“လူမျိုးရေးဆိုတာဟာလည်း ရှေးခေတ်က ဟစ်အော်လာကြတဲ့ (အမျိုး-ဘာသာ-သာသနာ-ပညာ) ဆိုတဲ့ စကားမျိုးကို လက်သုံးပြုလို့ မလုံလောက်တော့ဘူး။ အမျိုးဆိုရာမှာ ဘယ်လိုအမျိုးကို တည်ရမလဲ။ ဗမာ၊ ကရင်၊ ကချင်၊ ချင်းနှင့် အခြား အမျိုးများလည်း ရှိသေးတယ်။ ဒါကြောင့် လူမျိုးရေးအားဖြင့် ကြည့်လျှင် လူမျိုတစ်မျိုးထဲကို လိပ်ခဲတင်းလင်းစွဲပြီး ယူဆလို့ မဖြစ်နိုင်ဘူး။
သာသနာဆိုတာက ကိုယ်ကိုးကွယ်ချင်တဲ့ ဘာသာ၊ သာသနာ ကိုးကွယ်နိုင်ကြတာဘဲ။ ဗမာပြည်မှာ လူအများစုက ဗုဒ္ဓဘာသာ ဖြစ်ပေမယ့် ခရစ်ယာန်ဘာသာ ကိုးကွယ်သူ၊ မဟာမေဒင် ဘာသာ ကိုးကွယ်သူ၊ နတ်ကိုးကွယ်သူ အမျိုးမျိုးရှိတာပဲ သည်တော့ ဒါတွေကိုစွဲပြီး လူမျိုးရေးတရား လုပ်လို့ မဖြစ်နိုင်ဘူး။”
(အာဇာနည် ခေါင်းဆောင်ကြီး ဦးအောင်ဆန်း)
ခုတလော ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး အသံတွေ ညံနေသလို အမျိုးသားရေး အစွန်းရောက် အဖွဲ့တွေကလည်း ဟိုမီဒီယာကို အမျိုးသား သစ္စာဖောက် အဖြစ် ကြေညာလိုက်၊ ဒီ NGOကို အမျိုးသား သစ္စာဖောက် အဖြစ် ကြေညာလိုက် ဟိုနိုင်ငံရေး အဖွဲ့အစည်းကို နိုင်ငံရေး စားဖားလို့ ပြောလိုပြော တော်တော် မျက်စိနောက်ရပါတယ်။ အဲဒီလူတွေ အမျိုးသားရေး သတ္တိပြနေပုံကို ထောက်ရှုပြီး စစ်အာဏာရှင် ခေတ်ကောင်းစဉ်က စစ်ထောက်လှမ်းရေး ခေတ်ကောင်းစဉ်က ဘယ်နားမှာများ ရောက်နေသလဲဆိုတာ သိချင်လှပါတယ်။ တစ်ကယ်တော့ ဒီတိုင်းပြည်ဟာ ပြောချင်တာပြော ဆိုချင်တာဆိုတဲ့ ခတ်ကိုရောက်လာတာ မကြာသေးပါဘူး။ သုံးနှစ်ကျော်ကျော် လပေါင်းအားဖြင့် ၃၆လကျော်ကျော်သာ ရှိပါတယ်။ ဒီ၃နှစ်အတွင်း တစ်ဖက်ကို လက်ညှိုးထိုး ပြစ်တင် ပြောဆိုနေတဲ့ ဓလေ့က ပိုပြီး ထွန်းကားလာပါတယ်။ မယုံရင် Facebookကို ဖွင့်ကြည့်လိုက်ပါ။ အပြစ်တင်သံတွေရော၊ ဆဲဆိုသံတွေရော၊ မမြင်ချင်မှ အဆုံးတွေ့ရပါမယ်။ Facebookကို ထူထောင်ခဲ့တဲ့ မာ့ခ်ဇူကာဘတ်သာသိရင် မြန်မာနိုင်ငံက Facebookကိုကြည့်ပြီး နောင်တရသွားမှာ ကျိန်းသေတယ်။ ဒီလူမှုကွန်ယက်က တစ်ဆင့် ကျွန်တော်တို့ လူ့အဖွဲ့အစည်းထဲမှာရော မီဒီယာမှာရော အမုန်းတရားတွေဟာ ပျံ့နှံ့သွားပါတယ်။ ၀မ်းနည်းစရာ ကောင်းတာကတော့ ဒီအမုန်းတရားတွေမှာ အဖြေမပါပါဘူး။
နှစ်ပေါင်း ၅၀လောက် အာဏာရှင် စနစ်အောက်မှာ နေထိုင်ခဲ့ကြရတဲ့ သူတွေမို့ ပွင့်လင်းလာစ အချိန်မှာ ပိတ်ထားတဲ့ ရေမြောင်းကို ဖွင့်ဖောက်ချလိုက်သလို အရှိန်အဟုန်နဲ့ စီးဆင်းလာတာကို မအံ့သြပါဘူး။ ဒါပေမယ့် အာဏာရှင် စနစ်က ပေးခဲ့တဲ့ ပြဿနာတွေ၊ အမွေဆိုးတွေကို သုံးနှစ်အတွင်း တစ်ပြိုင်နက်တည်း ဖြေရှင်းဖို့ ဆိုတာကတော့ ခက်ခဲလှပါတယ်။ အခုဆိုရင်ပဲ ဒီသုံးနှစ် အတွင်းမှာ ပြည်သူပြည်သားတွေဟာ စီးပွားရေးချောင်လည် မလာတဲ့အပြင် ပိုပြီး ဆင်းရဲတွင်း နက်လာတယ်။ ဘာသာရေး ပဋိပက္ခတွေ အမုန်းတရားတွေကို သင်ပုန်းမချေနိုင်ကြသေးဘူး။ ဒီကြားထဲမှာ စစ်အုပ်စုက အခွင့်ထူးခံ ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ဖို့ နိုင်ငံသားတွေက လက်မှတ်တွေ ရေးထိုးပြီး ဆန္ဒတွေ ထုတ်ဖော်နေကြတယ်။ ပြည်တွင်း ငြိမ်းချမ်းရေး အရလည်း တစ်ပိုင်းတစ်စ တန်းလန်း၊ လွှတ်တော်နဲ့ အစိုးရကလည်း တဇောင်းစေးနဲ့ မျက်ချေးပါတီတွေကလည်း ၆၅ ပါတီ လက်နက်ကိုင် လူမျိုးစု အဖွဲ့တွေကလည်း တစ်ဖွဲ့တစ်မျိုး အမျိုးသား အစွန်းရောက် ၀ါဒီတွေကလည်း တိုင်းပြည်ရဲ့ လက်ရှိအခြေအနေကို မသုံးသပ်ပဲ ကျဉ်းမြောင်းတဲ့ လူမျိုးရေးဝါဒကို အခြေခံပြီး တစ်ဂိုဏ်း ထောင်လာတယ်။ နှစ်ပေါင်းများစွာ အကျဉ်းထောင်တွေထဲမှာ ပေးဆပ်ပြီး အာဏာရှင်ကို အံတုတော်လှန်ခဲ့တဲ့ သူတွေကို လေးစားမှု ကင်းမဲ့ပြီး အမျိုးသား သစ္စာဖောက် အဖြစ် အလွယ်တကူ စွပ်စွဲနေတာ ရင်နာစရာပါပဲ။
တစ်ကယ်တော့ အမျိုးသားရေး ၀ါဒီတွေရဲ့ စိုးရိမ်ပူပန်မှုကို နားလည်နိုင်ပါတယ်။ ဒါပေမယ့် အချိန်ကာလ လွဲချော် နေတယ်လို့ ယူဆပါတယ်။ လူတစ်ဦးရဲ့ ငယ်စဉ်ဘ၀ မိရိုးဖလာ ကိုးကွယ်ခဲ့တဲ့ ဘာသာရေးကို ပြစ်ပယ်ပြီး တခြား ဘာသာကို ပြောင်းလဲ ကိုးကွယ်ကြဖို့ဆိုတာ အလွန်ခက်ခဲတဲ့ ကိစ္စဖြစ်ပါတယ်။ ဘာသာ တစ်ခုကို ကိုးကွယ်နေတဲ့ လူတစ်ဦးဟာ အကြောင်း တစ်စုံတစ်ရာကြောင့် တစ်ခြားဘာသာ တစ်ခုကို လွတ်လွတ် လပ်လပ် ကူးပြောင်းပြီး ကိုးကွယ်ယုံကြည်ခွင့်လည်း ရှိပါတယ်။ ဒါမှမဟုတ် ဘယ်ဘာသာကိုမှ မကိုးကွယ်ပဲ နေပိုင်ခွင့်လည်း ရှိပါတယ်။ အိမ်ထောင်ပြုတယ် ဆိုတာ ကိုယ်ပိုင် စဉ်းစားချင့်ချိန်နိုင်တဲ့ အရွယ်ရောက်မှ ဥပဒေအရ ခွင့်ပြုတာမျိုး ဖြစ်ပါတယ်။ အိမ်ထောင်ပြုတဲ့ ကိစ္စဆိုတာကလည်း လူတစ်ဦချင်းစီရဲ့ ရွေးချယ်မှုနဲ့ ဆုံးဖြတ်မှုပါပဲ။ မြန်မာနိုင်ငံရဲ့ ၁၉၅၄ခု ဗုဒ္ဓဘာသာ မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု ဥပဒေမှာ ဆင်းရဲနွမ်းပါးပြီး မပြည့်စုံတဲ့ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေ ဘာသာခြား အမျိုးသားနဲ့ အိမ်ထောင်ပြုတဲ့အခါ မူလ ကိုးကွယ်ရာ ဗုဒ္ဓဘာသာကို စွန့်လွှတ်ပြီး တခြား ဘယ်ဘာသာကိုမှ ကူးပြောင်း ကိုးကွယ်စရာ မလိုအောင် ပြဋ္ဌာန်းပေးထားပြီး ဖြစ်ပါတယ်။ ၁၉၅၄ ဗုဒ္ဓဘာသာ မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေ ဆက်ဆံမှု ဥပဒေအရ ဘာသာခြား ယောကျာ်းက ဘာသာရေးကြောင့် မိမိမယားကို ကွာရှင်းလိုလျှင် ဖြစ်စေ၊ ကိုယ်ထိလက်ရောက် ညှင်းပန်းနှိပ်စက်ခဲ့ရင် ဖြစ်စေ၊ ရက်စက်တဲ့ အပြုအမူနဲ့ စိတ်ဆင်းရဲအောင် ပြုလုပ်ရင်ဖြစ်စေ (က) အဲဒီ ယောက်ျားဟာ နှစ်ဦးပိုင် ပစ္စည်းများမှ သူရထိုက်တဲ့ ဝေစုကို စွန့်ရပါမယ်။ ဒါ့အပြင် မိန်းမကို လျော်ကြေးပေးရပါမယ်။ (ခ) မိန်းမဟာ သားသမီး အားလုံးကို ထိန်းသိမ်း စောင့်ရှောက်ခွင့် ရရှိပါတယ်။ (ဂ) အဲဒီယောက်ျားဟာ အရွယ်မရောက်သေးတဲ့ ကလေးတွေ အတွက် ကလေးစရိတ် ပေးရမယ်လို့ ပါရှိပါတယ်။ ဘာသာခြား ယောကျာ်းနဲ့ တရားဝင် လက်ထပ် ထိမ်းမြားထားပြီး အဲဒီယောကျာင်္းမှာ တခြား တရားဝင်မယား ရှိခဲ့လျှင်လည်း မြန်မာဓလေ့ ထုံးတမ်း ဥပဒေအရ တန်းတူ အမွေဆက်ဆံခွင့် ရှိပါတယ်။ အထူးဥပဒေက ပေးထားတဲ့ အခွင့်အရေးတွေကို တရားရုံးက နုတ်ပယ်၍မရ လင်ယောက်ျားရဲ့ သေတမ်းစာနဲ့လည်း ဖျက်လို့ မရပါဘူး။ ဒါကြောင့် ၁၉၅၄ ဥပဒေဟာ ဘာသာခြားနဲ့ လက်ထပ်တဲ့ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေကို အပြည့်အ၀ အကာအကွယ် ပေးထားတာ သိသာပါတယ်။ ဒါပေမယ့် လတ်တလော ဘာသာခြားနဲ့ အိမ်ထောင်ပြုတာကို ကန့်သတ်ဟန့်တားနိုင်ဖို့ အတွက်ဥပဒေရေးဆွဲ ပြဋ္ဌာန်းဖို့ ကြိုးစားလာတာတွေကို တွေ့ရပါတယ်။ တည်ဆဲဥပဒေတွေ ပြည့်စုံလုံလောက်မှု မရှိတဲ့အခါ လူမှုဘ၀ လိုအပ်ချက်တွေ အတွက် ဥပဒေအသစ်တစ်ရပ် ပြဋ္ဌာန်းဖို့ဆိုတာ လိုအပ်နိုင်ပါတယ်။ ဒါပေမယ့် ရည်ရွယ်ချက်ကတော့ တိုင်းသူ ပြည်သားတွေ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ဖို့နဲ့ မြှင့်တင်ဖို့ အတွက်ပဲ ဖြစ်ရပါမယ်။ ကန့်သတ် တားဆီးဖို့ရာကတော့ မသင့်တော်ပါဘူး။ အထူးသဖြင့် လူအများစု ဆန္ဒနဲ့ ရေးဆွဲအတည်ပြု ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေတွေဟာ လူနည်းစုတွေ အပေါ်မှာ မတရား အနိုင်ကျင့်ရာ မရောက်အောင် ဆောင်ရွက်သင့်ပါတယ်။ နောက်ပြီး သဘောသဘာဝ လုံးဝ မတူညီတဲ့ အမျိုးဘာသာ သာသနာ သုံးမျိုးလုံးကို တစ်ပြိုင်နက် ထိန်းသိမ်းစောင့်ရှောက်ဖို့ ဆောင်ရွက်ကြတယ်ဆိုတာဟာ အရှိ တရားတွေ သုံးသပ်ပြီး လက်တွေ့ကျဖို့ လိုပါတယ်။ ဘာလို့လည်းဆိုတော့ ကိုးကွယ်ရာ ဘာသာတူပေမယ့် ရှမ်းနဲ့ဗမာလို လူမျိုးမတူတာမျိုး ကိုးကွယ်ရာ ဘာသာမတူပေမယ့် လူမျိုးတူနေတာမျိုး ရှိနေတတ်လို့ပါ။
တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ငြိမ်းချမ်းသာယာဖို့ တိုင်းရင်းသား အချင်းချင်း တွေ့ဆုံဆွေးနွေးပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေးတွေ လုပ်နေတဲ့ အချိန် အာဏာရှင် စနစ်ရဲ့ လုပ်ချင်သလို လုပ်ခဲ့တဲ့ ဆိုးမွေတွေကို တတ်နိုင်သမျှ ဖြေရှင်းနေတဲ့ အချိန် နိုင်ငံတကာရဲ့ နွေးထွေးစွာ ကြိုဆိုမှုကို ဂုဏ်သိက္ခာရှိရှိ လက်ခံရမယ့် အခြေအနေမှာ လူမျိုးပေါင်းစုံ နေထိုင်တဲ့ နိုင်ငံတော်တစ်ခု အတွက် ပဋိပက္ခတွေ ငြင်းခုန်မှုတွေ ပြစ်တင်မှုတွေ ဖြစ်နေတာမျိုးကို ကျွန်တော်တို့ မလိုလားပါဘူး။ ကျွန်တော်တို့ တိုင်းပြည်မှာ ၁၉၃၁ခုနှစ်က လူမျိုး ၁၃၅မျိုး ၁၉၇၃ခုနှစ်က လူမျိုး ၁၄၄မျိုးနဲ့ လတ်တလောမှာ ၁၄၃မျိုးဆိုပြီး အုပ်ချုပ်ခဲ့တဲ့ အစိုးရတွေက ရည်ရွယ်ချက် အမျိုးမျိုးနဲ့ သတ်မှတ်ခဲ့ ကြပါတယ်။ နာမည်တွေလည်း ပြောင်းချင်သလို ပြောင်းခဲ့ကြတာပါပဲ။ ကရင်နီကို ကယား၊ အီကောကို အခါ၊ ပအို့ဝ်ကို တောင်သူလို့ ပြောင်းတာကို ဒီလူမျိုးတွေက လက်ခံခဲ့ကြပါရဲ့လား။
နောက်ဆုံး အကြံဉာဏ် ပေးချင်တာကတော့ ဗုဒ္ဓဘာသာ ရဟန်းတော်တွေ ဘာသာရေး ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးသမားတွေဟာ စစ်အာဏာရှင် လက်အောက်မှာ နှစ်ပေါင်းများစွာ အဖိနှိပ် ခံခဲ့ရတဲ့ ပြည်သူတွေရဲ့ စိတ်ဓာတ်နဲ့ လူမှုကျင့်ဝတ်တွေ တည့်မတ်လာအောင် လူမုန်းခံရမှာ စိုးရိမ်လို့ ပြောသင့်ပြောထိုက်တာ မပြောဘဲ ရှောင်လွှဲနေတာမျိုး မလုပ်သင့်တဲ့ အချိန်ရောက် နေပြီလို့ ဆိုချင်ပါတယ်။
http://www.tomorrow.com.mm/?q=articles/581
ဇော်သက်ထွေး