လျှို့ဝှက်ဓါတုစက်ရုံ သတင်းဖော်ပြမှုနဲ့ ယူနတီဂျာနယ်က သတင်းထောက်လေးဦးနဲ့ အမှုဆောင်အရာရှိချုပ်တို့ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ဝ နှစ်စီ ပြစ်ဒဏ်ချမှတ်လိုက်တာကို အထူးစိုးရိမ်မကင်းဖြစ်ရတဲ့အကြောင်း အမေရိကန်ပြည်ထောင်စုက မနေ့က ပြောကြားလိုက်ပါတယ်။
လွတ်လပ်စွာထုတ်ဖော် ပြောကြားခွင့်ရှိစေပါမယ်လို့ မြန်မာနိုင်ငံက အာမခံထားပေမဲ့ ဒီလိုပြစ်ဒဏ်ချမှတ်လိုက်တာဟာ လွဲမှားနေတာပဲလို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြန်ကြားရေးအရာရှိ Peter Velasco က ပြောကြားပါတယ် သတင်းစာဆရာတွေအားလုံးရဲ့ အခွင့်အရေးကို လေးစားလိုက်နာဖို့လည်း မြန်မာနိုင်ငံကို တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံအလယ်ပိုင်းမှာ စက်ရုံတည်ဆောက်ဖို့အတွက် စစ်တပ်က လယ်ယာမြေသိမ်းတာကို ယူနတီဂျာနယ်က ဇန်နဝါရီလမှာ ဖော်ပြခဲ့ပါတယ်။ ဓါတုလက်နက်ထုတ်လုပ်မယ့်စက်ရုံလို့ စွပ်စွဲခံရတာဖြစ်ပြီး ဒါကို အာဏာပိုင်တွေက မဟုတ်မမှန်ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။
သတင်းထောက်တွေကို ဒီလိုပြစ်ဒဏ်ချမှတ်လိုက်တာကို လူ့အခွင့်အရေးအဖွဲ့တွေက ပြစ်တင်ရှုတ်ချလိုက်ပြီး တချိန်ကအထီးကျန်နိုင်ငံဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံမှာ စာပေစိစစ်ရေး မရှိတော့တာတောင် သတင်းစာဆရာတွေကို ခြိမ်းခြောက်တာ၊ ဖမ်းဆီးအရေးယူတာတွေက ပိုဆိုးဝါးလာပုံရတယ်လို့ ပြောကြပါတယ်။
အမေရိကန်ုပြည်ထောင်စုအခြေစိုက် Freedom House ဆိုတဲ့ သတင်းလွတ်လပ်ခွင့်အဖွဲ့ကြီးကလည်း သတင်းထောက်တွေကို ခုလို ထောင်ဒဏ်တွေချမှတ်လိုက်တာဟာ မြန်မာနိုင်ငံ သတင်းလွတ်လပ်ခွင့်အတွက် ကြီးမားတဲ့ ထိုးနှက်ချက်တရပ်ဖြစ်ပြီး အပြုသဘောဆောင် အပြောင်းအလဲကို နောက်ကြောင်းပြန်လှည့်မယ့် လက္ခဏာဖြစ်တယ်လို့ မနေ့ကပဲ ကြေငြာချက်ထုတ်ပြန်ပါတယ်။
အများပြည်သူအတွက် သတင်းပေးတဲ့ သတင်းထောက်တွေကို ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံ အထူးလျှို့ဝှက်အက်ဥပဒေအရ ပြစ်မှုထင်ရှားတယ်ဆိုပြီး ပြစ်ဒဏ်ချမှတ်တာဟာ ၂ဝ၁၄ ပုံနှိပ်ထုတ်ဝေရေးဥပဒေကြမ်း စိတ်ဓာတ်ကို ချိုးဖောက်ပြီး စစ်မှန်တဲ့ဒီမိုကရေစီ ပွင့်လန်းလာတယ်ဆိုတဲ့ မျှော်လင့်ချက်ကို ဖျက်ဆီးတယ်လို့ Freedom House ဥက္ကဌDavid Hramer က ပြောကြားပါတယ်။
RFA