၂ဝ၁၅ အထွေထွေရွေးကောက်ပွဲတွေမှာ ကြံ့ခိုင်ရေးပါတီ ရှုံးမှာစိုးလို့ အချိုးကျကိုယ်စားပြုတဲ့ ရွေးကောက်ပွဲစနစ် PR ကို ကျင့်သုံးတယ်လို့ ယူဆရင် မှားမယ်လို့ သူရဦးရွှေမန်းက ပြောခဲ့ပါတယ်။ ပြီးတော့ ၂ဝ၁၅မှာ သူဦးဆောင်တဲ့ ကြံ့ခိုင်ရေးပါတီ နိုင်ကိုနိုင်ရမယ်လို့ ဆိုပါတယ်။ တကယ်ပဲ ကြံ့ခိုင်ရေး ပြန်နိုင်ဦးမှာလား။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို ပြည်သူ့ပါတီအဖြစ် ဖော်ဆောင်နိုင်ရင် ၂ဝ၁၅ ရွေးကောက်ပွဲ နိုင်မှာဖြစ်ပြီး အနိုင်ရရေးဟာ သူတို့ပါတီရဲ့ အဓိကစိန်ခေါ်မှုပါလို့ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ဇူလိုင် ၃ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ကြိုးပမ်းနေတဲ့ ပုဒ် ၄၃၆ပြင်ဆင်ရေး လက်မှတ်ထိုး ဆန္ဒပြုတဲ့ လှုပ်ရှားမှုဟာ ဖွဲ့စည်းပုံပြင်ဆင်ရေး အထောက်အကူမပေးနိုင်တာကြောင့် လွှတ်တော်ရဲ့ဖွဲ့စည်းပုံပြင်ဆင်ရေး ကော်မတီရဲ့ လုပ်ပိုင်ခွင့် ဘောင်ထဲကပဲ လုပ်ပါလို့ တိုက်တွန်းခဲ့ပါတယ်။
လက်ရှိလုပ်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲရေးရဲ့ အရှိန်အဟုန်ကို ပျက်မယ်ဆိုရင်တော့ ကြံ့ခိုင်ရေးပါတီအနေနဲ့ ဖွဲ့စည်းပုံပြင်ဆင်မှာမဟုတ်ဘူးလို့ သဘောထားတင်းမာသူတွေလို့ အများကသိထားတဲ့ ကြံ့ခိုင်ရေးခေါင်းဆောင်တွေဖြစ်တဲ့ ဦးအောင်သောင်းနဲ့ ဦးဌေးဦးတို့နဲ့ ပူးတွဲကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
အာဏာလွှဲပြောင်းရေးနဲ့ပတ်သက်တဲ့ အနိဌာရုံတွေ မရှိတာဟာ အရင်က အာဏာရှိသူတွေ ဒီမိုကရေစီဖော်ဆောင်ပေးမှုကြောင့်လို့ သူရဦးရွှေမန်းက ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေတို့ကို ချီးကျူးပြောဆိုခဲ့ပြီး လက်ရှိ နိုင်ငံရေးနဲ့စီးပွားရေးစနစ်တွေ ကျင့်သုံးနိုင်တာဟာ သူဦးဆောင်တဲ့ ကြံ့ခိုင်ရေးပါတီကြောင့်ဖြစ်သလို ၂ဝဝ၈ ဖွဲ့စည်းပုံကြောင့်လို့ ပြောဆိုခဲ့ပါတယ်။
Kamayut media