နိုင်ငံသားတစ်ယောက်၊ နိုင်ငံသားတောင် ရိုးရိုးနိုင်ငံသား အဆင့်ထက် ကျော်လွန်တဲ့ နိုင်ငံရဲ့ အမျိုးသားဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရင်နှစ်သည်းခြာ သမီးတစ်ယောက်၊ သန်းနဲ့ချီတဲ့ ပြည်သူပေါင်း မြောက်များစွာကို ကိုယ်စားပြုနိုင်တဲ့ နိုင်ငံရေးခေါင်းဆောင် တစ်ယောက်ကို အနာဂတ် နိုင်ငံ့အကြီးအကဲ မဖြစ်နိုင်အောင် တမင် ရည်ရွယ် ပိတ်ဆို့ဟန့်တား ထားတာ ဆိုရင် ဒါဟာ ညစ်ပတ်တဲ့ နိုင်ငံရေးပါပဲ။မဇ္ဇျိမ သတင်းစာ၊
ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့က ဧရာဝတီတိုင်း လေးမျက်နှာမြို့မှာ ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက ပုဒ်မ ၅၉ (စ) ကို မပြင်ဆင်ရေးအတွက် လူထုဆန္ဒ ဖော်ထုတ်တဲ့ လှုပ်ရှားမှု တစ်ရပ် ပြုလုပ်ခဲ့ကြပါတယ်။ ပုဒ်မ ၅၉ (စ) မပြင်ရေးကို နိုင်ငံရေးပါတီကြီး တစ်ရပ် ခေါင်းစဉ်အောက်မှာ လှုပ်ရှားမှု လုပ်ခဲ့တာပါ။ ဆန္ဒထုတ်ဖော်သူတွေ ကိုင်ဆောင်ထားတဲ့ ဆိုင်းဘုတ်တွေထဲမှာ “ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး ” ဆိုတဲ့ ကြွေးကြော်သံ ဆိုင်းဘုတ်တွေလည်း ပါဝင်တာ တွေ့ရပါတယ်။ ခုလို ပုဒ်မ ၅၉ (စ) ပြင်မပေးရေးနဲ့ ပါတ်သက်ပြီး ဒီ့မတိုင်ခင်က လူထု စည်းဝေးပွဲတွေ လုပ်ခဲ့ဖူးတာတွေရှိပေမယ့် နိုင်ငံရေး ပါတီ တစ်ခုရဲ့ ခေါင်းစဉ် အောက်မှာတော့ မဟုတ်ခဲ့ပါဘူး။ အခြားသော ခေါင်းစဉ်အောက်မှာ လုပ်ခဲ့တာဖြစ်ပါတယ်။ ဒီ ဆောင်းပါးမှာတော့ အဲဒီ လှုပ်ရှားမှုတွေ၊ ပါတီတွေ၊ အဖွဲ့အစည်းတွေကိုတော့ ဘယ်သို့ ဘယ်ပုံ ဝေဖန်မှာ မဟုတ်ပါဘူး။ အရင် စစ်အာဏာရှင်တွေက ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ ပုဒ်မ ၅၉ (စ) ကို ထည့်သွင်းသွားတဲ့ ကိစ္စ၊ ဒါနဲ့ ပါတ်သက်ပြီး ငြင်းခုံမှုတွေ၊ သမ္မတရဲ့ ပြောဆိုချက်တွေနဲ့ ဘယ်ဟာတွေဟာ “ညစ်ပတ်တဲ့ နိုင်ငံရေး၊ ညစ်ပတ်တဲ့ နိုင်ငံရေးသမား၊ ညစ်ပတ်တဲ့ နိုင်ငံရေးပါတီ” တွေ ဖြစ်မလဲ ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။
အရင် စစ်အာဏာရှင်တွေ စိတ်ကြိုက်ရေးဆွဲ၊ ပြဌာန်း အတည်ပြုပြီး ဒီကနေ့ အငြင်းပွားနေကြရတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ထဲက ပုဒ်မ ၅၉ (စ) ဆိုတာ ဒီလိုပါ။ နိုင်ငံတော် သမ္မတ၊ ဒုသမ္မတ တွေရဲ့ အရည်အချင်းသတ်မှတ်ချက် မှာ “ မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိဇ။် မိဘ တစ်ပါးပါးသော်လည်းကောင်း၊ မိမိဇ။် ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိဇ။် တရားဝင် သားသမီး တစ်ဦးဦးသော်လည်းကောင်း၊ ထိုတရားဝင် သားသမီး တစ်ဦးဦးဇ။် ဇနီးသို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ နိုင်ငံတော် အစိုးရဇ။် ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက် ရိုသေသူ၊ သို့မဟုတ် နိုင်ငံခြား အစိုးရဇ။် လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါးဇ။် နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြား အစိုးရဇ။် လက်အောက်ခံ ဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါးဇ။် နိုင်ငံသားသော်လည်းကောင်း၊ ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ။” လို့ဖော်ပြထားတာ ဖြစ်ပါတယ်။
ဒီ ပြဌာန်းချက်နဲ့ ပါတ်သက်ပြီး နိုင်ငံရေး လေ့လာဆန်းစစ်သူတွေ၊ ဖွဲ့စည်းပုံ ကျွမ်းကျင်သူတွေ အားလုံးနီးပါးလောက်က အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံ့အကြီးအကဲဖြစ်တဲ့ ဒုသမ္မတ၊ သမ္မတ ဖြစ်ခွင့်မရအောင် တမင်ကြံစည် ရေးဆွဲ ထည့်သွင်းထားတာပဲလို့ ပြောဆိုကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း အဲဒီလိုပဲ ထောက်ပြပြောဆိုပါတယ်။ တကယ်လို့သာ နိုင်ငံသားတစ်ယောက်၊ နိုင်ငံသားတောင် ရိုးရိုးနိုင်ငံသား အဆင့်ထက် ကျော်လွန်တဲ့ နိုင်ငံရဲ့ အမျိုးသားဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရင်နှစ်သည်းခြာ သမီးတစ်ယောက်၊ သန်းနဲ့ချီတဲ့ ပြည်သူပေါင်း မြောက်များစွာကို ကိုယ်စားပြုနိုင်တဲ့ နိုင်ငံရေးခေါင်းဆောင် တစ်ယောက်ကို အနာဂတ် နိုင်ငံ့အကြီးအကဲ မဖြစ်နိုင်အောင် တမင် ရည်ရွယ် ပိတ်ဆို့ဟန့်တား ထားတာ ဆိုရင် ဒါဟာ ညစ်ပတ်တဲ့ နိုင်ငံရေးပါပဲ။ ဒါပေမယ့် လက်ရှိ နိုင်ငံ့အကြီးအကဲ လုပ်နေသူ စစ်ခေါင်းဆောင်ဟောင်းတွေက ဖွဲ့စည်းပုံထဲက အဲဒီ အချက်ဟာ ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်တည်းကို တမင် ရည်ရွယ် ထည့်သွင်းခဲ့တာ မဟုတ်ဘူးလို့ ငြင်းနေကြပါတယ်။ သူတို့ ဘယ်လိုပဲ ငြင်းချက်ထုတ်ထုတ် ဖွဲ့စည်းပုံထဲက အဲဒီ အချက်ကို မပြင်နိုင်ရင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒုသမ္မတ၊ သမ္မတ စတဲ့ နိုင်ငံ့အကြီးအကဲ မဖြစ်နိုင်တာကတော့ အလွန့်အလွန်ကို သေခြာနေပါတယ်။ ဒါကိုတော့ ဘယ်သူမှ မငြင်းကြပါဘူး။
ဒီအတွက် ၂၀၁၅ ရွေးကောက်ပွဲ နီးလာချိန် အင်န်အယ်လ်ဒီ နဲ့ တက်ကြွလှုပ်ရှားသူတွေ ဘက်က ဒီ ပုဒ်မ ပြဌာန်းချက် ပယ်ဖျက်ပေးဖို့ ဆန္ဒပြ တောင်းဆိုတာတွေ လုပ်လာချိန် တစ်ဖက်ကလည်း တန်ပြန် လှုပ်ရှားမှုတွေ ပေါ်ပေါက်လာတာ တွေ့ရပါတယ်။ ဒီလှုပ်ရှားမှု လုပ်သူတစ်ချို့ဟာ အမျိုးဘာသာ စောင့်ရှောက်ရေး ခေါင်းစဉ်ကို အသုံးချကြတာလည်း တွေ့ရပါတယ်။ ဆရာတော် အရှင် ၀ီရသူက ဆိုရင် အဲဒီ ပုဒ်မနဲ့ ပါတ်သက်ပြီး ခုလို ပြောခဲ့ပါတယ်။ “အမေစု တစ်ယောက်တည်း အတွက်ဆို လက်ခံတယ်။ တရုတ် ကုလားတွေကို ဘယ်လိုကာထားမလဲ။ အဲလို ကာထားပေးမယ်ဆိုရင် အမေစုကို ခြွင်းချက်အဖြစ် လက်ခံပေးလို့ ရပါတယ်။” တဲ့။ တကယ်ဆို ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၃) နိုင်ငံတော် အကြီးအကဲ အခန်းမှာ နိုင်ငံတော် သမ္မတ ဒုသမ္မတ အရည်အချင်းသတ်မှတ်ချက်၊ ပုဒ်မ ၅၉ (ခ) မှာ “ မိမိနှင့် မိမိဇ။် မိဘ နှစ်ပါးလုံး နိုင်ငံတော်ဇ။် အာဏာ ပိုင်နက်အတွင်း၌ မွေးဖွားသော တိုင်းရင်းသားမှ ဖြစ်သည့် မြန်မာနိုင်ငံသား ဖြစ်ရမည်။” ဆိုပြီး အတိအလင်း ဖော်ပြထားတာကို သိသိကြီးနဲ့ တရုတ်၊ ကုလားကြောင့် ဒီ ပုဒ်မ ကို ပြင်ဖို့ မလိုဘူး ဟောပြောကြတာတွေဟာလည်း ညစ်ပတ်တဲ့ နိုင်ငံရေးပါပဲ။
ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့က သမ္မတ ဦးသိန်းစိန် နိုင်ငံရေးပါတီ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပါတယ်။ အဲဒီမှာ သူက “ကျွန်တော့ရဲ့ သဘောထားကတော့ မည်သည့် မြန်မာနိုင်ငံသား တိုင်းရင်းသားတစ်ဦးကိုမျှ မြန်မာနိုင်ငံကို နိုင်ငံရေးအရ ဦးဆောင်နိုင်ခွင့်ကို ကန့်သတ် တားမြစ်တာမျိုး မဖြစ်စေလိုတဲ့ နိုင်ငံရေး စေတနာရှိသလို တစ်ဖက်ကလည်း မိမိတို့အမျိုးသား အကျိုးစီးပွား နှင့် မိမိတို့နိုင်ငံရဲ့ အချုပ် အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို မထိပါးစေမည့် သင့်တင့် လျောက်ပတ်တဲ့ အကာအကွယ် ပေးနိုင်သည့် အခြေခံမူများ ရှိရန် လည်း လိုလားပါတယ်။” လို့ ပြောခဲ့ပါတယ်။ ဒီပြောစကား အကောင်အထည်ဖော်ချင်တယ် ရှင်းလင်းချင်တယ် ဆိုရင် ပြင်ဆင်ပြီးဖြစ်မယ့် ဖွဲ့စည်းပုံအရ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံ့အကြီးအကဲ ဖြစ်ခွင့်ရှိရမယ် ဆိုတာမျိုး အတိအလင်း အာမခံဖို့ လိုပါတယ်။ အဲဒီ အာမခံချက်အောက်မှာ တရုတ်တွေ၊ ကုလားတွေ၊ နှာခေါင်းရှည်တွေ၊ နှာခေါင်းပြားတွေ နိုင်ငံ့အကြီးအကဲ ဖြစ်ခွင့်ကနေ ကန့်သတ်ထားမယ့် အချက်၊ ကြိုက်သလောက် ထည့်သွင်းနိုင်ပါတယ်။
သမ္မတ ဦးသိန်းစိန်၊ လွှတ်တော်နာယက သူရ ဦးရွှေမန်း၊ ဖွဲ့စည်းပုံပြင်ရေးမှာ အလွန်အရေးပါတဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအ၀င် ကောင်းမွန်တဲ့ နိုင်ငံရေး လုပ်မယ့်သူတိုင်း၊ ကောင်းမွန်တဲ့ နိုင်ငံရေး လုပ်မယ့် ပါတီ၊ အဖွဲ့အစည်းတိုင်း ပြင်ဆင်မယ့် ဖွဲ့စည်းပုံမှာ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံ့အကြီးအကဲ ဖြစ်ခွင့် တားဆီးပိတ်ပင်ထားတာမျိုးကို မထည့်သွင်းလိုပါဘူးလို့ ထုတ်ဖော် ပြောဆိုကြဖို့ လိုပါတယ်။ ဒီလိုမှမဟုတ်ပဲ တရုတ်ကုလား အကြောင်းပြ၊ အမျိုးဘာသာ သာသနာကို အသုံးချ၊ နိုင်ငံခြားသားတွေကို လက်ညှိုးထိုးပြပြီး တကယ့်တကယ် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံ့အကြီးအကဲ ဖြစ်လာစေရေး ပိတ်ပင်တားဆီးမယ့် နိုင်ငံရေးလှုပ်ရှားမှုတွေ လုပ်လာမယ် ဆိုရင် အဲဒီလူတွေ အဲဒီ အဖွဲ့အစည်းတွေဟာ ညစ်ပတ်တဲ့ နိုင်ငံရေး သမားတွေ၊ ညစ်ပတ်တဲ့ နိုင်ငံရေးပါတီ နဲ့ အဖွဲ့အစည်းတွေပဲ ဖြစ်တယ်ဆိုတာ သုံးသပ်တင်ပြလိုက်ရပါတယ်။
စည်သူအောင်မြင့်။