Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

နောက်တစ်ခါအာဏာသိမ်းမလား မေးလာသူများ မသိလို့မေးတာလား သိလျက်နဲ့ မေးတာလား – မောင်မြား

$
0
0
စစ်တပ်က မကြိုက်သူများ၊ လက်မခံနိုင်သူများကို လူထုက မဲဆန္ဒနှင့် ရွေးကောက်တင်မြှောက်လျှင် စစ်တပ်က တစ်မျိုးတစ်ဖုံ တုံ့ပြန်မည်ဟု လျှို့ဝှက်အမိန့်ထုတ် . . .
ထိုင်းစစ်တပ်က ထိုင်းနိုင်ငံကို ၂၂ ရက် သောကြာနေ့ ညနေ ၄း၃၀ အချိန် က သွေးထွက်သံယိုမရှိ အာဏာ သိမ်းယူလိုက်သည်။ ထိုင်းနိုင်ငံတွင် နှစ်ဝက်မျှကြာ ပြီဖြစ်သည့် နိုင်ငံရေးမပြေလည်မှုအရှိန်များ မြင့်တက်လာ သည့်အတွက် နှစ်ဖက်ခေါင်းဆောင်များအား ထိုင်းဘုရင့်တပ်မတော် အကြီးအကဲက ခေါ်ယူဆွေးနွေးပြီး တစ်စုံ တစ်ရာသော ရလဒ်အဖြေမထွက်ခင်မှာပင် စစ်တပ်က အာဏာသိမ်းယူလိုက်ပြီး ၀န်ကြီးချုပ်ဟောင်း ယင်လပ် အပါအ၀င် နိုင်ငံရေးသမား ၁၅၀ခန့်အား အာဏာ သိမ်းခေါင်းဆောင်က ဆင့်ခေါ်ပြီး ပညာ ပေးလျက်ရှိ သည်ဟု ဆိုသည်။ အာဏာသိမ်းခေါင်းဆောင်က သူ့ကိုယ်သူဝန်ကြီး ချုပ်ခန့်လိုက်သည်။ ၁၉၆၂ ခုနှစ်က မြန်မာနိုင်ငံကို ဗိုလ်ချုပ်ကြီး နေ၀င်းအာဏာသိမ်း နည်းကားနှင့် ခပ်ဆင်ဆင်တူသည်။ အာဏာသိမ်းရသည့် အကြောင်းရင်းကို ပြောရာမှာလည်း တိုင်းပြည်ချောက်ထဲကျဖို့ လက်တစ်လုံးခြားအလိုမှာ ကယ်တင် လိုက်ရသည်ဆိုသည့် အဓိပ္ပာယ်မျိုးပဲ။…
““အာရှမှာ အာဏာသိမ်းတယ်ဆိုတာ ငါတို့က စတာပါကွာ””ဟု ပြောစမှတ်ပြုရ လောက်အောင် တိုင်းစစ် တပ် က လက်ဦး ခဲ့သည်။ ၁၉၃၂ ခုနှစ်ကစပြီး ၂၀၁၄ ခုနှစ် ထိ ၁၉ ကြိမ်ရှိကြောင်း မှတ်တမ်းများအရ သိရှိရ သည်။ ၁၉၃၂ ခုနှစ်တွင် ထိုအချိန်က စည်းမျဉ်းခံဘုရင် King Prajadhipok ကို ထိုင်းစစ်တပ်က သွေးထွက် သံယိုမရှိဘဲ လက်တည့်စမ်းအာဏာသိမ်းယူခဲ့ရာမှ ယနေ့ ၁၉ ကြိမ်တိုင်အောင် လက်ရဲဇက်ရဲ ရှိလာတော့သည်။

၁၉၄၇ ခုနှစ်မှာ အဲဒီအချိန်တုန်းက စစ်အတွင်းက ဂျပန်တွေကို လိုလားသည့် ထိုင်းစစ်ခေါင်းဆောင် Phibun Songkhram က အာဏာသိမ်းသည်။ ထိုင်းနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းသည်။ သမိုင်း တစ်လျှောက် အာဏာသိမ်းပြီး တစ်နှစ်တန်သည်၊ တစ်နှစ်ခွဲတန်သည်စသည့် ကာလတို (Short-lived) အတွင်း အာဏာ ကို ပြည်သူသို့ ပြန်အပ်လေ့ရှိသည်။ သို့ရာ တွင် ၁၉၄၇ ခုနှစ် စစ်တပ်အာဏာသိမ်း ကာလသည်မှ ၁၉၇၃ ခုနှစ် ထိအောင် စစ်အုပ်ချုပ်ရေးကာလသည် ၂၆ နှစ်ကြာ ရှည်ခဲ့သည်။ သမိုင်းတစ်လျှောက် အကြာ ရှည်ဆုံး အာဏာ သိမ်းအစိုးရဖြစ်ခဲ့သည်။ သို့ရာတွင် မြန်မာပြည်နှင့်ယှဉ်လျှင်တော့ ထိုင်းစစ်တပ် အာဏာသိမ်းတာ စောလျှင် စောနေပါလိမ့်မည်။ စစ်အုပ်ချုပ်ရေးသက် တမ်းကာလကတော့ မြန်မာ့ခြေဖျားကို တောင် မီမထင်ပါဘူး။ ထိုင်း စစ်တပ်က အကြိမ်ရေ အခေါက်ရေများကောင်းများပါ လိမ့်မယ်။ မြန်မာက စုစုပေါင်းနှစ်ကြိမ်၊ သုံးကြိမ် လောက် ပဲရှိပါလိမ့်မယ်။
၁၉၇၃ ခုနှစ်တွင် ၁၉၆၂ ခုနှစ်က မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့သည့် ကျောင်းသား အရေးတော်ပုံမျိုး ထိုင်းနိုင်ငံမှာ ဖြစ် ပွားခဲ့သည်။ ထောင်ပေါင်းများစွာသော ကျောင်း သားများ အသက်စတေးလိုက်ရသည်။ ရလဒ်က စစ်အစိုးရ ပြုတ်ကျသွားသည်။ တရားမျှတပြီး လွတ်လပ်သောရွေးကောက် ပွဲများနှင့်အတူ အရပ်သားအစိုးရများ တက် လာကြသည်။ သို့သော် သက်ဆိုး မရှည်ကြပါဘူး။

ဒီလိုနဲ့ ၁၉၇၆ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြန်သည်။ ၁၉၇၈ ခုနှစ်မှ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ပြဋ္ဌာန်းသည်။ သို့နှင့် ၄ နှစ်အကြာ ၁၉၈၀ ခုနှစ်မှာ ဗိုလ်ချုပ်ကြီး Prem Jinsulanonda အာဏာရလာသည်။ ၁၉၈၃ ခုနှစ်မှာ လူစစ်စစ်သို့ထွက်ပြီး အရပ်သား အစိုးရအဖွဲ့ကို ခေါင်းဆောင်သည်။ ဒီလိုနှင့် ၁၉၈၆ ခုနှစ်မှာ Prem ပြန်အရွေးခံရသည်။ ၁၉၈၈ ခုနှစ်မှာ ရွေးကောက်ပွဲများကျင်းပပြီး Prem ၏ နေရာတွင် ဗိုလ်ချုပ်ကြီး Chatichai Choonhaven က အစားထိုးဝင် ရောက်လာသည်။
၁၉၉၁ ခုနှစ်တွင် စစ်တပ်က အာဏာ သိမ်းပြန်သည်။ ဒီတစ်ခါ သိမ်းခြင်းသည်။ ၆ နှစ်အတွင်း ၁၇ ကြိမ်မြောက် ပြီးဟု မှတ်တမ်းများတွင် တွေ့ရသည်။ ဒီတစ်ခါ တွင်မတော့ အရပ်သား Ahnand Panyarachun အရပ်သား အစိုးရအဖွဲ့ကို ခေါင်းဆောင်ပြီး ၀န်ကြီးချုပ်ဖြစ်လာသည်။ အဲဒီဝန်ကြီးချုပ်ဟာလည်း သက်ဆိုးမရှည် ရှာပါဘူး။ ၁၉၉၂ ခုနှစ်မှာ ရွေးကောက်ပွဲ သစ်များ ကျင်းပပြီး အရပ်သားဝန်ကြီးချုပ် Anand နေရာတွင် ဗိုလ်ချုပ်ကြီး Suchinda Kraprayoon အစားဝင်လာသည်။ ယင်းကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများ ဖြစ်ပေါ်လာပြီး လူထုက နုတ်ထွက်ပေးရန် တောင်းဆိုကြသည်။ ရွေးကောက်ပွဲများ မကျင်းပမီ ၀န်ကြီးချုပ် ယာယီပြန်ခန့်သည်။ ယင်းနှစ် စက်တင်ဘာလတွင် ကျင်းပသည့် ရွေး ကောက်ပွဲများ ကျင်းပအပြီး ဒီမိုကရက် တစ်ပါတီခေါင်းဆောင် Chuan Leepai ၀န်ကြီးချုပ်ဖြစ်လာသည်။
၃ နှစ်အကြာ ၁၉၉၅ ခုနှစ်တွင် Chun Leepai အစိုးရပြိုကွဲသွားသည်။ Thai Nation ပါတီမှ Banharn Silpaarcha ၀န်ကြီးချုပ်ဖြစ်လာသည်။ တစ်နှစ်အကြာ အဂတိလိုက်စားမှုစွပ်စွဲချက်များနှင့် Banharn အစိုးရ ပြုတ်သွားသည်။ ဗိုလ်ချုပ်ကြီး Chavalit Yongchaiyudh ၀န်ကြီးချုပ် ဖြစ်လာသည်။ ၂၀၀၁ ခုနှစ်တွင် Thaksin Shinawatra ညွန့်ပေါင်းအစိုးရဖွဲ့သည် ၀န်ကြီးချုပ်ဖြစ်လာသည်။ ၂၀၀၄ ခုနှစ်တွင် ထိုင်းနိုင်ငံပေါင်း အစိုးရ ဖွဲ့သည် ၀န်ကြီးချုပ်ဖြစ်လာသည်။ ၂၀၀၄ ခုနှစ်တွင် ထိုင်းနိုင်ငံတွင် ဆူနာမီ ဘေးကြုံရသည်။ လူပေါင်းများစွာ သေကျေပျက်စီးသည်။ ၂၀၀၅ ခုနှစ်တွင် Thaksin မဲအပြတ်အသတ်အနိုင်ရရှိပြီး ၀န်ကြီးချုပ်အဖြစ် ဒုတိယ သက်တမ်းတာဝန်ထမ်း ဆောင်ခွင့်ရသည်။

၂၀၀၆ ခုနှစ်ဝန်ကြီးချုပ် Thaksin ကုလသမဂ္ဂညီလာခံ တက်ရောက်နေစဉ်တွင် ထိုင်းစစ်ခေါင်းဆောင်များက သွေးထွက်သံယို မရှိဘဲ အာဏာသိမ်းလိုက်သည်။ အငြိမ်းစားဗိုလ်ချုပ်ကြီး Swrayud Chulanont အား အိမ် စောင့် အစိုးရ၀န်ကြီးချုပ်အဖြစ် တာဝန်ယူစေသည်။
၂၀၁၄ ခုနှစ် မေလ ၂၂ ရက် သောကြာနေ့ ညနေ ၄း၃၀ တွင် ရေတပ် ဗိုလ်ချုပ်ကြီး Prayuth Chan-Ocha ခေါင်းဆောင်သည့် စစ်အာဏာသိမ်းအဖွဲ့က ထိုင်းနိုင်ငံကို အာဏာသိမ်းလိုက်သည်။ အရပ်သား နိုင်ငံရေး အကျဉ်းအကျပ်များကို အကြောင်းပြုပြီး အာဏာသိမ်းခြင်းသည် နိုင်ငံရေးတွင် စွပ်ဖက်လွှမ်းမိုးခြင်းဖြင့် ဂုဏ် သိက္ခာ၊ အဆောင်အယောင်နှင့် အခွင့်အလမ်းများရဖို့သာ ဦးတည်နေ ကြောင်း ဝေဖန်သူတွေက သုံးသပ်ကြ သည်။ ထိုင်းနိုင်ငံကို စစ်တပ်က အာဏာသိမ်းခြင်းသည် ထိုင်းအခြေခံဥပဒေပုဒ်မ ၁၉၁၄ အရ ဘုရင်၏ မီးစိမ်း နှင့်အတူ အာဏာသိမ်းခြင်းဖြစ်သည်ဟု ဆိုသည်။
ရှပ်ဝါနှင့် ရှပ်နီအရပ်ဘက်အဖွဲ့ အစည်း နှစ်ခုအကြား ပဋိပက္ခအသွင်ဆောင်သည့် ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ် နေသည်မှာ နှစ်ဝက်ကြာပြီဖြစ်ရာ ထိုင်းနိုင်ငံ တစ်နိုင်ငံလုံး အပေါ် သြဇာသက်ရောက်သည့် ထိုင်း ဘုရင် အနေဖြင့် ““နင်- တော်-နင်တန်” ဆိုပြီး တစ်ကြိမ်မရ နှစ် ကြိမ်၊ နှစ်ကြိမ်မရ သုံးကြိမ် အဲဒီလိုမှ နှစ်ဖက်ကို ထိန်းသိမ်းလို့ မရရင် ဘုရင့်အမိန့် နှင့် နှစ်ဖက်ခေါင်းဆောင်တွေကို အရပ်ဘက်နည်းနှင့် အပြစ်ပေး အရေးယူ လို့ရပါ လျက်သားနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၉၁၄ နှစ်အတူ မီးစိမ်းပြလိုက်သည့် လုပ်ရပ်အပေါ် မေးခွန်း တွေ တသီကြီးထွက် လာလိမ့်မယ်လို့ မထင်ပါနဲ့။ ဖွဲ့စည်းပုံအခြေခံ ဥပဒေက ခွင့်ပြုထားသည့် အာဏာ သိမ်းမှုပါ ထည့်စဉ်းစားရမည့်အချက်က ထိပ်တိုက်ရင်ဆိုင်နေကြသည့် ရှပ်နီ၊ ရှပ် ၀ါ အဖွဲ့ကြီးတွင် ရှပ်နီအဖွဲ့ သည် ဘုရင်လိုလားသော စနစ်ကို ဆန့်ကျင်သည့် အဖွဲ့အစည်းဖြစ်သည်။ ဘုရင်စနစ်ကို မလိုလားချေ။

၁၉၅၇ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ သိမီသလောက် တင်ပြရလျှင် မြန်မာ့နိုင်ငံရေးတွင် သန့်ရှင်းနှင့်တည်မြဲဆိုပြီး အထင်ကရ နိုင်ငံရေးပါတီကြီးနှစ်ခုရှိသည်။ တည်မြဲက စစ်တပ်လိုလားသည်၊ စစ်တပ်က ထောက်ခံသည်။ ထိုအချိန်တွင် စစ်တပ်က ရွေးကောက်ပွဲကျင်းပပေးရမည့် အခြေအနေအချိန်အခါ ဖြစ်သည်။ သို့ရာတွင် စစ်တပ် က မကြိုက်သူများ၊ လက်မခံနိုင်သူများကို လူထုက မဲဆန္ဒနှင့် ရွေးကောက်တင်မြှောက်လျှင် စစ်တပ်က တစ်မျိုး တစ်ဖုံ တုံ့ပြန်မည်ဟု လျှို့ဝှက်အမိန့်ထုတ်ခဲ့သည်။

ရွေးကောက်ပွဲအတွက် မဲဆွယ်ကြရာတွင် တည်မြဲခေါင်းဆောင် ဦးဗဆွေက ““ခင်ဗျားတို့ မဲပေးမှားကြလျှင် မမျှော်လင့်တဲ့ အခြေအနေဆိုးတွေ တွေ့ရမည်””ဟုလည်းကောင်း ““ရှုံးရင်လည်း နိုင်ရမည် နိုင်ရင် လည်း နိုင်ရမည်”” စသည်ဖြင့် တည်မြဲ ရှုံးလျှင် စစ်တပ်တင်မည်ဟု အဓိပ္ပာယ်နှင့် ဟောပြောစည်းရုံးနေသဖြင့် စစ်တပ် ကို ကြီးစွာ မုန်းတီးနေသည့် လူထုကသန့်ရှင်း ပါတီအား ပုံအောပြီး မဲပေးခဲ့ကြသည်။

(စစ်တပ်က ရွေးကောက်ပွဲတွင် ၀င်ရောက်ပတ်သက်ခဲ့သည်များကို အခွင့်သင့်လျှင် တင်ပြပါဦးမည်)
အိမ်စောင့်အစိုးရတက်ခဲ့စဉ်က ပါလီမန်တွင် ဗိုလ်ချုပ်ကြီးနေ၀င်းက ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် ဒီမိုကရေစီကို ပြည်ထောင်စုသားတစ်ယောက်အနေနှင့် လည်းကောင်း ရောက်ရာအရပ်တွင် အသက်ပေးပြီး ကာကွယ်စောင့်ရှောက်ရန် တာဝန်ယူပါသည်””ဟု ကျမ်းသစ္စာကျိန် ဆိုပြီး အာဏာသိမ်းယူခဲ့သည်။ အခြေခံ ဥပဒေကြီးကို အသက်ပေးပြီး စောင့်ထိန်းပါ့မည်””ဟု ပါလီမန် လွှတ်တော်တွင် ကျမ်းသစ္စာကျိန်ဆိုကာ အာဏာ သိမ်းခဲ့သူ ဗိုလ်ချုပ်ကြီးနေ၀င်းက ၁၉၆၂ ခုနှစ် တွင် ဒုတိယအကြိမ် အာဏာသိမ်းသောအခါ ပထမဆုံး ထုတ်ပြန် သည့် အမိန့်ကြေညာချက်မှာ ၁၉၄၇ ခုနှစ် အခြေခံဥပဒေကြီးကို ဖျက်သိမ်းကြောင်း ဥပဒေဖြစ်သည်။
ဗိုလ်ချုပ်နေ၀င်း အာဏာသိမ်းပြီး ၄ နှစ်အကြာ ၁၉၆၆ ခုနှစ်တွင် မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ပါတီ နှီးနှောဖ လှယ်ပွဲကျင်းပစဉ်က ““အာဏာကို မူလပိုင်ဆိုင်သူမှာ ပြည်သူလူထုဖြစ်ပါတယ်။ ပြည်သူလူထုသို့ ပြန်အပ်ပါ မည်”” သူပဲ စတင်ပြောကြားခဲ့သည်။ သူ့ခမျာ ကတိတည်ရှာသား၊ အာဏာသိမ်းပြီး ၉ နှစ်ကာလကြာသော အခါ ၁၉၇၁ ခုနှစ် ဇွန်လ ၂၈ ရက် ပထမ အကြိမ် မဆလပါတီညီလာခံတွင် ““တကယ်တိုင်းပြည်အာဏာ မူလ ပိုင်ရှင်ဖြစ်တဲ့ လူထုလက်ထဲရောက်အောင် ပြန်အပ်မှာပါပဲ၊ တစ်ပြည်လုံးက လူထုကိုယ်စားလှယ်များလက်သို့ ပြန်မအပ်နိုင်သေးသဖြင့် ပြည်သူလူထု၏ တစ်စိတ်တစ်ဒေသဖြစ်တဲ့ ကျွန်တော်တို့ပါတီကိုတော့ ပြန်အပ်ပါပြီ”” ဟု မိန့်ခွန်းပေးကာ အာဏာထုပ်ကြီးကို မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီသို့ လွှဲအပ်ပေးခဲ့ပါသည်။

ပါတီ၏လက်တွင်းသို့ ဗိုလ်ချုပ်ကြီး က အာဏာကို ပြန်အပ်လိုက်ပြီဆိုသဖြင့် ထိုအာဏာကို မဆလပါတီက မည်သို့ လက်ခံပြီး မည်သည့်နည်းဖြင့် လည်ပတ် ခုတ်မောင်းမည်နည်းဟူသော ကိစ္စအတွက် ပါတီဗဟို ကော် မတီ အစည်းအဝေးကို တံခါးပိတ် ကျင်းပနေသော အခါတွင်လည်း ညီလာခံကိုယ်စားလှယ်များ နားမလည်နိုင် သေးသဖြင့် ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေ၀င်း ဦးစီးသော ဗဟိုကော်မတီ အစည်းအဝေးမှ စဉ်းစားပြီးနောက် ပါတီ ညီလာခံ အစည်းအဝေးကို ဆက်လက် ကျင်းပသည့်အခါ ကျတော့မှ ညီလာခံတက်လာကြသူများ ဇာတ်ကွက် လည်ကြရတော့သည်။ ဗဟိုကော်မတီ၏ ယာယီဆုံးဖြတ်ချက်က-
လက်ငင်းအားဖြင့် ပြည်သူတို့က ရွေးကောက်တင်မြှောက်သည့် ပြည်သူ့ ကိုယ်စားလှယ်များ၏ ပြည်သူ့ လွှတ်တော် မရှိသေးပါ။ ထို့ကြောင့် တော်လှန်ရေးကောင်စီဥက္ကဋ္ဌ (ဗိုလ်နေ၀င်း)က လွှဲအပ်ပေးလေသော အာဏာကို ပါတီဥက္ကဋ္ဌကြီး (ဗိုလ်နေ၀င်း) လက်ခံ၍ ပြန်ယူပြီး ပြည်သူ့ လွှတ်တော်ပေါ်ပေါက်လာသည်အထိ တာဝန်ယူပါဟု (ဗိုလ်နေ၀င်းမှ ဗိုလ်နေ၀င်းသို့) လွှဲအပ်ရန် ဆုံးဖြတ်ကြလေသည်။ ယင်းတာဝန်အတွက် တော် လှန်ရေးကောင်စီကို ပြင်ဆင်ဖွဲ့စည်းပါဟုလည်း တာဝန်ပေးခဲ့သည်။ ၁၉၇၄ ခု မတ်လ ၂ ရက်နေ့ လူထုကြီးက ရွေးကောက်တင်မြှောက် သော ပြည်သူ့လွှတ်တော်ပေါ်လာသော အခါတွင် အာဏာကို ပြည်သူလူထု၏ လက် သို့ ဤနည်းဖြင့် လွှဲပြောင်းပေးခဲ့ သည်။ ၁၂ နှစ်တာ ကာလပတ်လုံးထိန်း သိမ်းထားရသည့် အာဏာထုပ်ကြီး အား စစ်ဝတ်စုံဝတ်ဆင်ထားခဲ့သူ ဗိုလ်ချုပ်ကြီးနေ၀င်း၏ တောင်ရှည် ပုဆိုးဝတ်ဆင်ထာသော အရပ်သားကြီး၊ ပင်စင်စားကြီး ဦးနေ၀င်းလက်သို့ လွှဲပြောင်းပေးလိုက်ပါ တော့သည်။ ချက်ချင်းပင် အစိုးရ၏ အသွင်သဏ္ဌာန်မှာ လူထုကိုယ်စားလှယ် အစိုးရဖြစ်သွား ပါတော့သည်။

၁၉၈၈ ခုနှစ် စက်တင်ဘာလအတွင်း စစ်အာဏာရှင်ကြီး ဦးနေ၀င်းက ဗိုလ်ချုပ်ကြီး စောမောင်နှင့် ဗိုလ်ချုပ် ခင်ညွန့်တို့ကို သူ့ရဲ့အိမ်မှာ ခေါ်ယူတွေ့ဆုံပြီး စစ်တပ်နဲ့ အာဏာသိမ်းဖို့ စစ်အာဏာသိမ်းကောင်စီ မှာ ဗိုလ်ချုပ်ကြီး စောမောင်က ဥက္ကဋ္ဌလုပ်ပြီး ဗိုလ်ချုပ်ခင်ညွန့်နှင့် ဗိုလ်ချုပ်တင်ဦးတို့ ကို အတွင်းရေးမှူး(၁)နှင့် (၂) လုပ်ခိုင်းဖို့ ညွှန်ကြားခဲ့သည်။ ဗိုလ်ချုပ်ကြီးစောမောင် ကလည်း ထိုအချိန်က ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဖြစ်သည့် ဗိုလ်ချုပ်ကြီး သန်းရွှေအား အာဏာသိမ်း စစ်ကောင်စီတွင် သာမန်အဖွဲ့ဝင်တစ်ဦးအဖြစ်သာ ခန့်ထားသည်ဟုဆိုသည်။

မဆလခေတ် လူထုအုံကြွမှုကာလမှာ စစ်တပ်အာဏာသိမ်းခဲ့ပါတယ်။ အာဏာ သိမ်းတဲ့နေ့က စက်တင်ဘာလ ၁၈ ရက်ပါ။ အဲဒီမနက်မှာ ဦးနေ၀င်းအိမ်ကနေ မဆလပါတီအထွေထွေအတွင်းရေးမှူးကို ဖုန်းဆက်ခေါ်တယ်။ ဒါနဲ့ မဆလ ထိပ်သီး ၆ ယောက် ဦးနေ၀င်းအိမ်ကို အခစားဝင် ကြပါတယ်တဲ့။ အဲဒီ ၆ ယောက်က သမ္မတ ဒေါက်တာမောင်မောင်၊ ၀န်ကြီးချုပ် က သူရထွန်းတင်၊ ဒုဝန်ကြီးချုပ်က ဗိုလ်ချုပ်သန်းတင်၊ ပါတီအထွေထွေ အတွင်း ရေးမှူးက ဗိုလ်ချုပ်ကြီးအေးကို၊ တွဲဖက်က ဗိုလ်ချုပ်ကြီး သူရကျော်ထင်၊ နိုင်ငံခြားရေး ၀န်ကြီးက ဦးရဲခေါင်တို့ဖြစ်ကြောင်း ဦးခင်ညွန့်က ပြောတယ်လို့ မော်နီတာဂျာနယ်မှာ ရေးထားပါတယ်။ ဖုန်းလာချိန်မှာ ကာချုပ် ဗိုလ်ချုပ်ကြီးစောမောင်၊ ထောက်လှမ်းရေး မှူးချုပ် ဗိုလ်ချုပ်ခင်ညွန့်တို့လည်း ရှိနေ တော့ စုစုပေါင်း ၈ ယောက်သား ဦးနေ၀င်းအိမ်ကို ချီတက်သွားကြတယ်လို့ ဆိုပါတယ်။ ဟိုရောက်တော့ ဥက္ကဋ္ဌကြီး ဦးနေ၀င်းက သူတို့ကို စစ်အာဏာသိမ်းဖို့ ပြောပါတယ်တဲ့။ ဥက္ကဋ္ဌကြီး ပြောပုံကို ဦးခင်ညွန့် ရှင်းပြတာ ဒီလိုပါ …
““ဥက္ကဋ္ဌကြီးက မင်းတို့လုပ်နိုင်လား ထိန်းနိုင်လားတဲ့၊ ကျွန်တော်တို့ မထိန်းနိုင်ပါဘူးတဲ့၊ မင်းတို့ဘာ ပြောစရာ ရှိလဲတဲ့၊ ဘာမှမရှိပါဘူး။ ဥက္ကဋ္ဌကြီး အစီအမံပါပဲတဲ့။ ငါပြောတဲ့အတိုင်း မင်းတို့လိုက်နာ မလားတဲ့၊ လိုက်နာပါ မယ် ဆိုတော့ ကဲ… ကိုစောမောင် ငါတို့ ဘာမှ မလုပ်နိုင်တော့ဘူး။ မင်းတို့စစ်တပ်ကပဲ၊ တပ်မတော်ကပဲ တိုင်းပြည်ကို တာဝန်ယူလိုက်ကွာ””တဲ့၊ ဒါနဲ့ပဲ အဲဒီညနေမှာ စစ်တပ်က အာဏာသိမ်းကြောင်း ရေဒီယိုက နေကြားလိုက်ပါတယ်။ (ဧရာဝတီ ၉-၈-၂၀၁၃)
ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒပုဒ်မ ၁၉၁၄ အရ ဘုရင်မင်းမြတ်၏ အတည် ပြုချက်ဖြင့် စစ်တပ်က အာဏာသိမ်း နိုင် ည်ဟု အတိအလင်းဖော်ပြထားသည်။
၂၀၀၈ ခုနှစ် မြန်မာနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေ (အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ) ပုဒ်မ ၄၁၇ တွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ဆူပူသောင်းကျန်းမှုအကြမ်းဖက်မှုနှင့် အဓမ္မနည်းများဖြင့် ရယူဆောင် ရွက်ခြင်း (သို့မဟုတ်) ကြိုးပမ်းအားထုတ်ခြင်းကြောင့် ပြည်ထောင်စုပြိုကွဲစေမည့် တိုင်းရင်းသား စည်းလုံး ညီညွတ်မှု ပြိုကွဲစေမည့် သို့မဟုတ် အချုပ်အခြာအာဏာ လက်လွတ်ဆုံးရှုံးစေမည့် အရေးပေါ် အခြေအနေပေါ် ပေါက်လျှင် သို့မဟုတ် ပေါ်ပေါက်ရန်လုံ လောက်သောအကြောင်း တွေ့ရှိလျှင် နိုင်ငံတော်သမ္မတသည် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းပြီး ဥပဒေကဲ့သို့ အာဏာတည်သည့် အမိန့်ထုတ်ပြန်၍ အရေးပေါ်အခြေအနေ ကြေညာနိုင်သည်။ ယင်းအမိန့်တွင် အရေး ပေါ်အခြေအနေ အကျိုးသက်ရောက်သည့် နယ်မြေသည် နိုင်ငံတစ်ဝန်းလုံးဖြစ်ကြောင်းနှင့် အချိန်ကာလသတ်မှတ်ချက်သည် အမိန့်ထုတ်ပြန်သည့်နေ့မှ တစ်နှစ်အထိ ဖြစ်ကြောင်း ဖော်ပြထားသည်။
၄၁၈ (က) —— တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်၏ ဥပဒေပြုရေး အုပ်ချုပ်ရေးနှင့် တရား စီရင်ရေး အာဏာများကို လွှဲအပ်ကြောင်း ကြေညာရမည်။ ယင်းသို့ကြေညာသည့်နေ့ မှစ၍ လွှတ်တော် အားလုံး နှင့် ဦးစီးအဖွဲ့များ ဥပဒေပြုရေးဆိုင်ရာ လုပ်ငန်းရပ်ဆိုင်း ထားသည်ဟု မှတ်ယူရမည်။ ယင်းလွှတ်တော် များ၏ သက်တမ်းကုန်ဆုံးသည့်အခါ သက်ဆိုင်ရာလွှတ်တော်များသည် အလို အလျောက် ဖျက်သိမ်းပြီး ဖြစ်သည်ဟု မှတ်ယူရမည်။

(ခ) ——- ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် မည်သို့ပင်ပြဋ္ဌာန်းရှိစေကာမူ နိုင်ငံတော်သမ္မတနှင့် ဒုတိယ သမ္မတ များမှ အပ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ သက်ဆိုင်ရာ လွှတ်တော်များ၏ သဘော တူညီချက်ဖြင့် ခန့်အပ် တာဝန်ပေးထားသော အဖွဲ့အစည်းဝင်များ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ် ပိုင်အုပ်ချုပ် ခွင့်ရသော ဒေသဦးစီး အဖွဲ့ဝင်များအား တာဝန်မှ ရပ်စဲပြီး ဖြစ်သည်ဟု မှတ်ယူရမည်။
ပုဒ်မ (၄၁၉) နိုင်ငံတော်အာဏာလွှဲ အပ်ခြင်းခံရသည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ဥပဒေပြုရေး အာဏာ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေး အာဏာတို့ကို ကျင့်သုံးဆောင်ရွက်ခွင့်ရှိသည်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် ဥပဒေပြုရေးအာဏာကို မိမိကိုယ် တိုင်ဖြစ်စေ မိမိကိုယ်တိုင်ပါဝင်သည့်အဖွဲ့ အစည်းတစ်ရပ် ဖွဲ့စည်း၍ဖြစ်စေ ကျင့်သုံး ဆောင်ရွက်နိုင်သည်။ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေး အာဏာများကို သင့်လျော်သည့် အဖွဲ့အစည်းတစ်ရပ်ရပ်ကို ဖွဲ့စည်း၍ ဖြစ်စေ သင့်လျော်သည့် ပုဂိ္ဂုလ် တစ်ဦးဦး အားဖြစ်စေ လွှဲအပ်ကျင့်သုံး ဆောင်ရွက်စေနိုင်သည်။
ပုဒ်မ ၄၂၀ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် အရေးပေါ်အခြေအနေ ကြေညာထားစဉ် ကာလအတွင်း လိုအပ်သည့် နယ်မြေဒေသတွင် နိုင်ငံသားများ၏ မူလအခွင့်အရေး တစ်ရပ်ကိုဖြစ်စေ၊ တစ်ရပ်ထက်ပို၍ဖြစ်စေ လိုအပ်သလို ကန့်သတ်နိုင်သည် သို့မဟုတ် ရပ်ဆိုင်းထားနိုင်သည်။
ထိုင်းနိုင်ငံတွင် စစ်တပ်က အာဏာ မသိမ်းမီကာလအချိန်အတော်အတန်ကြာ သည်ကတည်းက မြန်မာနိုင်ငံ တွင်လည်း စစ်တပ်က အာဏာသိမ်းမလား၊ ဂငယ်ပုံ နောက်ကြောင်း ပြန်လှည့်မလား စသဖြင့် ပြည်သူတွေ အပါအ၀င် Stakeholders များက စိတ်ဝင်တစားမေးကြသည်။ အချို့က မသိလို့ သိချင်စိတ်နှင့် ထင်ထား သည်များ မဖြစ်ဖို့ မေးကြစမ်းကြသည်။ အချို့က လည်း သိပြီးဖြစ်ပေမယ့် ပိုမိုသေချာအောင် မေးကြသည်။ တာဝန်ရှိသူ ဖြေကြားသူ တွေကလည်း အာဏာမသိမ်းပါဘူး။ မသိမ်းလောက်ဘူး၊ သိမ်းလို့မဖြစ်ဘူး စသည်ဖြင့် ဖြေကြသည်။

ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာ သိမ်းသည့်အကြိမ်ပေါင်း ၁၉ ကြိမ်ကို လေ့လာဖတ်ရှုပြီး အာဏာသိမ်း မသိမ်း ပြောနိုင်သည့်အချက်တွေကတော့-
၁။ အကြောင်းအချက်ခိုင်လုံလျှင် သိမ်းမည်၊
၂။ အကြောင်းအချက် မခိုင်လုံလျှင်လည်း သိမ်းမည်၊
၃။ သိမ်းချင်တဲ့ အချိန်သိမ်းနိုင်သည် ဆိုသည်ပဲဖြစ်သည်။
မှတ်တမ်းများအရ ထိုင်းနိုင်ငံအာဏာ သိမ်းသည့်အကြိမ် ၁၉ ကြိမ်တွင် ၁၂ ကြိမ်သည် အာဏာသိမ်းရန် ကြံစည် သည့် အကြိမ်ဟု ဖော်ပြထားသည်။ မြန်မာနိုင်ငံ တွင် ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့က စစ်တပ်က အာဏာ သိမ်းပြီး စစ်အုပ်ချုပ် ရေးပြဋ္ဌာန်းခဲ့သည်။ နှစ်ပေါင်း ၅၀ ကျော်လာပြီး ယနေ့အချိန်မှာ Civilian Government, Civilian Rule အစား disuniformed, Army dominant position တွေကိုသာ အခင်းအကျင်းကြီးတစ်ခုလုံး မှာ တွေ့ရှိနေရသည်။ မြန်မာစစ်တပ်က အာဏာသိမ်းမည်ဟု ကြံစည်သည့်အကြိမ် မရှိ၊ တစ်ကြိမ်တည်း သိမ်း သည်။ ဒါပေမဲ့ နှစ်ပေါင်း ၅၀ ကျော်ကြာသွားသည်။ နောက်တစ်ခါ အာဏာသိမ်းမယ်ဆိုလျှင်ဖြင့် စစ်တပ်ကို စစ်တပ်က ပြန်သိမ်းတာပဲ ဖြစ်ပေလိမ့်မည်။
မောင်မြား
ကိုးကား-
၁။ ကြေးမုံဦးသောင်း၏ “ဦးနေ၀င်း ပြာတစ်ဆုပ်” နှင့် ခေတ်ပြိုင်၏ စစ်ဝါဒီများ တိုက်ပွဲ”
၂။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ
၃။ BBC, AP, Reuters
မြန်မာသံတော်ဆင့်

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>