ကြေညာချက်အတုလုပ်တာကတော့ တော်တော် အောက်တန်းကျတဲ့၊ သူရဲဘောကြောင်တဲ့ လုပ်ရပ်လို့ သတ်မှတ်နိုင် . . . ဒီချုပ်ကို နိုင်ငံရေး အကျပ်အတည်းတစ်ခုထဲ ရောက်အောင် တွန်းပို့ . . . ဒီချုပ်နဲ့ ပြိုင်ဘက် အစုအဖွဲ့တွေရဲ့ လုပ်ရပ်လည်း ဖြစ်နိုင် . . .

မန္တလေးမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခနှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLDပါတီ)က ဇူလိုင် ၇ ရက် ရက်စွဲဖြင့် ဒုတိယမြောက် ကြေညာချက် ထုတ်ပြန်ရာ၌ ဇူလိုင် ၂ ရက်တွင် ထုတ်ပြန် ခဲ့သော ကြေညာချက်အား လူမှုကွန်ရက် Facebook ၌ ““ရဲသွေး”” ဆိုသူက အတုပြုလုပ်ကာ ထပ်မံမျှ ဝေမှုအပေါ် အစိုးရအနေဖြင့် အမြန်ဆုံး ဖော်ထုတ် အရေးယူပေးရန် တိုက်တွန်း ကြေညာ ထားသည်။
NLD ၏ ထုတ်ပြန်ချက်၌ ““ရဲသွေး”” အမည်ဖြင့် ဘာသာရေး၊ လူမျိုးရေး ရန်မီးပွားအောင် လှုံ့ဆော်ခြင်း၊ ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားလုပ်ခြင်း စသည့် အချက်များ ပါဝင်သည့် ကြေညာချက် တစ်ခုကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ကြေညာချက်အဖြစ် လိမ်လည် ဖန်တီး၍ ထုတ်လွှင့်ခဲ့ကြောင်း ဖော်ပြထားသည်။
အတုထွက်ပေါ်ခဲ့သည့် ကြေညာချက်၌ NLD ပါတီ နာမည်တပ်ကာ အထင်မှားစေနိုင်သည့် အကြောင်းအရာများ ပါဝင်ပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်မှသာလျှင် ယခုကိစ္စများ ငြိမ်းနိုင်မည် ဖြစ်ကြောင်းလည်း ထည့်သွင်း ဖော်ပြထားခဲ့သည်။
““မန္တလေးကိစ္စမှာလည်း ပဋိပက္ခတွေ နောက်ထပ် မဖြစ်အောင်လို့ အများကြီး အရေးကြီးတယ်။ အဖွဲ့ချုပ်က ကြေညာချက် ထုတ်တယ်။ ထုတ်ထုတ်ချင်း အတုထွက်လာတယ်။ အဲဒီကတည်းက ဒါဘာသာရေးကို နိုင်ငံရေးမှာ သုံးနေပြီလားဆိုတာ အဖွဲ့ချုပ်အနေနဲ့ အရမ်းကြီး စဉ်းစားရမယ့်ကိစ္စ ဖြစ်လာတယ်။ အစတုန်းက လူများတွေက ဒီလိုပြောလို့ရှိရင် အဖွဲ့ချုပ်က ၀င်မပြောပါဘူး။ တတ်နိုင်သမျှ ဒါတွေ မဖြစ်အောင်လို့တော့ ဟိုဘက်ဒီဘက် မျှမျှတတ ဖြစ်အောင်လို့တော့ လုပ်တယ်။ ဒါပေမဲ့ အခုဟာက အားလုံး အဆင်ပြေဖို့အတွက် ကြေညာချက် ထုတ်တာကို ဘာသာရေး အသွင်ဆောင်တဲ့ အတုပေါ့နော်။ ကြေညာချက်အတု ထုတ်တယ် ဆိုတော့ ဒါဘယ်သူ ထုတ်တာလဲ မသိဘူး။ ဒါကတော့ အဖွဲ့ချုပ်ရဲ့ကြေညာချက်ကို အတုလုပ်တယ်ဆိုတော့ ဒါနိုင်ငံရေး တိုက်ခိုက်မှုတစ်ခုပဲ”” ဟု ကြေညာချက်အတု ထွက်ပေါ်ပြီးနောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင် ၄ ရက်တွင် သတင်းမီဒီယာများသို့ ပြောကြားသည်။
ထိုသို့ ကြေညာချက်အတု ပြုလုပ်ခြင်းမှာ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၄၁၇၊ အီလက်ထရွန်နစ် ဆက်သွယ် ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၄ (က) တို့နှင့် ငြိစွန်းနေခြင်း၊ ပြည်သူလူထု ထင်ယောင်ထင်မှား ဖြစ်စေရန် ဆောင်ရွက်ခြင်းသည် ဥပဒေနှင့် ငြိစွန်းသည်မှာ ထင်ရှားသည့်အတွက် အာဏာပိုင်များက လျင်မြန်စွာ စုံစမ်း ဖော်ထုတ်၍ ထိထိရောက်ရောက် အရေးယူရန် တာဝန်ရှိကြောင်း NLD ၏ ဇူလိုင် ၇ ရက် ထုတ်ပြန်ချက်၌ ပါရှိသည်။
ယခုဖြစ်ပွားခဲ့သည့် မန္တလေး ပဋိပက္ခဖြစ်မှု၌ လုံခြုံရေးအဖွဲ့ဝင်များ ရှိသော်လည်း ပြဿနာများ မဖြစ်ပွားအောင် ထိန်းသိမ်းနိုင်ခြင်း မရှိကြောင်း၊ ဒေသခံ မဟုတ်သော မည်သူမည်ဝါမှန်း မသိသည့် လူများ မော်တော်ဆိုင်ကယ် များဖြင့် ရောက်လာခြင်း၊ ပဋိပက္ခအများစုမှာ နေ့အချိန်ထက် ညအချိန်များတွင် ဖြစ်ပွားနေခြင်း မှာလည်း သွေးရိုး သားရိုး မဟုတ်သည်မှာ ထင်ရှားကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ယခုဖြစ်စဉ်များမှာ ၂၀၁၃ ခုနှစ် မိတ္ထီလာမြို့တွင် ဖြစ်ပွား ခဲ့သော ဖြစ်စဉ်များနှင့် ဆင်တူ ယိုးမှား ရှိနေကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြ ထားသည်။
မန္တလေးပဋိပက္ခ ဖြစ်စဉ်အတွင်း တာဝန်ရှိသူများက မထိန်းသိမ်းခြင်းအပေါ် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် မန္တလေးတိုင်း အုပ်ချုပ်ရေးအဖွဲ့မှ NLD တိုင်းစည်းရုံးရေး အဖွဲ့အား ခေါ်ယူသတိပေးခြင်း၊ ““ပန်းရဲ့လမ်း”” ဂီတ ဖျော်ဖြေရေးများကို ဟန့်တားခြင်း ပြုလုပ်ခဲ့သော်လည်း ဇူလိုင် ၁ ရက်မှစ၍ လမ်းမပေါ်တွင် လူစုလူဝေးနှင့် အကြမ်းဖက်အုပ်စု၏ လှုပ်ရှားမှုများကိုမူ ထိရောက်စွာ ထိန်းသိမ်းခြင်း မရှိကြောင်း နှိုင်းယှဉ် ဖော်ပြထားသည်။
အဆိုပါ ပဋိပက္ခများနှင့် ပတ်သက်၍ သံသယရှိသူ ၁၆ ဦးနှင့် ညမထွက်ရ အမိန့် မလိုက်နာသူ ၃၄၆ ဦးကို ဖမ်းဆီး အရေးယူထားကြောင်း အစိုးရက ထုတ်ပြန် ထားသော်လည်း ပဋိပက္ခ ဖြစ်ပွားစေရန်အတွက် လူမှု ကွန်ရက်များတွင် လှုံ့ဆော်နေသူများကိုမူ ဖမ်းဆီးအရေးယူခြင်း မရှိသေးပေ။ ပုဒ်မ ၁၄၄ မလိုက်နာသူ ၃၄၆ အနက် ၁၄၅ ဦးကိုမူ ပညာပေး ကိုယ်တိုင် ခံဝန်ချက်ဖြင့် လွှတ်ပေးခဲ့ပြီးဖြစ်ကာ ၁၈၈ ဦးကိုမူ ဆက်လက် အရေးယူထားဆဲ ဖြစ်သည်။
ယခုကဲ့သို့ ပဋိပက္ခများ ဖြစ်ပေါ်လာခြင်းမှာ ပြည်သူလူထုအား အာရုံလွှဲစေရန်အတွက် လုပ်ဆောင်နေခြင်း ဖြစ်ပြီး NLD နှင့် ၈၈ မျိုးဆက်(ငြိမ်း/ပွင့်)တို့ ပူးပေါင်း လုပ်ဆောင်နေသည့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လှုပ်ရှားမှုအား တန်ပြန် တိုက်ခိုက်နေခြင်း ဖြစ်ကြောင်းလည်း သုံးသပ်မှုများ ရှိသည်။
ဩ““ပဋိပက္ခ ဖန်တီးပြီး ပြည်သူလူထုကို အာရုံပြောင်းအောင် လုပ်တတ်တဲ့ ဆိုက်ဝါး အသွင်လှုပ်ရှားမှု ဖြစ်နိုင် ပါတယ်။ ဒီချုပ်ရဲ့ ၄၃၆ ပြင်ဆင်ရေး လုပ်ငန်းစဉ်တွေကို အဟန့်အတား ဖြစ်အောင် လုပ်တဲ့သဘောလည်း ဖြစ်နိုင်ခြေ ရှိပါတယ်”” ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက မြန်မာသံတော်ဆင့်သို့ သုံးသပ် ပြောဆိုသည်။
ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍ အချို့သောသူများမှာ လူမျိုးရေးနှင့် ဘာသာရေး အဓိကရုဏ်း ပိုမို ပြင်းထန် လာစေနိုင်သည့် လွန်လွန်ကျူးကျူး ရေးသားချက်များအား လူမှုကွန်ရက်ပေါ်၌ မိမိ၏ရုပ်ပုံ အမှန်ဖြင့် ပေါ်ပေါ် ထင်ထင် ရေးသားမှုများ ရှိသလို အကောင့်အတုများဖြင့် ဘာသာရေး၊ လူမျိုးရေး မုန်းတီးမှုများ ပိုမိုဆိုးရွားစေရန် ရေးသားမှုများလည်း ရှိသည်။
သမ္မတ ဦးသိန်းစိန်ကလည်း ဇူလိုင် ၇ ရက်တွင် ပြောကြားခဲ့သည့် မိန့်ခွန်း၌ ““မီဒီယာလွတ်လပ်မှုကို တိုင်းပြည် အကျိုး ဖြစ်စေမယ့် ရေးသားပြောဆို မှုအစား နိုင်ငံတော် လုံခြုံရေးအတွက် အန္တရာယ် ပေးလာပါက တည်ဆဲ ဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း”” သတိပေး ပြောကြား ထားသည်။
သို့သော်လည်း အွန်လိုင်း စာမျက်နှာများ၌ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ပိုမို ပြင်းထန်လာစေရန် လှုံ့ဆော် ရေးသားနေမှုများကိုမူ အစိုးရ အနေဖြင့် ဖော်ထုတ်အရေးယူ ဆောင်ရွက်ခြင်း မရှိသည့် အပေါ်၌လည်း ဝေဖန်မှုများရှိသည်။
လူမှုကွန်ရက် ဖေ့စ်ဘုတ်မှ တစ်ဆင့် လှုံ့ဆော်မှုများ၊ သွေးထိုးမှုများ မဖြစ်စေရန်အတွက် မြန်မာနိုင်ငံရှိ ဖေ့စ်ဘုတ် ကွန်ရက်ကို ခေတ္တခဏ ပိတ်ထားခဲ့ခြင်းများ ရှိခဲ့ပြီး ““လှုံ့ဆော်မှုတွေကို ပိတ်ချင်တာပေါ့ဗျာ။ လှုံ့ဆော်မှုတွေ၊ သွေးထိုးမှုတွေ၊ နားစွန်နားဖျားကြားမှုတွေ အကုန်လုံးကို လုပ်နေတဲ့အခါကျတော့ လူအုပ်စု အချင်းချင်း ကြားထဲမှာ၊ မိမိတို့ရဲ့ အဖွဲ့အစည်းကြားထဲမှာ အမုန်းဓာတ်ခံတွေကို လှုံ့ဆော်ပေးနေသလိုမျိုး ဖြစ်နေတဲ့အတွက် မိမိရဲ့စာတစ်ကြောင်း၊ ပေတစ်ကြောင်းသည် ဒါဟာ ကြီးမားတဲ့ ပဋိပက္ခကြီးတစ်ခုကို ဦးတည် စေတယ်”” ဟုလည်း ရဲမှူးချုပ်ဝင်းခေါင်က ထိုင်းနိုင်ငံအခြေစိုက် ဧရာဝတီ သတင်းဌာနသို့ ဖြေကြားခဲ့ဖူးသည်။
သို့သော် ယခုကဲ့သို့ လူမှုကွန်ရက်အား ပိတ်ပစ်ခြင်းမှာ အနာနှင့်ဆေး မတည့်ဖြစ်သည့် လုပ်ရပ်ဟု ပြည်သူများ အကြား ဝေဖန်လျက်ရှိပြီး ထိုကဲ့သို့ လှုံ့ဆော်ရေးသားမှုများ၊ ရေးသားသူများကို ရှာဖွေဖော်ထုတ် အရေးယူရန် သာ အဓိကဖြစ်သည်ဟု သုံးသပ်လျက် ရှိသည်။
““ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ရင် အဓိက တာဝန်ရှိတာက သမ္မတနဲ့ အစိုးရအဖွဲ့ပါ။ တရားဥပဒေ စိုးမိုးအောင်၊ တည်ငြိမ် အေးချမ်းအောင်၊ ပဋိပက္ခကို ပြေငြိမ်းအောင် မလုပ်နိုင်ရင် သမ္မတနဲ့ အစိုးရအဖွဲ့၊ အစိုးရကို ဖွဲ့စည်းတဲ့ ပြည်ခိုင်ဖြိုး ပါတီတို့မှာ တာဝန်ရှိမှာပါ။ ၂၀၁၅ ခုနှစ်ထဲမှာ အခြေအနေတွေ ရှုပ်ထွေးနိုင် ခြေရှိပေမယ့် မဖြစ်အောင် ထိန်းနိုင်ဖို့က အစိုးရနဲ့ အာဏာရ ပြည်ခိုင်ဖြိုး ပါတီမှာ အဓိက တာဝန်ရှိပါတယ်”” ဟု နိုင်ငံရေး လေ့လာ သုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက ပြောသည်။
ယခင်ကလည်း အစိုးရအား အွန်လိုင်းမှတစ်ဆင့် ထိုးနှက် တိုက်ခိုက်မှုများအား လွှတ်တော်၌ပင်လျှင် ကော်မတီဖွဲ့ရန် အဆိုတင်သွင်းကာ အရေးယူရန် ပြုလုပ်ခဲ့ဖူးသည်။
ဒေါက်တာဆိတ်ဖွားဆိုသူ၏ ဘလော့ဂ်စာမျက်နှာ၌ ““ဥပဒေ အထက်တွင် လွှတ်တော်ရှိသည်”” ဟုရေးသား ခဲ့မှုအား လွှတ်တော်တွင် ကော်မရှင် ဖွဲ့အရေးယူရန် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစိုးရင်က ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၁၇ ရက်တွင် ပြုလုပ်သည့် လွှတ်တော် အစည်းအဝေး၌ အရေးကြီး အဆိုအဖြစ် တင်သွင်း ခဲ့ဖူးသည်။ ယင်းသို့ ကော်မရှင်ဖွဲ့ အရေးယူရန် လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်ရာ၌ ထောက်ခံမဲ ၃၄၇ မဲ၊ ကန့်ကွက်မဲ ၁၅၇ မဲဖြင့် အတည်ပြု ပေးခဲ့သည်။
ယင်း ဒေါက်တာဆိတ်ဖွား ဆိုသူမှာ အစိုးရ၏ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီး ပြည်တွင်း မီဒီယာသမား အချို့ကိုလည်း စုံစမ်းရေး ကော်မရှင်က ခေါ်ယူ စစ်ဆေးမှုများ ပြုလုပ်ခဲ့သေးသည်။ ဒေါက်တာ ဆိတ်ဖွားဆိုသူမှာ မိမိ မဟုတ်ကြောင်း ဦးရဲထွဋ်က မီဒီယာများသို့ ငြင်းချက် ထုတ်ခဲ့ပြီး နောက်ပိုင်း တရားခံ မပေါ်ဘဲ အဆိုပါကိစ္စ မှေးမှိန်ခဲ့သည်။
ယခုအချိန်တွင်လည်း လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ဖြစ်ပေါ်စေရန်အတွက် လူမှုကွန်ရက်များအတွင်း လှုံ့ဆော် ရေးသားနေမှုများမှာ အန္တရာယ်ကြီးသော လုပ်ရပ်ဖြစ်ကြောင်းကို ““ဘာသာရေးကို သုံးပြီး နိုင်ငံရေး လုပ်နေတာကတော့ ဒါ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့လည်း မကိုက်ညီဘူး။ လုပ်လည်း မလုပ်အပ်တဲ့ ကိစ္စလည်း ဖြစ်တယ်။ နောင်အန္တရာယ်တွေလည်း အများကြီးဖြစ်နိုင်တယ်”” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင် ၄ ရက်တွင် သတင်းမီဒီယာများသို့ ပြောကြားသည်။
သို့သော် လက်ရှိ ဖြစ်ပျက်နေသည့် ပဋိပက္ခများနှင့် NLD ကြေညာချက် အတုများ ဖြန့်ဝေမှုများနှင့် ပတ်သက်၍ ““ကြေညာချက်အတု လုပ်တာကတော့ တော်တော် အောက်တန်းကျတဲ့၊ သူရဲဘောကြောင်တဲ့ လုပ်ရပ်လို့ သတ်မှတ် နိုင်ပါတယ်။ ဒီချုပ်ကို နိုင်ငံရေး အကျပ်အတည်းတစ်ခုထဲ ရောက်အောင် တွန်းပို့တာပါ။ ဒီချုပ်နဲ့ ပြိုင်ဘက် အစုအဖွဲ့တွေရဲ့ လုပ်ရပ်လည်း ဖြစ်နိုင်ပါတယ်””ဟု ဒေါက်တာ ရန်မျိုးသိမ်းက သုံးသပ်သည်။
အောင်ထွန်းလင်း