“သူများပျော်လို့ မပျော်နိုင်” ဟူသော စကားအတိုင်း ၂ဝ၁၄ ခုနှစ် မြန်မာရိုးရာအတာ သင်္ကြန်ကာလတွင် အိမ်တွင်းပုန်း မိန်းမပျိုများ အပျိုကြီးများရှိသလို၊ နာမကျန်းဖြစ်ပြီးဆေးရုံ၊ နေအိမ်များတွင် နေထိုင်ကြသူ များလည်းရှိသည်။ ထို့ပြင် ကျွန်တော်တို့ကဲ့သို့ သော လူမှုရေးလုပ်ငန်းများအား တစ်နှစ်ပတ်လုံး နားရပ်မရှိ လုပ်ကိုင်ပေးဆပ်နေရသော လူမှုရေး သမားများ၏ နောက်ကွယ်မှ စီမံ ပံ့ပိုးပေးနေရသော လူမှုရေး သမားများ လည်း ပါဝင်ခဲ့သည်။ ယခုနှစ် မဟာသင်္ကြန် ကာလအတွင်း အင်တာနက်စာမျက်နှာမှ
ပါရှိလာသော ရုပ်ပုံလွှာများအား ကြည့်ရှုရင်းဖြင့် လူသားများ ဘဝခြင်းမတူညီမှုများကို မြင်တွေ့ခဲ့ရ၍ ကြေကွဲဝမ်း နည်းမိရပြန်သည်။
သင်္ကြန်ကာလအတွင်း ပျော်ရွှင်မြူးတူးစွာ ရေကစားနေကြသော လူကြီး၊ လူငယ်၊ လူရွယ်၊ ကလေး များရှိသလို၊ ရေမရှိ၍ ရေမကစားရသော ကလေးငယ်လေးများလည်း များစွာရှိသည်ကို မြင်တွေ့မိရသည်။ ထို့ပြင် သိန်းပေါင်းမြောက်များစွာ အကုန်အကျခံ၍ တည်ဆောက်ထားသော နာမည်ကြီး ရေကစားမဏ္ဍပ်များတွင် ရေပိုက်ကြီး/ငယ်များဖြင့်
သွယ်တန်းပြီး ပက်ဖြန်းနေကြ သည်ကိုလည်း မြင်တွေ့ရမည်ဖြစ်သည်။ ထိုကဲ့သို့ ပျော်ရွှင်မြူးတူးစွာဖြင့်၎င်း၊ မူးယစ်သောက်စား၍၄င်း၊ သတိလက်လွတ် ဖော်ချွတ်နေကြ သော ယဉ်ကျေးမှုကင်းမဲ့သော ဇုံအတွင်း ငြိမ်သက်စွာဖြင့် လေးလံစွာ လျှောက်လှမ်းကာ ဘီယာဗူးခွံများ၊ အချိုရည်ဗူး ခွံများ၊ ရေသန့်ဗူးခွံများအား လိုက်လံကောက်ယူနေကြ သော ကလေးငယ်များကိုလည်း တွေ့မြင်ရမည် ဖြစ်တော့သည်။ သူတို့သည် မိသားစု စားဝတ်နေရေးအတွက် ထိုကဲ့သို့သော ဗူးခွံများကို လိုက်လံကောက်ယူကြပြီး အုပ်ထိန်း သူ လူကြီးထံသို့ ပို့ဆောင်ပေးရသော ရင်နာဖွယ်လုပ်ငန်းတစ်ရပ်ကို လုပ်ကိုင်နေကြ သူများ ဖြစ်သည်။ ထိုကလေးငယ်တို့သည်ကား ပျော်ရွှင်မှုဆိုသည်ကို မည်သည့်အရာ မှန်း သိမည်မဟုတ်။ အများသူငှါ ပျော်ရွှင်မြူးတူး၊ မူးယစ်နေသော ပတ်ဝန်းကျင်တွင်ရှိ နေပြီး ပျော်ရွှင်မှုကင်းမဲ့ နေသူများလည်း ဖြစ်ကြသည်။ ၄င်းကဲ့သို့ ရန်ကုန်မြို့ပြင် အရပ် ဒေသများတွင်လည်း ချိုးရေတင်မက သောက်/သုံးရန် သောက်ရေပင်မရှိသော အိမ်ခြေ များတွင်လည်း ရေကစားရသော သင်္ကြန်ပွဲတော်သည် သူတို့နှင့်လားလားမှ မသက်ဆိုင် သကဲ့သို့ပင် ဖြစ်နေတော့သည်။ ထိုအိမ်ခြေများတွင်ရှိသော ကလေးငယ်များသည် ရေ ဆော့ကစားသည့် သေနတ်ငယ်လေးများကို ကိုင်တွယ်နေရုံမှတစ်ပါး အခြားမရှိတော့
ချေ။
ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)သည် သောက်/သုံး ရေရှားပါးသော မြန်မာပြည်အ လယ်ပိုင်း ဒေသများသို့ သွားရောက်၍ အဝီစိတွင်း တူးဖော်တည် ဆောက်ပေးရန် ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ရာတွင်လည်း ရေရှားပါးလှသည့် ရွာများမှ ရွာသူ/သားများသည် “ငွေကိုမလို၊ ရွှေကိုမလို … ရေကို သာလိုအပ်သည်။” ဟူ၍ တောင်းဆိုခဲ့ကြသည်။ ယနေ့ ၁၄.၄.၂ဝ၁၄ (သင်္ကြန်အကျနေ့)တွင် ရန်ကုန်မြို့ တွင် အများပြည်သူတို့ ရေကစားမဏ္ဍပ်ကြီး/ငယ်များတွင် ပျော်ရွှင်မြူးတူးစွာဖြင့် ရေများ ပက်ဖြန်း ကစားနေကြစဉ် နာရေးကူညီမှု အသင်း(ရန်ကုန်)သို့ အမှတ် ၂၇ဝ/၂၇၁၊ အောင်တံခွန်လမ်း၊ ၄၈ ရပ်ကွက်၊ မြောက် ဒဂုံမြို့နယ်ရှိ Dream Train (အိပ်မက်လှ ရထားလေး) လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာမှ သောက်/သုံးရေ ပြတ်တောက်နေသည့် အတွက် အကူအညီ တောင်းခံလာသည့်အတွက် နာရေးကူညီမှု အသင်း(ရန်ကုန်) တွင်ရှိသော သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး အတွက်၎င်း၊ သောက်/သုံးရေ ရှားပါးသော ဒေသများ သို့သွားရောက် ရေလှူဒါန်းရန်အတွက်၎င်း၊ မီးဘေးဖြစ်ပေါ်လာပါ က မီးသတ်ယာဉ်များအား အရေးပေါ်ရေ ကူညီမှုပေးရန်အတွက်၎င်း ဝယ်ယူထားသော ၂၈ဝဝ ဂါလံဆန့် ရေသယ်ယာဉ်ကြီးဖြင့် သွားရောက်၍ ကူညီလှူဒါန်းမှုကို ပြုလုပ်ခဲ့ သည်။ ယခင်ကလည်း ၄င်းဂေဟာသို့ သွားရောက်၍ ရေလှူဒါန်းမှုကို ပြုလုပ်ခဲ့သေး သည်။ ထိုစဉ်က ယင်းဂေဟာရှိ ကလေးငယ်များသည် ရေမချိုးရသည်မှာ ကြာပြီဖြစ်ပါ၍ ပျော်ရွှင်မြူးတူးစွာ အားရပါးရ ရေချိုးကြခြင်းကိုလည်း ပြန်လည်မြင်ယောင်မိသည်။ ယခု သင်္ကြန်ကာလတွင် သွားရောက်၍ ရေလှူဒါန်းမှု ပြုလုပ်ရာတွင် မြို့တွင်း၊ မြို့လယ်တွင် လူအများ ရှုပ်ထွေးပျော်မြူး ရေဆော့ကစား နေကြသော်ငြားလည်း ဂေဟာရှိ ကလေး ငယ်များသည်ကား တိတ်ဆိတ်ငြိမ်သက်စွာဖြင့် အိပ်စက်အနားယူ နေကြသည်ကို မြင်တွေ့မိသည်။ သင်္ကြန်သည် သူတို့နှင့်လားလားမှ မဆိုင်သကဲ့သို့ပင် ဖြစ်တော့သည်။
ကျွန်တော်တို့ ငယ်စဉ်ဘဝ သင်္ကြန်ကာလများတွင် ရေကစားပြွတ်ကလေးများနှင့် ရေ ခွက်ထဲမှ ရေများကို စုတ်ယူ၍ ပက်ဖြန်းကစားကြခြင်း၊ ရေခွက်ငယ်လေးများဖြင့် ပက်ုဖြန်းခြင်း၊ သပြေခက်ကလေးများ ဖြင့် ရေပက်ဖြန်းကြခြင်းတည်းဟူသော အတာရေအား ဆော့ကစားကြသည်ကို ပြန်လည်၍ အောက်မေ့မိသည်။ သို့သော် ယခုတွေ့ကြုံရသော ဖြစ်ရပ်များကို ပြန်လည်သုံးသပ်ကြည့်သော် “ရေအသက် တစ်မနက်” ဟူသော ရေ၏ တန်ဖိုးအား ကျွန်တော်တို့အနေဖြင့် ရေကိုထိန်းသိမ်းသင့်ပေသည်။ ရေကို တန်ဖိုးထား
သင့်ပေသည်။ ရေကို စည်းကမ်းတကျ သုံးစွဲသင့်ပေသည်။ ရေကြောင့် လူသားမျိုးဆက် မပျောက်သင့်ချေ။ ရေ ကြောင့် စစ်ပွဲများ မဖြစ်သင့်ချေ။ ထို့ကြောင့် ရိုးရာသင်္ကြန်ဖြစ်သော ရေပက်ဖြန်းကြသည့် အတာသင်္ကြန် တွင်လည်း ရေကိုစနစ်တကျ စည်းကမ်းရှိစွာ ထိန်းသိမ်း၍ သုံးစွဲသင့်ပါကြောင်း “သူများပျော်၍ မပျော်နိုင်သော ဘဝများစွာ” တို့ကိုကိုယ်ချင်းစာနာစိတ်ဖြင့် နှိုးဆော်လိုက်ရပါတော့သည်။
နာရေးကူညီမှုအသင်း-ရန်ကုန်