ထွက်ပေါ်နေသော သတင်းများအရ ပြည်ထောင်စု လွှတ်တော်နာယက သူရ ဦးရွှေမန်း၏ အုပ်စုတွင် ဧရာဝတီ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်သည် စစ်သူကြီးသဖွယ် ရှေ့တန်းမှ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကိုင်စွဲ၍ အစိုးရအပေါ် ဝေဖန်တိုက်ခိုက် နေသူဖြစ်ပြီး ၎င်းကဲ့သို့ အစိုးရအပေါ် အတိအလင်း ဗြောင်ကျကျ ဝေဖန်သူများ ထွက်ပေါ်မလာခဲ့ပေ . ..ဇွန်လ ၁၉ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲ ခြိမ့်ခြိမ့်သဲ ဖြစ်နေချိန်၌ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း ၏ နိုင်ငံရေးအုပ်စု၌ စစ်သူကြီးသဖွယ် ဖြစ်သော သာသနာရေး ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ကို အလွဲသုံးစားမှုတပ်၍ အစိုးရမှ ဖမ်းဆီး ထိန်းသိမ်းလိုက်ပြီး ချက်ခြင်း တရားရုံးထုတ် စစ်ဆေးကာ ထောင်သွင်း အကျဉ်းချ …
မြန်မာ့နိုင်ငံရေး လောက၏ အထွတ်အထိပ် အာဏာကို ရယူထားသည့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ သမ္မတရုံး ၀န်ကြီးများ အပါအ၀င် အစိုးရအဖွဲ့သည် ဥပဒေပြုရေး မဏ္ဍိုင်ကြီး ဖြစ်သော ပြည်ထောင်စု လွှတ်တော်နှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ အကြိမ်ကြိမ် အဖန်ဖန် ထောက်ပြ ဝေဖန်မှုကို ခံနေရသည်မှာ အလူးအလဲပင် ဖြစ်ပါသည်။ ပထမဆုံး ပြည်ထောင်စု လွှတ်တော်နာယကကြီး ဦးခင်အောင်မြင့် လက်ထက်မှ စ၍ ဒုတိယမြောက် ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်း လက်ထက်တိုင်အောင် ပြည်သူ့ လွှတ်တော်၊ အမျိုးသား လွှတ်တော် ညီလာခံများအတွင်း တစ်တိုင်းပြည်လုံး ပြည်သူ့ ကိုယ်စားလှယ်များ ရှေ့မှောက် အစိုးရအဖွဲ့ကိုယ်စား ဖြေဆိုရသည့် အစိုးရအဖွဲ့ဝင် ပြည်ထောင်စု ၀န်ကြီးများ၊ ဒုတိယ၀န်ကြီး များအား လွှတ်တော် ဥက္ကဋ္ဌကြီးများမှ အစပြု၍ ထောက်ပြဝေဖန်ခြင်း၊သတိပေးခြင်းများသည် အစိုးရ အဖွဲ့သစ် တစ်ရပ် အနေဖြင့် မည်သို့သော ခံယူချက်ဖြင့် ခံယူကျင့်သုံးနေမည်ကို တိတိကျကျ မသိရသော်လည်း ၎င်းလူကြီး အသိုင်းအ၀ိုင်းများကြားမှ ထွက်ပေါ်လာသော အသံများအရမူ နားထောင်၍ မကောင်းလှပေ။
အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ၀န်ကြီးများကို လွှတ်တော်၌ အရှက်ခွဲသည်ဟူ၍ မှတ်ယူပြီး နိုင်ငံတော် သမ္မတကြီး ကိုယ်တိုင် အမျက်မာန်ရှကာ ပြန်လည် တုံ့ပြန်သ၀ဏ်လွှာ ပို့စေခြင်းမှစ၍ အုပ်ချုပ်ရေး မဏ္ဍိုင်သည်သာ ပထမဟူ၍ ဥပဒေပြုရေးမဏ္ဍိုင် လွှတ်တော်အပေါ် မကျေမလည် ဖြစ်ခဲ့ရကြောင်း၊ အထူးသဖြင့် ပညာရေး ဒုတိယ၀န်ကြီးအား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က လွှတ်တော်အတွင်း ဆုံးမ ပြောဆိုသည့် အသွင် ပြောကြားခဲ့၍ အရှက်ရခဲ့ကြောင်း။ များမကြာမီ အဆိုပါ ပညာရေး ဒုတိယ ၀န်ကြီးများလည်း အပြောင်းအလဲ ဖြစ်ခဲ့ရကြောင်း၊ တိုက်ရိုက်ခန့် တပ်မတော်သား ကိုယ်စားလှယ်များကိုလည်း နာယက သူရဦးရွှေမန်းက ရွေးကောက်ခံ ကိုယ်စားလှယ်များသာ ဖြစ်သင့်ကြောင်း ပြောဆိုခဲ့၍ အဖုအထစ် ဖြစ်ရကြောင်းများမှာ အစိုးရနှင့် လွှတ်တော် ဥပဒေပြုရေး ကိစ္စများတွင် သဘောထား ကွဲလွဲ၍ နိုင်ငံတော် သမ္မတ လက်မှတ် မထိုးသော်လည်း ပြည်ထောင်စု လွှတ်တော် အတည်ပြုချက်ဖြင့် ဥပဒေပြုခဲ့ရခြင်း၊ အခြေခံ ဥပဒေခုံရုံးအဖွဲ့ဝင်များ ပြန်လည်ဖွဲ့စည်းရာတွင် လွှတ်တော်ဘက်မှ မဲအရေအတွက် အသာရနိုင်သော အနေအထားဖြင့် အစိုးရဘက်မှ လက်ခံရခြင်းစသော အခြေအနေများစွာဖြင့် မြန်မာ့နိုင်ငံရေး အာဏာလွန်ဆွဲပွဲ အသွင် အစိုးရအဖွဲ့နှင့် လွှတ်တော်အကြားအများ ပြည်သူ တို့က မြင်လာရပေတော့သည်။
နေပြည်တော်ရှိ အစိုးရနှင့် လွှတ်တော် ဖွဲ့စည်းပုံများကို ကြည့်ပြန်လျှင်လည်း ၎င်းအကြီးအကဲများမှာ ယခင် တပ်မတော် အစိုးရ အကြီးအကဲများသာ ဖြစ်ကြသည်။ ထိုမျှမက အစိုးရနှင့် လွှတ်တော် အကြီးအကဲများကို ဖြစ်ပေါ်စေသည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ သည်ပင်လျှင် ယခင်တပ်မတော် အစိုးရ အကြီးအကဲ နယကအဖွဲ့ဝင် တစ်ဦးသာ ဖြစ်ပေသည်။ ဤသို့ဆိုလျှင် ယခင် တပ်မတော်အစိုးရ စီနီယာအလိုက် ဖွဲ့စည်းပုံအရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ပြီးလျှင် အဆင့်အမြင့်ဆုံးမှာ နယက အဖွဲ့ဝင်များ ဖြစ်ကြသည့် (၁) တပ်မတော် ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး သူရဦးရွှေမန်း၊ (၂) နိုင်ငံတော် ၀န်ကြီးချုပ် (စစ်ရေးချုပ် တာဝန်ယူခဲ့သည့်) ဗိုလ်ချုပ်ကြီး ဦးသိန်းစိန်၊ (၃) ဒုတိယ ဗိုလ်ချုပ်ကြီး ဦးတင်အေးတို့ အစဉ်လိုက် ကျန်ရစ်ခဲ့ပြီး သူရဦးရွှေမန်းသည် ပြည်ထောင်စု လွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ဦးသိန်းစိန်သည် နိုင်ငံတော်သမ္မတ၊ ဦးတင်အေးသည် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ တာဝန်များဖြင့် မျက်မှောက် မြန်မာ့နိုင်ငံရေး၌ ပါဝင်လာခဲ့ကြသည်။ ယနေ့တိုင် မြန်မာ့ နိုင်ငံရေး၌ တစ်ဦးတည်းသော အာဏာရှင်အဖြစ် ကမ္ဘာကျော်လျက်ရှိသူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ(ငြိမ်း)က ဤအတိုင်း တာဝန်ပေး၍ ဖြစ်ခဲ့ရကြောင်း ကိုလည်း ပြည်သူတို့က ရွေးချယ် တင်မြှောက်ခြင်း ခံခဲ့ရစေကာမူ တာဝန်ပေး၍ ဖြစ်ခဲ့ရဟူ၍ ပြည်ထောင်စု လွှတ်တော် နာယကကြီးသူရ ဦးရွှေမန်းက မြန်မာသံတော်ဆင့် သို့ ၂၀၁၄ ဧပြီ ၆ ရက်တွင် အတိအလင်း ထုတ်ဖော် ပြောကြားခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အယုံကြည်ရဆုံးနှင့် နိုင်ငံရေး ပရိယာယ် ကြွယ်ဝလှသည်ဟု လူသိများသော တပ်မတော် အစိုးရအဖွဲ့ဝင် ၀န်ကြီးများဖြစ်ကြသည့် ဦးခင်အောင်မြင့်သည် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာပြီး ဦးအောင်သောင်းသည် အာဏာရ ကြံ့ခိုင်ရေးပါတီ ဗဟိုအတိုင်ပင်ခံ (၁) ဖြစ်လာခဲ့သည်။ ကမ္ဘာကျော် တစ်ဦးတည်းသော ဘိန်းဘုရင် ခွန်ဆာကို အမေရိကန် အစိုးရ အလိုရှိနေသည့် ကြားမှ အကြွင်းမဲ့ လက်နက်ချစေ၍ တပ်မတော် အစိုးရ လူကြီးများနှင့် ပုဂ္ဂိုလ်ရေး ရင်းနှီးမှု သက်ဆုံးတိုင် ရှိစေခဲ့သည့် ဦးခွန်ဆာ လက်နက်ချရေး စစ်ဆင်ရေးကြီးကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အလိုကျ ဟာကွက်မရှိ ကွပ်ကဲခဲ့သော တိုင်းမှူး ဗိုလ်ချုပ် တင်ထွတ်သည် ယခုအခါ အာဏာရ ကြံ့ခိုင်ရေးပါတီ ဗဟိုအတိုင်ပင်ခံ(၂)နှင့် ပြည်ထောင်စု လွှတ်တော် လယ်မြေကော်မရှင် ဥက္ကဋ္ဌ တာဝန်များ ရယူလျက် ပြည်ထောင်စု လွှတ်တော် နာယကကြီးများက ကိုယ်တိုင် အရေးတယူ ပြုဆက်ဆံနေရသော အနေအထား တွေ့ရပေသည်။
အာဏာရ ကြံ့ခိုင်ရေး ပါတီတွင် နိုင်ငံတော်သမ္မတ ပါတီဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခြင်း လက်လွှတ်၍ ပါတီ ဒုတိယ ဥက္ကဋ္ဌ(၁)သူရဦးရွှေမန်းက ပါတီဥက္ကဋ္ဌ တာဝန်ကို ရယူချိန်တွင် ပါတီအတွင်း အုပ်စုများ ကွဲပြား လာကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။ ထိုသတင်းများအရ ဦးသိန်းစိန်အုပ်စု၊ ဦးရွှေမန်းအုပ်စု၊ ကြားနေ အုပ်စု၊ သာသည့်ဘက် ထောက်ခံမည့် အုပ်စုဟူ၍ အုပ်စုကြီး(၄)စုဖြစ်ပြီး ဦးသိန်းစိန်အုပ်စုနှင့် ဦးရွှေမန်းအုပ်စုမှာ မြန်မာ့နိုင်ငံရေး လောကတွင် ကျယ်ကျယ်ပြန့်ပြန့် ခေတ်စားလာခဲ့သည်။ ဦးသိန်းစိန် အုပ်စု၌ ကြံ့ခိုင်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် (လက်ဟောင်း) အစိုးရအဖွဲ့ ပြည်ထောင်စု ၀န်ကြီးများ၊ တိုင်းဒေသကြီး နှင့် ပြည်နယ် ၀န်ကြီးချုပ်များ ဖြစ်ပြီး ဦးရွှေမန်း အုပ်စုတွင် လွှတ်တော်ဥက္ကဋ္ဌများ၊ လက်ရှိ ကြံ့ခိုင်ရေး ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အချို့ ပါဝင်ကြောင်းကြံ့ခိုင်ရေး အာဏာပိုင် အသိုင်းအ၀ိုင်း ပြောကြား ချက်များအရ သတင်းထွက်ပေါ် လာခဲ့သည်။
ဗဟို အတိုင်ပင်ခံဆိုသည့် ရာထူးမှာ ပါတီဖွဲ့စည်းပုံအရ ဒုတိယဥက္ကဋ္ဌထက် အဆင့်မြင့် နေရာတွင်ထား၍ ၎င်းဗဟို အတိုင်ပင်ခံများသည် ပါတီ၏ ကိုယ်ပျောက် ဥက္ကဋ္ဌများပင် ဖြစ်သည်။ အဆိုပါ ဗဟိုအတိုင် ပင်ခံများနှင့် မီဒီယာများ တွေ့ဆုံခွင့်ရသည့် အခွင့်အရေးမှာ ရွှေထက်ပင် ရှားနေသော ကာလ၌ မောင်ရေစက်က ဖောဖော သီသီ တွေ့ဆုံခွင့်များ၊ နိုင်ငံရေး ဆွေးနွေးခွင့်များရခဲ့ရာ မြန်မာ့နိုင်ငံရေး၏ သမိုင်းကွက်လပ် များစွာကို ဖော်ဆောင် အတည်ပြု ရေးထိုးနိုင်ခဲ့သည်။ အထူးသဖြင့် တပ်မတော်အစိုးရ ခေတ်မှတိုင် ယနေ့ကာလအထိ ယုံကြည်ချက်၊ ခံယူချက် နိုင်ငံရေး အယူအဆ မပြောင်းလဲသည့် ပုဂ္ဂိုလ်ကြီးများဖြစ်သော အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ (ကြံ့ခိုင်ရေးပါတီ ဗဟိုအတွင်းရေးမှူး) ဦးခင်အောင်မြင့်နှင့် ကြံ့ခိုင်ရေးပါတီ ဗဟို အတိုင်ပင်ခံ(၁) ဦးအောင်သောင်းတို့ ကိုယ်တိုင် မြန်မာသံတော်ဆင့်သို့ ပြောကြားချက်များအရ ပါတီဥက္ကဋ္ဌ နေရာတွင် တာဝန်ထမ်းဆောင်သူ၏ လိုအပ်ချက်များကို အရာရာတိုင်း လက်ခံသည်မှာ မဟုတ်ကြောင်း သိလာရသည်။ သာဓက တစ်ခုအနေဖြင့် အမေရိကန်သို့ သွားရောက်ခဲ့သော ပါတီဥက္ကဋ္ဌ၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက NLD ပါတီနှင့် နောင်တစ်ချိန်တွင် ညွန့်ပေါင်း အစိုးရဖွဲ့စည်းရန် ဖြစ်နိုင်ကြောင်း ပြောကြားချက်ကို ဗဟိုအတိုင်ပင်ခံ(၁) ဦးအောင်သောင်းက ရုရှားကွန်မြူနစ် ပါတီတွင် ခရူးရှက်ဗ်က ဖိနပ်ကို စားပွဲခုံပေါ်ရိုက်၍ ပြောကြားချက်အား ပါတီဗဟို ကော်မတီက ဆန့်ကျင်၍ တော်လှန်ခဲ့ပုံနှင့် နှိုင်းယှဉ်ကာ သူရဦးရွှေမန်း ပြောကြားချက်သည် ပါတီဗဟို၏ သဘောထား မဟုတ်ကြောင်း အတိအလင်း ဆန့်ကျင် ပြောကြားခဲ့သည်။ တစ်ဆက်တည်းမှာပင် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ အမှန်တကယ် ဥက္ကဋ္ဌ တာဝန်ရှိသူမှာ သမ္မတ ဦးသိန်းစိန်ပင် ဖြစ်ကြောင်း အတိအလင်း ထုတ်ဖော် ပြောကြားခဲ့သည်။ ဤသို့ဆိုလျှင် အာဏာရ ကြံ့ခိုင်ရေး ပါတီ၌ လက်ရှိဥက္ကဋ္ဌ တာဝန် ထမ်းဆောင်နေသော သူရဦးရွှေမန်းသည် ပါတီ ဗဟိုအတိုင်ပင်ခံများက ဥက္ကဋ္ဌဟူ၍ ထောက်ခံသည့် သဘောထားရရှိမှသာ ပါတီဥက္ကဋ္ဌအဖြစ် ခံယူခွင့်ရှိမည့် အနေအထား တွေ့လာရပေသည်။
တပ်မတော်၏ အစဉ်အလာရ တပ်မတော်တွင် အကြီးအကဲ တစ်ဦးဖြစ်ခဲ့သော သူရဦးရွှေမန်းသည် ပြည်ထောင်စု လွှတ်တော်နာယက တာဝန်ဖြင့် ယခင်တပ်မတော် အစိုးရ လက်ထက်က ၎င်းထက် အဆင့်နိမ့် သော နေရာတွင်ရှိသည့် ဦးသိန်းစိန်၏ သမ္မတ တာဝန်ရှိနေမှုအပေါ် အစိုးရကို မထောက်မညှာ မကြောက်မရွံ့ ဝေဖန်ရဲသည့် လွှတ်တော်အသွင် ရောက်ရှိအောင် ဦးဆောင်ပေးနိုင်မည့် အနေအထား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဖန်တီး ခဲ့လေသလော ဟူ၍ တွက်ဆ နိုင်ပေသည်။ တစ်ဖက်တွင်လည်း တပ်မတော် အစိုးရ လက်ထက် တာဝန်အရ သူရဦးရွှေမန်းက ဦးသိန်းစိန်ထက် အဆင့်မြင့်သော်လည်း စစ်တက္ကသိုလ် ကျောင်းတက်သော စီနီယာအရမူ ဦးသိန်းစိန်က သူရဦးရွှေမန်းထက် စော၍ နေပြန်ရာ ဦးသိန်းစိန် သမ္မတ တာဝန်ဖြင့် အုပ်ချုပ်ရေး အာဏာဆုပ်ကိုင်ချိန်တွင် ဦးသိန်းစိန်၏ အာဏာစက် လိုအပ်ပါက ပြင်းထန်နိုင်ကြောင်း အလားအလာ ရှိပေသည်။
သမ္မတ ဦးသိန်းစိန်၏ အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး အချို့အများပြည်သူ ရှေ့၌ မလျော်ကန်သော ပြောကြားမှုများ အတွက် လွှတ်တော်၌ပင် ဖြေရှင်း ရခြင်းကြောင့်လည်း အစိုးရနှင့်လွှတ်တော် အစာ မကျေ သည်ထက် မကျေလာစေသော အကြောင်းတရားများ ဖြစ်လာရပါသည်။ အထူးသဖြင့် ဧရာဝတီ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ (ဒုတိယဗိုလ်ချုပ်ကြီးဟောင်း) ဦးဆန်းဆင့်က ဧရာဝတီတိုင်း ဒေသကြီး ၀န်ကြီးချုပ်နှင့် အစိုးရအဖွဲ့တို့၏ မလျော်ကန်သော လုပ်ရပ်များအတွက် လွှတ်တော်တွင် စွပ်စွဲပြစ်တင်လာသည့် အခြေအနေ၊ အစိုးရအဖွဲ့၏ ဆိုးရွားသော လုပ်ရပ်များကို လွှတ်တော်ဥက္ကဋ္ဌမှ မီဒီယာများသို့ ချပြ ရှင်းလင်းသော အခြေအနေ များ ဖြစ်ပေါ်လာခဲ့ရာ မြန်မာ့နိုင်ငံရေးတွင် အစိုးရသစ်လက်ထက် အာဏာရ ပါတီလူကြီးများ အချင်းချင်း ဖွဲ့စည်း ထားသော အစိုးရနှင့် လွှတ်တော်ကြား ပြစ်တင်ဝေဖန် ထောက်ပြမှု အပြင်းထန်ဆုံး ဖြစ်လာခဲ့သည်။ နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော်၌ပင် အစိုးရအဖွဲ့ တာဝန်ရှိသူများအပေါ် လွှတ်တော် တစ်ရပ်လုံးက ပြစ်တင် ရှုတ်ချမှု မရှိပါဘဲလျက် ဧရာဝတီ တိုင်းဒေသကြီး လွှတ်တော်က ဥက္ကဋ္ဌ ဦးဆန်းဆင့် လက်ထက်တွင် တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသိန်းအောင်နှင့် အစိုးရအဖွဲ့အပေါ် အတိအလင်းပြစ်တင် ရှုတ်ချလာခြင်း တို့အပေါ် အများပြည်သူနှင့် မီဒီယာများ အာရုံစိုက်လာခဲ့သည်။ ဧရာဝတီ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်မှ ထိုအခြေအနေများအတွင်း ဖြေရှင်းပေးရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ သ၀ဏ်လွှာ တစ်စောင် ပေးပို့ ခဲ့ရာ အစိုးရမှ အကြောင်း တစ်စုံတစ်ရာ ပြန်ကြားဖြေရှင်းခြင်း မရှိဘဲ လွှတ်တော် ဥက္ကဋ္ဌ ဦးဆန်းဆင့်ကို နေပြည်တော်သို့ ခေါ်ယူပြီး အစိုးရအဖွဲ့ဝင် သာသနာရေး ပြည်ထောင်စုဝန်ကြီး တာဝန်ကို
သမ္မတ လုပ်ပိုင်ခွင့်ဖြင့် တာဝန်ပေး ခန့်အပ်ခဲ့သည်။
ထွက်ပေါ်နေသော သတင်းများအရ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း၏ အုပ်စုတွင် ဧရာဝတီ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်သည် စစ်သူကြီးသဖွယ် ရှေ့တန်းမှ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကိုင်စွဲ၍ အစိုးရအပေါ်ဝေဖန် တိုက်ခိုက်နေသူဖြစ်ပြီး ၎င်းကဲ့သို့ အစိုးရအပေါ် အတိအလင်း ဗြောင်ကျကျ ဝေဖန်သူများ ထွက်ပေါ် မလာခဲ့ပေ။ တပ်မတော် အစိုးရတွင် တာဝန်ထမ်းဆောင်စဉ်က ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး သူရဦးရွှေမန်း လက်အောက်၌ စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ် ချုပ်ကြီး တာဝန်ဖြင့် ဦးဆန်းဆင့်ကို လူသိနည်းခဲ့ပြီး ရန်ကုန် တိုင်းစစ်ဌာနချုပ်၌ လက်သံပြောင်သော ဒုတိုင်းမှူး တစ်ဦးအနေဖြင့်သာ တချို့တစ်ဝက် သိခဲ့ခြင်းကြောင့်လည်း ၂၀၁၀ ရွေးကောက်ပွဲပြီးနောက် တိုင်းလွှတ်တော် ဥက္ကဋ္ဌ တစ်ဦးအနေဖြင့် ဦးဆန်းဆင့်၏ လွန်ကဲသော ပွင့်လင်း မြင်သာမှုဒဏ်ကို အစိုးရအဖွဲ့ဝင်များ မရှုမလှ ခံရသည်ကို သဘောကျသော၊ နှစ်ခြိုက်သော ပြည်သူများအကြား၊ မီဒီယာများအတွင်း ဦးဆန်းဆင့် ပေါ်ပြူလာ ဖြစ်လာခဲ့သည်။ ဤအခြေအနေမှာ သူရဦးရွှေမန်းအုပ်စု၏ လူထုထောက်ခံမှု အလားအလာကောင်း တစ်ရပ် အဖြစ် နိုင်ငံရေး သုံးသပ်သူအချို့က ရှုမြင်လာကြသည်။
- လားရှိုးအရေးအခင်း၌ သာသနာရေးပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့် လော်စပီကာကိုင်၍ ပဋိပက္ခများအကြား ၀င်ရောက် ကွပ်ကဲနေစဉ်
- လားရှိုးအရေးအခင်း၌ သာသနာရေးပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့် လော်စပီကာကိုင်၍ ပဋိပက္ခများအကြား ၀င်ရောက် ကွပ်ကဲနေစဉ်
တစ်ဆက်တည်းမှာပင် သမ္မတ ဦးသိန်းစိန်အုပ်စု၌ ပါဝင်သည်ဟု သတင်းကြီးနေသော သမ္မတရုံး ၀န်ကြီးအချို့ လူထုမေတ္တာ ခံယူကြသည့် ဖြစ်စဉ်များ၊ တစ်နပ်စား ပြည်ထောင်စုဝန်ကြီး၊ ပါးရိုက်ဝန်ကြီးများဟူ၍လည်း လူထုအတွင်း ရေပန်းစားလာသော ဦးသိန်းစိန် အစိုးရဖြစ်လာရခြင်း၊ အခုမှ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး တောအော်၊ တောင်အော်မလုပ်နဲ့ဟု ပြောသော တိုင်းဒေသကြီး ၀န်ကြီးချုပ်၊ ဘုရား ရင်ပြင်တော်ပေါ်များသို့ ဖိနပ်ပါမက ကားပါစီး၍ တက်ရောက်ကြသော တိုင်းဒေသကြီး ၀န်ကြီးချုပ်များကြောင့် သမ္မတဦးသိန်းစိန်၏ အစိုးရအဖွဲ့ပို၍ တောက်ပြောင် လာခဲ့သည်။ လစဉ်မိန့်ကြားသော သမ္မတ၏ ရေဒီယို မိန့်ခွန်း ထူးမခြားနားသဖွယ် မီဒီယာများနှင့် ဝေဖန်သူများကပါ ပြစ်တင်ခြင်း ခံလာရပြီး အာဏာရပါတီ ဥက္ကဋ္ဌကြီးဖြစ်သော သမ္မတ ဦးသိန်းစိန်နှင့် ပါတီများ၏ ရွေးကောက်ပွဲ ဒိုင်လူကြီး ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးတို့ တပူးတွဲတွဲ သွားလာမှုများ ဗြောင်ကျကျပင် ရှိလာခဲ့ပြန်သည်။
ဤသို့ ဝေဖန်သံများအကြား အစိုးရအဖွဲ့ နစ်မြုပ်နေချိန်တွင် လွှတ်တော်များ၌ ဆွေးနွေး ဆုံးဖြတ်မှုများကြောင့် လယ်သိမ်းခံ လယ်သမားများ လယ်မြေများ ပြန်လည်ရရှိခြင်း၊ ဥပဒေများ ပြဋ္ဌာန်းနိုင်ခဲ့ခြင်း၊ ပြင်ဆင်နိုင်ခဲ့ခြင်း၊ ဒေသအလိုက် ဖွံ့ဖြိုးရေး ရန်ပုံငွေတစ်မြို့နယ် ကျပ်သိန်း(၁၀၀၀)စီ ပေးနိုင်ခြင်း စသည်တို့ကြောင့် လွှတ်တော် ကိုယ်စားလှယ်များ ပြည်သူများအတွင်း မျက်နှာပန်းပွင့်မလို ဖြစ်လာခဲ့သည်။ တစ်ဖက်တွင်လည်း သမ္မတရုံး ၀န်ကြီးများ ဦးဆောင်၍ ဆွေးနွေးနေသော ငြိမ်းချမ်းရေး ဆွေးနွေးပွဲများအတွင်း တိုက်ပွဲများလည်း ပြန်လည် ဖြစ်ပေါ်ခဲ့ရာ အစိုးရ၏ နိုင်ငံရေး လုပ်ဆောင်ချက်များအပေါ် ပြည်သူတို့က မကျေမလည် ဖြစ်ရသည့်အထဲ မဟာသန္တိသုခ ကျောင်းတော်ကြီးကို မဟနဆရာ တော်ကြီးများ အမိန့်ဖြင့် အစိုးရမှ ပြန်လည်ဝင်ရောက် ချိပ်ပိတ်ခဲ့ခြင်းကြောင့် ရဟန်းရှင်လူများနှင့် နိုင်ငံရေး အင်အားစုများက အစိုးရအပေါ် ၀ိုင်းဝန်းပြစ်တင် ရှုတ်ချသည့် ဒဏ်ခံလာရတော့သည်။
ဇွန်လ ၁၉ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲ ခြိမ့်ခြိမ့်သဲ ဖြစ်နေချိန်၌ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်း၏ နိုင်ငံရေးအုပ်စု၌ စစ်သူကြီးသဖွယ်ဖြစ်သော သာသနာရေး ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ကို အလွဲသုံးစားမှုတပ်၍ အစိုးရမှ ဖမ်းဆီး ထိန်းသိမ်းလိုက်ပြီး ချက်ချင်း တရားရုံးထုတ် စစ်ဆေး ကာ ထောင်သွင်း အကျဉ်းချသည်ဟူ၍ အခြေအနေကြီးတစ်ရပ် ဖြစ်ပေါ်လာခဲ့သည်။ ယခင်က အစိုးရသစ် လက်ထက် အနားပေးခဲ့သော ပြည်ထောင်စု ၀န်ကြီးများဖြစ်သည့် သူရဦးမြင့်မောင် (သာသနာရေး)၊ ဦးဇော်မင်း (လျှပ်စစ်ဝန်ကြီး)၊ ဦးခင်မောင်မြင့် (ဆောက်လုပ်ရေး)တို့ တာဝန်မှ ရပ်နားချိန်တွင် ကောင်းမွန်သော အစိုးရ သန့်ရှင်းသော အစိုးရ ဖြစ်ရေး မီဒီယာများက ၀ိုင်းဝန်း ထောမနာပြု ရေးသားခဲ့ကြ သည်။ ရေးသားမည် ဆိုလည်း ရေးသား လောက်ပေသည်။ သာသနာရေး ၀န်ကြီးဌာနတွင် အသံထွက်နေသော သူရဦးမြင့်မောင်၊ မြစ်ဆုံကိစ္စ လူပြောများနေသော ဦးဇော်မင်း၊ ဆောက်လုပ်ရေး ကိစ္စများအတွက် ဦးခင်မောင်မြင့်တို့ အနားယူခဲ့ခြင်းအတွက် မည်သည့် မီဒီယာကမျှ ၎င်းတို့ကို ကောင်းပါသည် ဟူ၍ရေးသား ပေးခဲ့ခြင်းမရှိဘဲ ကြံ့ခိုင်ရေး ပါတီမှသာ ၎င်းတို့ အစိုးရ ၀န်ကြီးတာဝန်များမှ ရပ်နားသွားသော်လည်း ပါတီတွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ တာဝန်များကို ဆက်လက် အသိအမှတ်ပြု ပေးထားခဲ့ကြသည်။ ထိုသို့ အကြောင်းကြောင်း များကြောင့် ရပ်နားသွားသော ပြည်ထောင်စုဝန်ကြီး ကြံ့ခိုင်ရေး ဗဟိုကော်မတီဝင်များကို မည်သည့် ပုဒ်မများတပ်၍ ထောင်ချခြင်းမျိုး မပြုဘဲ ပါတီ လူကြီးများအဖြစ်ပင် ဥက္ကဋ္ဌကြီး သမ္မတ ဦးသိန်းစိန်က ဆက်လက် မြှောက်စားပေးခဲ့ သည်။ အဆိုပါ ၀န်ကြီးများသည် သမ္မတကြီးနှင့် အစိုးရ အဖွဲ့ဝင်များအပေါ် ဝေဖန်ဖို့ ဝေလာဝေး အစိုးရ အဖွဲ့ဝင်များဘက်မှ ပြတ်ပြတ်သားသား ရပ်တည်၍ ပြည်သူများအပေါ် ဆက်ဆံခဲ့သူများသာ ဖြစ်ပေသည်။
မကြာမီက တစ်ဖန် သာသနာရေး ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ကို သမ္မတ ဦးသိန်းစိန် အစိုးရမှ အရေးယူ လိုက်ပြန်သည်။ အရေးယူရုံမျှမက ဖမ်းဆီး ထောင်သွင်း အကျဉ်းချကာ မိသားစုဝင်များကိုလည်း အကျယ်ချုပ် ပိတ်လှောင်ကာ ဦးဆန်းဆင့်ကို တရားရုံးတင် စွဲဆိုခဲ့သည်။ ဤအကြိမ်တွင်မတော့ ရှေ့က ပြည်ထောင်စု ၀န်ကြီး (၃) ဦးကဲ့သို့ တာဝန်မှ အနားပေးလိုက်ခြင်းအတွက် မီဒီယာများမှ ကောင်းမွန်သောအစိုးရ၊ သန့်ရှင်းသော အစိုးရဖြစ်လာရေး ထောက်ခံ မရေးသားတော့ဘဲ ဦးဆန်းဆင့်ဘက်မှ ပြတ်ပြတ်သားသား ထောက်ခံ၍ အမှန်တကယ် ပွင့်လင်းမြင်သာစွာ စစ်ဆေးသင့်ကြောင်း၊ မဖြစ်စလောက် ငွေကြေးဖြင့် အပြစ်ပုံချကာ ပုဂ္ဂိုလ်ရေး တိုက်ပွဲအဖြစ် တိုက်ခိုက်ခဲ့ကြောင်း အစိုးရအပေါ် ဝေဖန် ရေးသားမှုများ ပလူပျံခဲ့သည်။ အစဦးတွင် အစိုးရဘက်မှ ဦးဆန်းဆင့်ကို အရေးယူ လိုက်ခြင်းအတွက် အလွဲသုံးစားမှု ခေါင်းစဉ် ကြီးတပ်ကာ တရားရုံးမှ စီရင်ချက် မချမီ တရားခံသဖွယ် မီဒီယာကျင့်ဝတ် ဖောက်ဖျက်၍ ဖော်ပြခဲ့သော အစိုးရနှင့် နီးစပ်သည့် ဂျာနယ် အချို့ပင်လျှင် အများပြည်သူများက ၀န်ကြီးဦးဆန်းဆင့်အပေါ် အကောင်းမြင် သဘောထားများကို ဖော်ပြလာခဲ့ရသည်။ အစိုးရမှ မည်သည့် ဆုံးဖြတ်ချက်ဖြင့် အရေးယူစေကာမူ ပြည်သူများ ၏ မေတ္တာကို တပ်မတော် အစိုးရ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးများ အတွင်းမှ ရှားရှားပါးပါး စစ်ရာထူး ခန့်ချုပ်ဟောင်း ဦးဆန်းဆင့် ရရှိခဲ့ပြီဟု ဆိုနိုင်ပေသည်။
တစ်ဖက်တွင်လည်း သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံရေး စစ်ပွဲအသွင် ရှိနေသော ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်း၏ နိုင်ငံရေးအုပ်စု တိုက်စစ်မှူး ဦးဆန်းဆင့် ကျဆုံးခြင်းသည် ပြည်သူနှင့် မီဒီယာ လောက ထောက်ခံမှု ပြန်လည်ရရှိ လာစေသော ကြံ့ခိုင်ရေးပါတီအတွက် ရှားပါးအခွင့်အရေး တစ်ရပ်အဖြစ် ရှုမြင် လာကြသည်မှာ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးကို အစိုးရမှ ပုဒ်မများတပ်၍ အရေးယူပြီးနောက် ယခု အခါ လူထုထောက်ခံမှု၊ လူထုမေတ္တာ အမှန်တကယ် ရရှိလာသည့် အနေအထားနှင့် ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးဆန်းဆင့် အပေါ် နှိုင်းယှဉ်မှုများ ထွက်ပေါ်လာခဲ့သည်။ ဦးဆန်းဆင့်၏ တာဝန်ရှိနေဆဲ ကာလ အကြီးအကဲ သမ္မတနှင့် အစိုးရအဖွဲ့အပေါ် မကြောက်မရွံ့ ပြန်လည် ဝေဖန်ပြောကြားမှုများမှာ သမိုင်းစာမျက်နှာများ အထက် သမိုင်းတင်နိုင်ခဲ့သည့် နည်းတူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ တပည့် ဗိုလ်ချုပ်ကြီးများအနက် မီဒီယာများနှင့် အများပြည်သူတို့က အားပေး ရပ်တည်မှု ရရှိခဲ့သော တစ်ဦးတည်းသော ဗိုလ်ချုပ်ကြီးဟောင်း အဖြစ်လည်း မှတ်တမ်းဝင်သွားပြီ ဖြစ်ပေသည်။ မြန်မာနိုင်ငံရှိ ပုဂ္ဂလိက မီဒီယာများအနက် စောင်ရေအများဆုံး သတင်းစာဂျာနယ်ကြီး ဖြစ်သော Weekly Eleven မှစ၍ ဂျာနယ်၊ သတင်းစာ အများစုမှ ဦးဆန်းဆင့်ကို အကောင်းဘက်မှ ရှုမြင်၍ ရေးသားကာ အစိုးရ၏ အရေးယူမှုကိုလည်း ဝေဖန်ရေးသား ခဲ့ကြသည်မှာ အာဏာရ ကြံ့ခိုင်ရေး ပါတီ အစိုးရအတွင်း အဖွဲ့များ ကွဲပြားနေသည့် သဘောကို ပိုမို ထင်ဟပ် လာစေခဲ့ သည်။ ဦးဆန်းဆင့်ကို အရေးယူ ဖမ်းဆီးလိုက်ခြင်းမှာ ယခင် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ တာဝန်ရှိစဉ်က စွပ်စွဲ ပြစ်တင်ခဲ့သော ဧရာဝတီ တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသိန်းအောင် ရှိရာသို့ သမ္မတဦးသိန်းစိန် ခရီးစဉ်ဖြင့် သွားရောက်ပြီးနောက် ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့ခြင်း၊ ဦးဆန်းဆင့် လွှတ်တော်ဥက္ကဋ္ဌ ဘ၀မှ အစိုးရအဖွဲ့ဝင် ဖြစ်သွားချိန်တွင် မာန်မချ၍ ယခုကဲ့သို့ ခံရခြင်းဖြစ်ကြောင်း အစိုးရအဖွဲ့နှင့် နီးစပ်သူများထံမှ သတင်းစကား ကြားသိရခြင်း၊ သမ္မတ စကားကို နားမထောင်၍ ဖြစ်ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ထုတ်ဖော် ပြောကြားလာခြင်း၊ ဦးဆန်းဆင့်ကို ကြံ့ခိုင်ရေးပါတီတွင် ဗဟိုကော်မတီဝင်အဖြစ် ယခင်က ကြံ့ခိုင်ရေး ၀န်ကြီးများကို တာဝန်မှ ရပ်စဲစဉ်က ပါတီတာဝန် ပြန်လည် အပ်နှင်းသလိုပင် အခွင့်အရေး မရနိုင်တော့ဘဲ ပါတီမှလည်း နာမည်ပျက်ဖြင့် ထုတ်ပယ်ရမည့် အခြေအနေ ဆိုက်ရောက် လာရခြင်းမှာ ပါတီဥက္ကဋ္ဌ တာဝန်ယူထားသည့် သူရဦးရွှေမန်းအတွက် မည်သည့်နည်းနှင့်မျှ စိတ်ချမ်းမြေ့မည် မဟုတ်ပေ။
လွှတ်တော်နှင့်အစိုးရ လွန်ဆွဲပွဲ၌ လွှတ်တော်ကြီးအတွင်း ပြည်သူ့ ကိုယ်စားလှယ်များ ရှေ့မှောက် ကြိမ်ဖန်များစွာ ရောက်ခဲ့ရသော အစိုးရအဖွဲ့မှ လွှတ်တော် သူရဲကောင်းတစ်ဦးအဖြစ် အစိုးရအပေါ် ဝေဖန် ပြစ်တင်နိုင်မှု ရဲဝံ့ခဲ့သည့် ဦးဆန်းဆင့်အား ပြည်ထောင်စုဝန်ကြီး တာဝန်မှ အရေးယူ အကျဉ်းချ လိုက်ခြင်းဖြင့် လွှတ်တော်အုပ်စုအပေါ် အစိုးရအုပ်စုမှ နိုင်ငံရေးအရ ခြိမ်းခြောက် လိုက်ခြင်းတစ်ရပ်အဖြစ် ရှုမြင်နိုင်စရာ ရှိလာပေသည်။ အဆိုပါ နိုင်ငံရေးကစားကွက် အသက်ဝင်လာသည်ဟု ယူဆနိုင်စရာများလည်း ရှိသည်။ ဦးဆန်းဆင့်ကို အရေးယူပြီးနောက် အစိုးရအပေါ် အမြဲလိုလို ပြစ်တင်ဝေဖန် ရေးသားနေသည့် မီဒီယာများအား နည်းမျိုးစုံဖြင့် ချုပ်ကိုင်ရန် လမ်းကြောင်းများ စတင်လာခဲ့သည်။ ယခင် တပ်မတော် အစိုးရ ထောက်လှမ်းရေးများ နည်းတူ ရဲတပ်ဖွဲ့၊ သတင်းတပ်ဖွဲ့တာဝန်ရှိ သူများက ပုဂ္ဂလိက မီဒီယာများကို လိုက်လံ မေးမြန်းခြင်း၊ စုံစမ်းခြင်း၊ ခေါ်ယူတွေ့ ဆုံခြင်းများ ပြုလုပ်လာသည့် နည်းတူ မြန်မာသံတော်ဆင့် အယ်ဒီတာချုပ်၏ နေအိမ်နှင့် ဇာတိရပ်ရွာအထိ သတင်းတပ်ဖွဲ့ တာဝန်ရှိသူ ရဲအရာရှိများ လိုက်လံစုံစမ်း မေးမြန်းမှုများလည်း ရှိလာသည်။
ထိုသို့ မေးမြန်း စုံစမ်းခြင်းအတွက် အထက်မှဟူ၍သာ သိရှိရပြီး မည်သည့် အဖွဲ့အစည်းမှ စုံစမ်းခိုင်းခြင်း မသိရှိရကြောင်း၊ အစိုးရသမ္မတရုံးမှလည်း ၎င်းတို့ မခိုင်းကြောင်း ပြန်လည်မေးမြန်းသူသာ ချာချာလည် သွားခဲ့ရသည်။
ဤကာလတွင် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း ညွှန်ကြားချက်ဖြင့် လွှတ်တော်မှ ဦးဆန်းဆင့်ကို အရေးယူသော သာသနာရေး ၀န်ကြီးဌာန အလွဲသုံးစားမှု အပါအ၀င် မီဒီယာအချို့ ထောက်ပြ ရေးသားခဲ့သည့် ပြန်ကြားရေး ၀န်ကြီးဌာနနှင့် ၀န်ကြီးဌာနအချို့တို့၏ အသုံးစရိတ် ဘတ်ဂျက်များ စစ်ဆေးရန် ကတိုက်ကရိုက် အစီအစဉ် ထွက်ပေါ် လာခဲ့သည်။ ယင်းနှင့် တစ်ဆက်တည်း သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း လွှတ်တော်သို့ သွားရောက်ကာ ပြည်ထောင်စု လွှတ်တော်မှ အစိုးရ၏ ငြိမ်းချမ်းရေး ဆောင်ရွက် ချက်များကို ထောက်ခံကြောင်း၊ တိုက်တွန်းကြောင်း အဆိုများဖြင့် အစိုးရအဖွဲ့မှ ကျေနပ်အားရ ဖြစ်လာစေခဲ့ သည်။
ဤသို့ဆိုလျှင် အစိုးရဘက်မှ လွှတ်တော်အုပ်စု အားထားရာ ဦးဆန်းဆင့်ကို ထိန်းချုပ် လိုက်ခြင်းဖြင့် လွှတ်တော်မှ အစိုးရအပေါ် ဝေဖန် တိုက်ခိုက်မှုများ အရှိန်လျော့စေရန် နိုင်ငံရေး ကစားကွက်အဖြစ် ရှုမြင် လာသူများ သုံးသပ်ချက်အရ မီဒီယာနှင့် လူထုရပ်တည်မှု ရရှိလာသော ဦးဆန်းဆင့် ပြန်လည် လွတ်မြောက်ရေး အတွက် အစိုးရနှင့် လွှတ်တော် အကြီးအကဲများအကြား အပြန်အလှန် အပေးအယူသဘော မေတ္တာ ရပ်ခံခြင်းမျိုး ဖြစ်ပေါ်နိုင်မည့် အလားအလာ ရှိနိုင်ပေသည်။ မြန်မာ့နိုင်ငံရေးအတွက် လက်ရှိကာလ အဆုံး အဖြတ်မှာ နိုင်ငံတော် သမ္မတတစ်ဦးတည်းလည်းမဟုတ်၊ ပြည်ထောင်စု လွှတ်တော် နာယကတစ်ဦးတည်း လည်းမဟုတ်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တစ်ဦးတည်းလည်းမဟုတ် ဖြစ်နေ၍ အများပြည်သူတို့က မည်သူများမှာ အာဏာအရှိဆုံး ဖြစ်သနည်းဆိုသော ခန့်မှန်းချက်ဖြင့် ရပ်တည်နေရသည့် မြန်မာ့နိုင်ငံရေး သာဖြစ်ပေသည်။ မည်သို့ပင် ဆိုစေကာမူ အစိုးရ၏ နိုင်ငံရေး အကျပ်အတည်းများမှ လားရှိုး အရေးအခင်း၊ မိတ္ထီလာ အရေးအခင်းများတွင် တုတ်၊ ဓား၊ လက်နက် မီးလျှံများကြား သံဃာတော်များနှင့်အတူ သံခမောက် ဆောင်း၍ လော်စပီကာကိုင်ကာ သက်စွန့်ဆံဖျား ဖြေရှင်းခဲ့သော သမ္မတ ဦးသိန်းစိန်၏ အစိုးရအဖွဲ့မှ တစ်ဦး တည်းသော ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ဖြစ်ကြောင်း မိတ္ထီလာမြို့နယ် အရေးအခင်း၌ အစအဆုံး ဖြေရှင်း ပေးခဲ့ရာ၌ ပါဝင်ခဲ့သည့် ၀မ်းတော်ပြည့် ကျောင်းတိုက်မှ ဆရာတော် ဘဒ္ဒန္တ စန္ဒောဘာသက မြန်မာ သံတော်ဆင့်သို့ မိန့်ကြားခဲ့သည်။ နိုင်ငံရေး ဝေဖန်မှု ဆောင်းပါးများ မပြတ်ရေးသား၍ သမ္မတ ဦးသိန်းစိန်နှင့် အစိုးရအဖွဲ့အပေါ် ထောက်ပြ ဝေဖန်လျက်ရှိသော ကရင်ပြည်နယ် ငြိမ်းချမ်းရေး ဦးဆောင် အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ တောင်ကလေး ဆရာတော်ကြီးကလည်း ဒါတွေက ပုဂ္ဂိုလ်ရေး ဆန်ပါတယ်။ ဆန်းဆင့်တစ် ယောက်သွားရင် နောက်ဆန်းဆင့် တစ်ယောက် ပေါ်လာဦးမှာပဲ။ သမ္မတ ဦးသိန်းစိန်ကို နောက်သမ္မတ သက်တမ်းအတွက် ကရင်ပြည်နယ်လူထုက မထောက်ခံပါဘူး ဟူ၍ မြန်မာသံတော်ဆင့်သို့ မိန့်ကြားခဲ့သည်။
ဦးဆန်းဆင့်သည် ဒီမိုကရေစီစံနှုန်းနှင့် မညီလှသော ၂၀၀၈ အခြေခံ ဥပဒေကို အသုံးပြု၍ပင် လွှတ်တော် ဟူသော ဥပဒေပြုရေး မဏ္ဍိုင်သည် နိုင်ငံတည်ဆောက်ရေးအတွက် အရေးပါလှပုံကို ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်၌ လက်တွေ့ သက်သေပြသနိုင်သူ ဖြစ်သည်။ အဆိုပါကိစ္စကို ယခုသမ္မတရုံး ၀န်ကြီးများနှင့် အကြံပေးများ သန္ဓေဆောင်ရာဟု ဆိုနိုင်သော မြန်မာအီးဂရက်စ် တည်ထောင်သူ The Voice သတင်းစာ အမှုဆောင် အရာရှိချုပ် (ဒေါက်တာ နေ၀င်းမောင်)က ၎င်း၏ နာမည်ကျော် မော်လမြိုင်စာပေ ဟောပြောပွဲ၌ ထုတ်ဖော် ချီးမွမ်းခဲ့သည်။
သမ္မတ ဦးသိန်းစိန်နှင့် ဦးဆန်းဆင့်တို့၏ ဇာတိဧရာဝတီတိုင်း ဒေသကြီးမှ ပြည်သူအချို့က ဦးဆန်းဆင့်ကို အရေးယူမှုအတွက် ဆန္ဒဖော်ထုတ်ခဲ့ပြီး နောက်တစ်ရက် တွင် ပုသိမ်မြို့၊ ညောင်ပင်သာ ပရိယတ္တိ စာသင်တိုက် ဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ၀ိသုဒ္ဓ ဆရာတော်ဘုရားကြီးက ““ဒကာကြီး ဦးဆန်းဆင့် ကိစ္စကို ပွင့်ပွင့်လင်းလင်း ဖြစ်စေချင်တယ်၊ သူလုပ်တဲ့ လုပ်ဆောင်ချက်နဲ့ သူ့ကို စွဲထားတဲ့ စွဲချက် သင့်လျော်ရဲ့လား စဉ်းစားတယ်။ တစ်အချက်- သိန်း (၁၀၀) အလွဲသုံးစား လုပ်တယ် ဆိုတဲ့စွဲချက်၊ ပုဒ်မတွေ ဘာတွေတော့ ဆရာတော် မသိဘူး။ တကယ်ပဲ သူသိန်း(၁၀၀) ကို သူ့ကိုယ်ကျိုး အတွက် တစ်နေရာရာမှာ သုံးသလား၊ သိန်း(၁၀၀) သုံးထားပြီး စာရင်းမပြနိုင်တာလား၊ အခုကြားနေရ တာတွေက စေတီတည်တဲ့ နေရာတွေမှာ သုံးတယ်ကြားတယ်။ လုပ်ပိုင်ခွင့်ထက် ပိုလုပ်လို့ တရားစွဲတယ်လို့ ကြားတယ်။ ဒါတွေက သာသနာရေးဝန်ကြီးရဲ့ လုပ်ရမယ့် ဟာတွေပဲ၊ ဒါတွေကို ပွင့်ပွင့်လင်းလင်း စစ်ဆေးပြီး အပြစ်ရှိကြောင်း ခိုင်လုံမှ ရာထူးက ဖယ်ရှားတာတွေ၊ ဖမ်းဆီးတာတွေ လုပ်သင့်တယ်၊ ဒီပြင့်ဝန်ကြီးတွေလည်း သိန်းထောင်/သောင်းချီပြီး တလွဲသုံးနေတာတွေ စာစောင်တွေထဲမှာ ဥူးပဉ္ဇင်း ဖတ်နေရသေးတာပဲ။ ၀န်ကြီး တစ်ယောက် အနေနဲ့ သိန်း (၁၀၀)ဆိုတာ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် စိုက်လို့ရတယ်။ အခု သမ္မတက ခန့်လိုက်တဲ့ သာသနာရေး ၀န်ကြီးအသစ်က သိန်း(၈၀၀၀) အလွဲသုံးစားမှုနဲ့ဆို ဥူးပဉ္ဇင်းတို့ ဒီမှာတာဝန်ကျဖူးတဲ့ ရေနံဌာနက ဗိုလ်ကြီးမြင့်အေးဆိုတာ ရှိတယ်။ တစ်နေ့ ရေနံဝန်ကြီးလာမယ်၊ ဘာမှ ခမ်းခမ်းနားနား လုပ်မထားဖို့ ၀န်ကြီးက မှာတယ်။ အဲဒါကို သူ့အောက်လူတွေက ခမ်းခမ်းနားနား ပြင်ဆင်ကြတယ်။ ဗိုလ်ကြီးမြင့်အေးက ပြောပေမယ့် ကောင်းတာ လုပ်တာပဲဆိုပြီး လုပ်ထားတယ်။ အဲဒီမှာဝန်ကြီးက ဗိုလ်ကြီးမြင့်အေးကို ပြောစကား နားမထောင်လို့ ဆိုပြီး နယ်ပြောင်းပေးလိုက်တဲ့ ဖြစ်စဉ်တွေ ရှိပါတယ်။ နှစ်အချက်က – သမ္မတကြီး ခိုင်းတာ မလုပ်လို့ သဘောထားချင်း မတိုက်ဆိုင်လို့ ဖမ်းတာဆိုပြီး ဦးရဲထွဋ်က ပြောနေ တယ်။ ဒါဆိုလည်း သမ္မတကြီးက ဘာကိုခိုင်းလို့ ၀န်ကြီးက ဘာမလုပ်တာလဲဆိုတာ၊ ဘယ်လို သဘောထားချင်း မတိုက်ဆိုင်တာလဲဆိုတာ ပြည်သူကို ပွင့်ပွင့်လင်းလင်း ရှင်းပြ။ အထူးသဖြင့် သန္တိသုခ ကျောင်းကိစ္စလား၊ သန္တိသုခ ကျောင်းကိစ္စမှာ သမ္မတကြီးက အတင်းဖယ်ရှား ခိုင်းတာကို ၀န်ကြီးက မလုပ်လို့ သဘောထားချင်း မတိုက်ဆိုင်တာလား၊ သမ္မတကြီးကသန္တိသုခ ကျောင်းကိစ္စကို မလုပ်ဖို့တားတဲ့ဟာကို ၀န်ကြီးက လုပ်လို့ သဘောထားချင်း မတိုက်ဆိုင် တာလား၊ ပွင့်ပွင့်လင်းလင်း ထုတ်ပြန်သင့်တယ်။ သန္တိသုခကျောင်းကို ပီနန်ဆရာတော်ကို လှူတုန်းက ဥူးပဉ္ဇင်းအနားမှာ ရှိတယ်။ ပီနန် ဆရာတော်ကိုပဲ လှူတယ်လို့ ထင်ထားတာ။ နောက်ကျမှ ပီနန် ဆရာတော်ဆီက ပြန်ယူပြီး မဟနကို လှူလိုက်တာ။ ဒီကိစ္စမှာလည်း သီခြားဝိနိစ္ဆယ ဖွင့်ပြီး စစ်သင့်တယ်။ အောက်ခြေမှာ မပြေလည်ရင် မြို့နယ်/တိုင်း အဆင့်ဆင့် တက်လို့ရတယ်။ အခုဖြစ်နေတာက မဟန (နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့) နဲ့ဖြစ်နေတာ။ ဒီ့ထက် ဆက်တက်စရာ မရှိတော့ဘူး။ ဒီတော့ သီးခြား လွတ်လပ်တဲ့ ၀ိနည်းထိုရ် အဖွဲ့ဖွဲ့ပြီး ကျောင်းပိုင်ဆိုင်ရေး စစ်ဆေးသင့်တယ်လို့ ဆရာတော် မြင်တယ်။ ဒါကလည်း ကြီးမားတဲ့ ပြဿနာ မဟုတ်ပါဘူး။ ဒကာဝန်ကြီးကလည်း ဒီလောက် ဆိုးသွမ်းနေတဲ့လူ မဟုတ်ပါဘူး။ ဒီလိုပုံစံမျိုးနဲ့ ဖမ်းဆီးပြီး ထောင်ချစရာ မလိုဘူး။ ဦးခင်ညွန့်တုန်းကတော့ သူ့အဖွဲ့အစည်း ရှိတယ်။ သူ့တပည့်တွေ ရှိတယ်။ ဒါကြောင့် ဒီလိုပုံစံနဲ့ ဖမ်းချုပ်ရတာ၊ မဖမ်းရင် မဖြစ်လို့ ဖမ်းရတာ၊ အခုဖြစ်နေတာတွေက စာအရ ပြောရရင် ပျက်စီးချင်လို့ အချင်းချင်း နှိပ်စက်တာလို့ ပြောရမယ်။ ပျက်စီးချင်လို့ အချင်းချင်း ဇာတ်တူသားစားတယ်လို့ ပြောရမှာပေါ့။ ဒကာဝန်ကြီးကို ဘယ်လိုကယ်ရမလဲ၊ ဆရာတော်တို့လည်း စဉ်းစားနေရတယ်”” ဟူ၍လည်း ဦးဆန်းဆင့်အတွက် မိန့်ကြားပေးခဲ့သည်။
ဖြစ်ပေါ်ခဲ့သော အခြေအနေအရ လွှတ်တော် အင်အားစုဘက်မှ သူရဲကောင်းသဖွယ် ဖြစ်နေသည့် ဦးဆန်းဆင့် ကို အစိုးရမှ ထိန်းသိမ်း အရေးယူလိုက်ခြင်းအတွက် မီဒီယာများက ဦးဆန်းဆင့်နှင့် တွေ့ဆုံ၍ ဦးဆန်းဆင့်၏ ဖြေရှင်းချက် အသံများကိုသာ လိုလားနေကြောင်း၊ အစိုးရဘက်မှ တစ်ဖက်သတ် အရေးယူမှု မလိုလားကြောင်း၊ ထုတ်ဖော် ရေးသားလာပြီး အစိုးရဘက်မှလည်း အလျှော့ပေးမည့် အရိပ်အယောင် မတွေ့ရဘဲ ဖော်ပြ ထားသော ပြစ်မှုများ သာမက တခြားသော ပြစ်မှုများ ပါရှိသည်ဟူ၍ စစစနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပူးပေါင်း စစ်ဆေးလျက် ရှိကြောင်း သိရှိရခြင်းအားဖြင့် အစိုးရနှင့် လွှတ်တော် နိုင်ငံရေး အရွှေ့အပြောင်း ကစားကွက် မည်သို့ဖြစ်လာမည်ကို စောင့်ကြည့်ရတော့မည် ဖြစ်ပေသည်။ လတ်တလောတွင် လွှတ်တော်ကျင်းပစဉ် အချိန်ကိုက် အစိုးရဘက်မှ တင်ပြလာသော သာသနာရေး ပြည်ထောင်စုဝန်ကြီး နေရာအတွက် ဒုတိယ၀န်ကြီး ဦးစိုးဝင်းကို ဝေဖန်သံများကြားမှ လွှတ်တော်တွင် ကန့်ကွက်သူ မရှိ အတည်ပြု ပေးလိုက်ခြင်းကလည်း ဦးဆန်းဆင့် အတွက် အကြောင်းပြု၍ လွှတ်တော်ဘက်မှ အစိုးရအကြိုက် လိုက်လျော ပေးလိုက်ခြင်း တစ်ရပ်ပေလောဟု ထင်မြင်စရာ ရှိပေသည်။ နိုင်ငံရေး သုံးသပ် ဝေဖန်သူအချို့၏ ထင်မြင်ချက်အရမူ ဦးဆန်းဆင့်ကို အကြောင်းပြု၍ အစိုးရနှင့် လွှတ်တော် အကြီးအကဲများအကြား အလျှော့အတင်း အပေးအယူ လုပ်ဆောင်ဖွယ်ရာ ရှိပြီး လွှတ်တော်ဘက်မှ အစိုးရအပေါ် ၂၀၁၅ ရွေးကောက်ပွဲ နီးချိန်တွင် ပြစ်တင် ဝေဖန်သံများ စဲသွားနိုင်ဖွယ်ရာ ရှိပေတော့သည်။
မောင်ရေစက်