ယူနတီဂျာနယ်က သတင်းသမားတွေအပေါ် ချမှတ်လိုက်တဲ့ အမိန့်ကိုကြားလိုက်ရတော့ တော်တော်လေး စိတ်မကောင်း ဝမ်းနည်းဖြစ်မိတယ်။ တကယ်ဆို သူတို့တတွေက တမင်ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့ကြတာမဟုတ်ဘူး။ မြေအသိမ်းခံ ဒေသခံလယ်သမားတွေရဲ့ နစ်နာမှု ပေါ်လွင်စေလိုတဲ့ စေတနာကြောင့် ဖြစ်သွားရတာ။ တစ်ဖက်မှာလည်း ရထားတဲ့ သတင်းအချက်အလက် တိကျမှု၊ ခိုင်လုံမှု၊ သေချာမှုကို သေချာစစ်ဆေးဖို့ အားနည်းသွားတာတော့ ရှိမယ်။ ဒါပေမယ့် အများပြည်သူ အကျိုးစီးပွားကို ဦးတည်ခဲ့တာတော့ သေချာတယ်။ တပ်မတော် အကျိုးစီးပွား ထိခိုက်စေလိုတဲ့ရည်ရွယ်ချက်၊ နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေကို တမင်ဖောက်ဖျက်လိုတဲ့ ရည်ရွယ်ချက် မရှိခဲ့ဘူး။
တရားရုံးတစ်ခုက ချမှတ်လိုက်တဲ့အပြစ်ဒဏ်အပေါ် နိုင်ငံသားတစ်ယောက်အနေနဲ့ ဘာမှ မပြောချင်ပေမယ့် သတင်းသမားတစ်ယောက်အနေနဲ့တော့ မေးခွန်းတချို့ မေးချင်တယ်။
အဲဒီသတင်းအတွက် တပ်မတော်နဲ့ နိုင်ငံတော်တစ်ရပ်လုံး ဘယ်လောက်များ ထိခိုက်နစ်နာသွားသလဲ၊ သူတို့ ရေးသလို ဓာတုလက်နက်စက်ရုံ ဟုတ်သလား၊ မဟုတ်ဘူးလား ဆိုတာ ပြည်သူလူထုနဲ့ နိုင်ငံတကာ သိအောင် ပွင့်လင်းမြင်သာမှုရှိရှိ သတင်းထုတ်ပြန်ပြီးပြီလား၊ သက်ဆိုင်ရာ တရားရုံးအနေနဲ့ကော ကျူးလွန်တဲ့ ပြစ်မှုနဲ့ ချလိုက်တဲ့ ပြစ်ဒဏ် မျှတမှုရှိတယ်၊ မရှိဘူးဆိုတာ စိတ်ရှင်းရှင်းရှိရဲ့လား၊ အဲဒီလို အမိန့်ချလိုက်တဲ့ညမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ရဲ့လား၊ တစ်နိုင်ငံလုံးမှာရှိတဲ့ နေရာတိုင်း၊ နယ်ပယ်တိုင်းမှာ စနစ်ဆိုးအောက် အကြာကြီးနေလာခဲ့တော့ လိုအပ်ချက်၊ အားနည်းချက်၊ အရည်အချင်း မပြည့်မီသေးတာတွေ ရှိနေသေးတယ်ဆိုတာကော သိကြရဲ့လား၊ လွှတ်တော်၊ အစိုးရအဖွဲ့၊ တရားသူကြီးနဲ့ တရားရေးလောကမှာကော အရည်အချင်းလိုအပ်ချက်တွေ၊ မှားယွင်း၊ လွဲချော်၊ တိမ်းစောင်းမှုတွေ မရှိဘူးလား၊ နိုင်ငံတည်ဆောက်ရေး၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကာလမျိုးမှာ ဒီလို စီရင်ချက်မျိုးက မီဒီယာကို အညှိုးတကြီး ရန်လိုတဲ့ လုပ်ရပ်ဖြစ်သွားနိုင်တယ်ဆိုတာ မတွေးမိဘူးလား၊ အဲဒီလိုဆိုရင် မီဒီယာတွေနဲ့ အစိုးရအကြား တည်ဆောက်နေဆဲ နားလည်မှု၊ ယုံကြည်မှုတွေ ပိုဝေးကွာ သွားပြီး တစ်ဖက်နဲ့ တစ်ဖက် အဆိုးမြင်စိတ် ပိုကဲသွားနိုင်တာကို မတွေးမိဘူးလား၊ ရခိုင်၊ မိတ္တီလာ၊ ဥက္ကံ၊ နတ္တလင်း၊ လားရှိုး၊ ထန်းကုန်းနဲ့ မန္တလေး မြို့တွေမှာ အတင့်ရဲရဲ ပြောင်ပြောင်တင်းတင်း ကျူးလွန်ခဲ့ကြတဲ့ အကြမ်းဖက်မှု ကျူးလွန်တဲ့သူတွေကိုတော့ ဘယ်လို ပွင့်လင်းမြင်သာမှုရှိရှိ ဖမ်းဆီး၊ စစ်ဆေး၊ အရေးယူ၊ အပြစ်ပေးပြီးပြီလဲ၊ နယ်ဒေသတွေမှာ ဘာသာရေး နာမည်ခံ လူမျိုးရေး၊ နိုင်ငံရေး၊ လှုံ့ဆော်သွေးထိုးမှုတွေ ဟောပြောပြီး ကျွေးကြော်သံတွေ၊ အစွန်းရောက် ဝါဒဖြန့် သီချင်းတွေ သံပြိုင်ဟစ်ကြွေး စခန်းသိမ်းတဲ့ တရားပွဲနာမည်ခံတွေ ဘယ်သူတွေက စီစဉ်၊ လုံခြုံရေးပေးပြီး ကျယ်ကျယ်ပြန့်ပြန့် ကျင်းပနေတာကိုရော ပြည်ထဲရေးနဲ့ သမ္မတရုံးက သိရဲ့လား၊
အွန်လိုင်းပေါ်မှာ နာမည်ရင်းနဲ့တောင် လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်မှု လှုံ့ဆော်၊ သွေးထိုးနေတဲ့သူတွေ၊ မီဒီယာတွေကို ဘယ်လို ဟန့်တားအကြမ်းဖက်ရမယ်ဆိုတာတွေကို ဖြန့်ဝေနေတဲ့သူတွေ၊ အုပ်စုလိုက်ဝင်ပြီး အစွန်းရောက်မှတ်ချက်တွေ၊ အမုန်းစကားတွေ တမင်ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေနေတဲ့သူတွေကိုတော့ ဘာ့ကြောင့် ဒီနေ့အထိ လွှတ်ပေးထားသလို ဖြစ်နေတာလဲ၊ အရင်က အီးမေးလ်တစ်စောင် လက်ခံမိလို့ ထောင်ဒဏ် ၁၅ နှစ်ချပြီး အရေးယူခဲ့တဲ့ အီလက်ထရွန်နစ် အသွင်ကူးပြောင်းမှုဆိုင်ရာ ဥပဒေက အခုကျ အသက်မဝင်တော့ဘူးလား၊ မီဒီယာတွေကို သိမ်းကြုံးခြိမ်းခြောက်သွားတဲ့ စကားမှာ ပရော်ဖက်ရှင်နယ်ပီပီသသ၊ ကျင့်ဝတ်နဲ့အညီ သမာသမတ်ကျကျ အတတ်နိုင်ဆုံး ရပ်တည်နေတဲ့ မီဒီယာတွေကို ထိခိုက်သွားတာ မရိပ်စားမိဘူးလား၊ အစိုးရအသစ် တာဝန်ယူကာစမှာ ပြုပြင်ပြောင်းလဲရေးသမားတွေရဲ့ စေတနာပါတဲ့ ပြုပြင်ပြောင်းလဲမှုတွေနဲ့ နာမည်ကောင်း၊ ဂုဏ်သိက္ခာကောင်းတွေ ရထားတဲ့ သမ္မတကြီးရဲ့ အစိုးရအဖွဲ့ထဲမှာ အခု ၃နှစ်ကျော်ကာလရောက်တဲ့အခါ သဘောထားတင်းမာသူတွေ အသာစီးရသွားပြီလား၊ ငြိမ်းချမ်းမှုတည်ဆောက်ရေး၊ ဒီမိုကရေစီ အသွင်ပြောင်းရေး၊ နိုင်ငံတည်ဆောက်ရေးမှာ တာဝန်သိ၊ တာဝန်ယူ၊ တာဝန်ခံတဲ့ မီဒီယာတွေ၊ အင်စတီကျူးရှင်းတွေ၊ အဖွဲ့အစည်း၊ အသင်းအပင်းတွေရဲ့ မေတ္တာရပ်ခံ အကြံပြုချက်တွေကို ဘယ်လောက် အလေးထား လက်ခံစဉ်းစားဖူးသလဲ၊ လက်ရှိ အရေးယူခံရတဲ့သူတွေက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို နှောက်ယှက်ဖျက်ဆီးလိုသူတွေဆိုတာ တကယ်သေချာရဲ့လား၊ ဘာသာရေးအကြမ်းဖက်မှုမှာ လက်ပူးလက်ကြပ်ဖမ်းမိတဲ့သူတချို့ကို အမျိုးသားသူရဲကောင်းဆုတွေပေးနေတာကိုရော သမ္မတကြီးနဲ့ သမ္မတရုံးက သိရဲ့လား။ မေးမယ်ဆို ကျနော့်မှာ နောက်ထပ် မေးစရာတွေ အများကြီးကျန်သေးတယ်။
အရေးကြီးတာက ကျနော်တို့ ဘယ်သူ့အတွက် အလုပ်လုပ်နေကြတာလဲဆိုတာ ကျနော်တို့ ကိုယ့်ဘာသာ ပြန်မေးကြည့်ရင် အဖြေထွက်မှာပါ။ နိုင်ငံတော်နဲ့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအတွက် လုပ်နေတာလား၊ ကိုယ့်ဆရာ၊ ကိုယ့်အဖွဲ့အစည်း၊ ကိုယ့်မိသားစုရဲ့ အာဏာ၊ သြဇာ၊ ရာထူး၊ စည်းစိမ်နဲ့ တစ်သက်တာ နောင်ရေးအတွက် လုံခြုံမှုရှိအောင် လုပ်နေတာလားဆိုတာ ကျနော်တို့ ကိုယ့်ဘာသာ အသိဆုံးပါ။ အဲဒါတွေ ကွဲကွဲပြားသိရင် ကျနော်မေးတဲ့ မေးခွန်းတွေကို လွယ်လွယ်ကူကူ ဖြေနိုင်မယ်လို့ ထင်တယ်။
ကျော်မင်းဆွေ(living color media
Chief Editor )