်ခဲ့သည်။
ဝိုင်းမော်
မြန်မာသံတော်ဆင့်