Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ထားစရာမရှိသော စစ်ဗိုလ်ချုပ်များ နှင့် စားစရာမရှိသော ပြည်သူ

$
0
0
လွန်ခဲ့သော သီတင်းပတ်များအတွင်း ထွက်ပေါ်လာသော သတင်းများကို ခြုံငုံသုံးသပ်မည် ဆိုပါက အာဏာ အလွဲသုံးစားလုပ်၍ အဂတိ လိုက်စားကာ အဆမတန် ကြီးပွားချမ်းသာ လာကြသည့် စစ်ဗိုလ်ချုပ်အသစ် အဟောင်းများက ၎င်းတို့ အသိုင်းအ၀ိုင်း သို့မဟုတ် လူတစ်စု အာဏာ လက်မလွတ်ရရေးကို အသည်းအသန် ကာကွယ် ခုခံနေသည့် အခြေအနေဟု ကောက်ချက်ဆွဲရမည် ဖြစ်သည်။ ဗိုလ်ချုပ်ဟောင်း တစ်ဦး၏အိမ်ကို ယူနီဆက်ဖ်မှ ငှားရမ်းရာ၌ တစ်လလျှင် အမေရိကန် ဒေါ်လာ ၈၇၀၀၀ (မြန်မာငွေသိန်း ၈၂၀ကျော်) ရနေသည့် သတင်းမှ အစပြု၍ ၄၃၆ ပြင်ဆင်ရေးကို အောက်လမ်းနည်းဖြင့် တန်ပြန်မှုများ၊ ဘာသာသာသနာကို နိုင်ငံရေးအတွက် အသုံးချနေမှုများ စသော သတင်းများအဆုံး အလုံးစုံ ခြုံငုံသုံးသပ်ကြည့်လျှင် ယင်းအချက်ကို အထင်အရှား တွေ့မြင် ရလိမ့်မည်။

အာဏာ လက်မလွှတ်ချင်လောက်အောင် ဖြစ်နေသည်မှာလည်း အာဏာ လက်ကိုင်ရှိသော ၎င်းတို့နှင့် ၎င်းတို့ အသိုင်းအ၀ိုင်း တစ်ခုလုံး၏ ဓနဥစ္စာ အဆမတန် ပွားစီးနေမှုကြောင့်ဖြစ်သည်။ လွန်ခဲ့သော ဆယ်နှစ်ကျော်က အရိုက်အရာမှ ပြုတ်ကျသွားသော ဗိုလ်ချုပ်ဟောင်း ဦးညွန့်တင်၏ ဓနဥစ္စာ ပိုင်ဆိုင်မှု တစ်ခုတည်းကိုပင် စိစစ် ကြည့်လျှင်ပင် စစ်ဗိုလ်ချုပ် အသစ်အဟောင်းများနှင့် ၎င်းတို့အသိုက်အ၀န်း မည်ရွေ့မည်မျှ ချမ်းသာ ကြွယ်ဝ နေသည်ကို ဆ၀ါးမိနိုင်သည်။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီလက်ထက် (နအဖ စစ်အစိုးရခေတ်)၌ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးတစ်ဦး ဖြစ်ခဲ့ဖူးသူ ဗိုလ်ချုပ်ဟောင်း ဦးညွန့်တင်သည် ယူနီဆက်ဖ်သို့ ငှားရမ်းထားသော ဗဟန်း ရွှေတောင်ကြားမှ နေအိမ်အပြင် အခြားသော တန်ဖိုးကြီး အိမ်ခြံမြေများနှင့် ဓနဥစ္စာများစွာ ပိုင်ဆိုင်ထားသည်ဟု မီဒီယာများက ဖော်ထုတ် ရေးသားလာသည်။

ယခင် စစ်အစိုးရ လက်ထက်တွင် ရာထူးပြုတ်ကျခဲ့သော စစ်ဗိုလ်ချုပ်ဟောင်း တစ်ဦးသည်ပင် ထိုမျှ ချမ်းသာ ကြွယ်ဝ နေသည်ဆိုလျှင် လက်ရှိအချိန်အထိ အာဏာနှင့်သြဇာ သက်ရောက်မှု ကြီးမားသော စစ်ဗိုလ်ချုပ် အသစ်အဟောင်းများ ဆိုလျှင် မည်မျှကြီးပွား ကြွယ်ဝနေမည်ကို ခန့်မှန်းကြည့်နိုင်သည်။ အာဏာ အလွဲသုံးစားလုပ်၍ အကျင့်ပျက် ခြစားကာ ကျိကျိတက် ချမ်းသာလာသော စစ်ဗိုလ်ချုပ် ဟောင်းများ၏ ဥစ္စာဓနများသည် လက်ရှိ အချိန်ကာလအထိ အရေးယူ သိမ်းဆည်းမှု မခံရရုံသာမက မပျက်စီး၊ မကွယ်ပျောက် သွားစေရန် စစ်အုပ်စုအတွင်း အချင်းချင်း အကာအကွယ် ပေးထားခြင်း၊ ဓနဥစ္စာများ ပိုမိုပွားစီးလာစေရန် တစ်ဖက်သတ်အခွင့် အရေးများ ဖန်တီး ပေးထားခြင်း တို့ကိုပင် မြင်တွေ့နေရသည်။

ဗိုလ်ချုပ်ပြုတ် တစ်ဦး၏ ပိုင်ဆိုင်မှု အများအပြားအနက်မှ တစ်ခုသာဖြစ်သော ဗဟန်းရွှေတောင်ကြား နေအိမ်မှ တစ်လ ၀င်ငွေ သိန်း ၈၀၀ ကျော် နှင့် သမ္မတလစာကို နှိုင်းယှဉ်ကြည့်နိုင်သည်။ နိုင်ငံ၏ အမြင့်ဆုံး ရာထူးဖြစ်သော သမ္မတ၏ လစာကို ကျပ်သိန်း ၅၀ သတ်မှတ်ထားပြီး ယခုအခါ ၂၅ ရာခိုင်နှုန်း လှူဒါန်းမည် ဆိုခြင်းကြောင့် ၃၇ သိန်းခွဲသာ ကျန်မည် ဖြစ်သည်။ အလုပ်မလုပ်ဘဲ အငြိမ်းစားနေသော ဗိုလ်ချုပ်ပြုတ် တစ်ဦး၏ အစွန်အဖျား ၀င်ငွေသည် တစ်နိုင်ငံလုံး၏ အုပ်ချုပ်ရေး တာဝန်ကို အကြီးမားဆုံး တာဝန်ယူ၍ လုပ်ကိုင် ဆောင်ရွက်ရမည် ဖြစ်သော သမ္မတ၏ လစာထက် အဆမတန် များပြား သာလွန်နေသည့် သဘာဝမကျသော အနေအထားကို အံ့အားသင့်ဖွယ် တွေ့မြင်ရမည် ဖြစ်သည်။ လစာ ၂သိန်းခွဲသာ ရရှိသော ညွှန်ကြားရေးမှူးချုပ်နှင့် နှိုင်းယှဉ် ကြည့်မိလျှင်တော့ အကျင့်ပျက်ခြစားမှု အမြစ်စွဲနေရသော အကြောင်းတရားကို အတန်အသင့် သဘောပေါက် သွားလိမ့်မည်။

ထို့ပြင် ပြည်သူထံမှ အဓမ္မနည်း၊ မသမာသော နည်းများဖြင့် ရယူထားသော အာဏာဖြင့် ပြည်သူနှင့် နိုင်ငံပိုင် ဓနဥစ္စာများကို အလွဲသုံးစားပြုကာ တရားဝင်လစာ၊ ခံစားခွင့်များထက် အဆပေါင်း ထောင်သောင်းရှိ ချမ်းသာ ကြွယ်ဝနေကြသော အဆိုပါ စစ်အုပ်စု၏ အရှက်မရှိသော အဖြစ်ကိုလည်း အံ့သြမဆုံး ဖြစ်ရလိမ့်မည်။ ဤမျှ ချမ်းသာကြွယ်ဝမှုနှင့် လုပ်ပိုင်ခွင့်များကို မက်မပြေအောင် ဖြစ်နေသော စစ်အုပ်စုသည် ၎င်းနှင့် ၎င်း၏ အသိုင်းအ၀ိုင်း၏ အကျိုးစီးပွားကို အကာအကွယ်ပေးခြင်းနှင့် ဆတက်ထမ်းပိုး တိုးပွားလာစေရန် တစ်ဖက်သတ် အခွင့်အရေးများ ပေးနေခြင်းတို့ကိုလည်း မျက်မှောက်ကာလအထိ အထင်းသား မြင်နေရဆဲဖြစ်သည်။ ဥပမာအားဖြင့် ပုဂ္ဂလိက ရုပ်သံလုပ်ငန်း လုပ်ကိုင်ခွင့်ကို အထူးအခွင့်အရေး အနေနှင့် ရရှိထားသော SKY NET သည် ၂၀၁၀ မှစ၍ သုံးနှစ် ဆက်တိုက် နိုင်ငံတော်သို့ အကျိုးအမြတ် ခွဲဝေပေးရန် မလိုဘဲ ကင်းလွတ်ခွင့် ရရှိခဲ့သည်။ ပျမ်းမျှ တစ်လလျှင် ကျပ်သိန်းပေါင်း ၅၀,၀၀၀ ကျော် ၀င်ငွေရှိနေသည် ဟုဆိုသော အဆိုပါ ရုပ်သံလုပ်ငန်းသည် အကျိုးအမြတ် ခွဲဝေပေးရမည့် ကာလ၌လည်း နိုင်ငံတော်သို့ တစ်လသိန်း ၃၀၀ နှုန်းသာ စတင် ပေးသွင်းနေရသည်။

ယင်းက နမူနာ တစ်ခုမျှသာ ဖြစ်သည်။ အခြားသော စစ်အုပ်စုနှင့် ပတ်သက်သည့်၊ နီးစပ်မှုရှိသည့် စီးပွားရေး လုပ်ငန်း များစွာမှာလည်း တစ်ဖက်သတ် အခွင့်အရေးများစွာဖြင့် မြန်မာ့စီးပွားရေး လောကတစ်ခုလုံးကို စိတ်ကြိုက် ခြယ်လှယ်ခွင့် ရရှိနေသည်။ ထို့ကြောင့်ပင် မြန်မာနိုင်ငံ၌ အခွင့်ထူးခံများနှင့် သာမန် ပြည်သူများအကြား ဆင်းရဲ ချမ်းသာ ကွာဟမှု အလွန်တရာ ကြီးမားလာခဲ့ခြင်း ဖြစ်သည်။ မြန်မာပြည်သူ အများစု ဆင်းရဲမွဲတေမှု နွံထဲမှ ရုန်းမထွက် နိုင်ဘဲ တစ်နေ့တခြား စားဝတ်နေမှုအတွက် ပိုမို ခက်ခဲလာနေခြင်းသည် ဆင်းရဲချမ်းသာ ကွာဟမှု အလွန့် အလွန် ကြီးမားလှသောကြောင့်ပင် ဖြစ်သည်။ ထားစရာမရှိလောက်အောင် ကြွယ်ဝနေသော စစ်ဗိုလ်ချုပ် အသစ် အဟောင်းများ၏ အဂတိမှုများ မကင်းပသေးသမျှ ကာလပတ်လုံး ပြည်သူလူထုမှာ စားစရာ မရှိလောက်အောင် မွဲတေနေရဦးမည် ဖြစ်ပါကြောင်း။
မြန်မာသံတော်ဆင့်
အယ်ဒီတာ

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>