အားလုံးအပေါ် အမုန်းပွားအောင် ၉၆၉ မီဒီယာထောင်ပြီး အဖွဲ့လိုက် စနစ်တကျ လုပ်နေတဲ့ အရှင်ဝီရသူ၊ အစ္စလာမ် ဘာသာဝင်တွေကို အကြမ်းဖက်တာမှန်တယ် ဆိုပြီး ဖေ့ဘုတ် လူမှုကွန်ယက် စာမျက်နှာကနေ တဆင့် လူတွေကို အကြမ်းဖက်ဖို့ လှုံ့ဆော်နေတဲ့ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ ခေါင်းဆောင် ဦးနေမျိုးဝေ၊ မဘသ အဖွဲ့ကြီးအတွက် မျိုးစောင့်ဥပဒေ ပေါ်ပေါက်လာရေး လိုက်လံ ဟောပြောရင်း အမုန်းစကားတွေကို တွင်တွင်ကြီး ဖြန့်ဖြူးနေတဲ့ ဓမ္မာစက္ကဦးမောင်မောင် နဲ့ ရှေ့နေဦးအေးပိုင် စသဖြင့် ရဟန်းသံဃာ တစ်ချို့နဲ့ လူပုဂ္ဂိုလ် တစ်ချို့ကို မြင်တွေ့နေကြရပါတယ်။ပီးခဲ့တဲ့ ဇူလိုင် ၇ ရက်နေ့က သမ္မတ ဦးသိန်းစိန်ဟာ မန္တလေး အကြမ်းဖက်မှုနဲ့ ပါတ်သက်ပြီး အရေးပေါ် ကြားဖြတ် မိန့်ခွန်းတစ်ခု ပြောပါတယ်။ မိန့်ခွန်းရဲ့ ဆိုလိုရင်းကတော့ အမုန်းတရား ဖြန့်ဖြူးသူတွေ၊ ပဋိပက္ခဖြစ်အောင် သွေးထိုးလှုံ့ဆော် ဖန်တီးသူတွေကို ပြတ်ပြတ်သားသားကိုင်တွယ်ပြီး ပြင်းပြင်းထန်ထန် အရေးယူမယ့် သဘောပြောသွားတာပါ။ မိန့်ခွန်းထဲမှာ ခုလို စာသား တစ်ခွန်းပါဝင်ပါတယ်။ “ အခု မန္တလေးမြို့မှာ လတ်တလောဖြစ်ပွားခဲ့တဲ့ ပဋိပက္ခများဟာ လူတစ်စု၊ အဖွဲ့အစည်းတစ်ခုက ရည်ရွယ်ချက်ရှိရှိနဲ့ တမင်ဖန်တီးလုပ်ဆောင်ခြင်းဖြစ်ကြောင်း ရှင်းလင်းစွာမြင်တွေ့ရမှာဖြစ်ပါတယ်” ။ ဒီမှာ မေးစရာ မေးခွန်းက အဲဒီ နောက်ကွယ်က လူတစ်စု အဖွဲ့အစည်းတစ်ခုခု ဆိုတာ ဘယ်သူတွေလဲ ဆိုတာပါ။ ဒါနဲ့ ပါတ်သက်ပြီး အမျိုးသားလွှတ်တော် အမတ်တစ်ယောက်လည်းဖြစ်၊ ပြည်ခိုင်ဖြိုးပါတီဝင် လည်းဖြစ်၊ ကေအိုင်အေ တပ်ဖွဲ့ကို ငြိမ်းချမ်းရေးအတွက် ရွှေလက်နဲ့ ခေါ်လဲမလာ၊ ငွေလက်နဲ့ ခေါ်လဲ မလာရင် ဘူးလက် (ကျည်ဆံ) ပဲ ပေးလိုက်မယ် ဆိုတဲ့ စကားနဲ့ နာမည်ကြီးလာတဲ့ ဦးလှဆွေကတော့ အကြမ်းဖက်မှုတွေ နောက်ကွယ်က လူနဲ့ အဖွဲ့အစည်းတွေကို သူသိတယ် ဆိုပြီး သတင်းမီဒီယာတွေကို ထုတ်ဖော်ပြောဆိုလာပါတယ်။ သူ ဘာတွေ ပြောခဲ့သလဲ၊ သူပြောတာတွေ ဖြစ်နိုင်မလား ဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။
တကယ်တော့ ရခိုင်ကနေ စလိုက်တဲ့ ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုတွေဟာ မိတ္တီလာ၊ ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုး၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း အခုနောက်ဆုံး မန္တလေး မြို့တော်အထိ ဆက်တိုက် ဆိုသလို ဖြစ်ပွားခဲ့တာ အားလုံးသိကြပြီး ဖြစ်ပါတယ်။ ဖြစ်ပွားပြီးတိုင်းမှာလည်း သမ္မတ အပါအ၀င် တာဝန်ရှိသူတွေက နောက်ကွယ်မှာ ကြိုးကိုင်သူရှိနေတယ်၊ ဖော်ထုတ် အရေးယူမယ် လို့ ပြောဆိုခဲ့ပေမယ့် တစ်ကြိမ်တစ်ခါမှ ဖော်ထုတ် အရေးယူပြတာမျိုး မရှိခဲ့ပါဘူး။ အခု အဲဒီ နောက်ကွယ်က ကြိုးကိုင်သူ ဘယ်သူဆိုတာ ဦးလှဆွေက ပြောပါပြီ။ သူက ဆူပူမှုဖြစ်စေဖို့ နောက်ကွယ်ကနေ ကြိုးကိုင် လှုံ့ဆော်သူတွေဟာ အာဏာမရတဲ့ ပါတီနဲ့ အရင် အစိုးရလက်ထက်က နှိပ်ကွပ်ခံရတဲ့ ၀န်ထမ်းဟောင်းတွေနဲ့ မီဒီယာတွေ ဖြစ်နိုင်တယ် လို့ ဆိုပါတယ်။
ဆူပူမှုတွေ ဖြစ်လာရင် အများက လက်ရှိ အစိုးရ၊ တပ်မတော်၊ အာဏာရပါတီနဲ့ လက်ရှိ နိုင်ငံရေး အခင်းအကျင်းကို ဖော်ဆောင်ပေးခဲ့ကြတဲ့ ဗိုလ်ချုပ်ကြီးဟောင်းတွေပဲ လို့ စွတ်စွဲနေကြတဲ့အတွက် တကယ့်တကယ် ဖန်တီးသူတွေဟာ အဲဒီ အဖွဲ့တွေနဲ့ မတည့်တဲ့ အာဏာမရတဲ့ ပါတီနဲ့ နှိပ်ကွပ်ခံရတဲ့သူတွေကသာ ဆူပူမှု ဖြစ်စေဖို့ လှုံ့ဆော်တာ ဖြစ်နိုင်တယ်လို့ ဦးလှဆွေက ပြောပါတယ်။ သူပြောတဲ့ စကားလုံး အတိအကျကတော့ ‘‘ဒီလေးဖွဲ့က မလုပ်ဘူးဆို တာ ဘာကြောင့်လဲဆိုရင် ဒီတိုင်းပြည်ကြီး ငြိမ်နေမှ ဒီလေးဖွဲ့က အေးအေးဆေးဆေး နေရမှာ။ ၂၀၁၅ မှာ အာဏာရဖို့ မရဖို့ လည်း ပူစရာမလိုဘူး။ ၂၀၁၅ မှာ ၂၆ ရာခိုင်နှုန်းနိုင်ရင် ကြံ့ခိုင်ရေးက သမ္မတဖြစ်မှာ။ ဒီတော့ ပူ စရာရှိတဲ့သူတွေက ပူတာ။ ပူစရာ ရှိတဲ့သူတွေကသာ ဆူနေတာ ” လို့ စွတ်စွဲပါတယ်။ ဦးလှဆွေက အတိအကျ နာမည် မတပ်ပေမယ့် သွယ်ဝိုက်ပြီး စွတ်စွဲလိုက်သူတွေကတော့ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ စစ်ထောက်လှမ်းရေး ဟောင်းတွေကိုပါ။
ပြောရရင် ဖြစ်ပွားခဲ့ပြီးတဲ့ ဘာသာရေး၊ လူမျိုးရေး ဆန်တဲ့ အကြမ်းဖက်တွေနဲ့ ပါတ်သက်ပြီး နောက်ကွယ်မှာ ကြိုးကိုင်သူတွေ ရှိနေတယ် ဆိုပြီး ပြောနေသူတွေဟာ သမ္မတဦးသိန်းစိန် နဲ့ အစိုးရ တာဝန်ရှိသူတွေပါ။ အခုနောက်ဆုံး ဖြစ်စဉ်မှာဆိုရင် လွှတ်တော် နာယက သူရဦးရွှေမန်း၊ မန္တလေးတိုင်း ၀န်ကြီးချုပ် ဦးရဲမြင့်နဲ့ ပြသနာကို ကိုင်တွယ်တဲ့ တိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူတွေကလည်း အလားတူ စကားမျိုးပြောကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အတိုက်အခံ အင်အားစုတွေဘက်ကရော၊ သတင်းမီဒီယာတွေကပါ နောက်ကွယ်ကလူတွေ ဘယ်သူတွေဖြစ်နိုင်တယ် ဆိုပြီး ပြောဆို စွတ်စွဲတာမျိုး မလုပ်ခဲ့ကြပါဘူး။
ဖြစ်ပွားခဲ့တဲ့ ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းမှုတွေရဲ့ ရေခံမြေခံဟာ အမုန်းတရား ဖြန့်ဖြူးမှုတွေဖြစ်ပြီး အဲဒီ အမုန်းတရား ဟောပြောသူ၊ ဖြန့်ဖြူးသူ တစ်ချို့ကိုတော့ ပြည်သူတွေက မျက်ဝါးထင်ထင် မြင်တွေ့နေခဲ့ရတာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် အစ္စလာမ် ဘာသာဝင် တစ်ချို့ရဲ့ မုဒိန်းမှုတွေကို ရွေးချယ် စုံစမ်းထောက်လှမ်း ဖော်ထုတ်ပြီး အစ္စလာမ် ဘာသာဝင် အားလုံးအပေါ် အမုန်းပွားအောင် ၉၆၉ မီဒီယာထောင်ပြီး အဖွဲ့လိုက် စနစ်တကျ လုပ်နေတဲ့ အရှင်ဝီရသူ၊ အစ္စလာမ် ဘာသာဝင်တွေကို အကြမ်းဖက်တာမှန်တယ် ဆိုပြီး ဖေ့ဘုတ် လူမှုကွန်ယက် စာမျက်နှာကနေ တဆင့် လူတွေကို အကြမ်းဖက်ဖို့ လှုံ့ဆော်နေတဲ့ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ ခေါင်းဆောင် ဦးနေမျိုးဝေ၊ မဘသ အဖွဲ့ကြီးအတွက် မျိုးစောင့်ဥပဒေ ပေါ်ပေါက်လာရေး လိုက်လံ ဟောပြောရင်း အမုန်းစကားတွေကို တွင်တွင်ကြီး ဖြန့်ဖြူးနေတဲ့ ဓမ္မာစက္ကဦးမောင်မောင် နဲ့ ရှေ့နေဦးအေးပိုင် စသဖြင့် ရဟန်းသံဃာ တစ်ချို့နဲ့ လူပုဂ္ဂိုလ် တစ်ချို့ကို မြင်တွေ့နေကြရပါတယ်။ အဲဒီ သံဃာနဲ့ လူပုဂ္ဂိုလ်တွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ ကို ထောက်ခံသူတွေ မဟုတ်ရုံမက ဆန့်ကျင်ဘက် စကားတွေ ပြောကြတဲ့ မှတ်တမ်းတွေ အခိုင်အမာ ရှိပါတယ်။ ဒီအထဲ ရခိုင်ပြည်နယ် အကြမ်းဖက်မှု ဖြစ်စဉ်မှာ အစိုးရ ပြန်ကြားရေး ၀န်ကြီးဌာနက ထုတ်တဲ့ သတင်းစာတွေမှာတောင် အမုန်းတရား ဖြစ်စေတဲ့ သတင်းတွေ ရေးသားဖော်ပြခဲ့တာတောင် တွေ့မြင်ကြရပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်၊ အင်န်အယ်လ်ဒီ နဲ့ သတင်းမီဒီယာတွေဟာ သူတို့ မဖော်ထုတ်နိုင်တဲ့ နောက်ကွယ်က ကြိုးကိုင်သူ ဘယ်သူတွေ ဖြစ်တယ်ဆိုတာ ဘယ်တုန်းကမှ စွတ်စွဲပြောဆိုတာမျိုး မလုပ်ခဲ့ကြပါဘူး။ အဓိက ပြောဆို၊ ဝေဖန် ထောက်ပြတာကတော့ ဒီ ပြသနာကို ဖြေရှင်းပေးဖို့၊ နောက်တစ်ကြိမ် ထပ်မဖြစ်အောင် ထိန်းသိမ်းပေးဖို့ တိတိကျကျ တာဝန်ရှိတဲ့ သမ္မတ နဲ့ ပြည်ထဲရေးဝန်ကြီးဌာန ကိုသာ “နောက်ကွယ်က လူတွေ ရှိတယ်ဆိုရင် တိတိကျကျ ဖော်ထုတ်ပေးပါ” “ နောက်ထပ် ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုတွေ မဖြစ်ပွားလာရလေအောင် အမုန်းတရား ဖြန့်ဖြူးနေတာတွေကို အရေးယူပေးပါ၊ ရပ်တန့်အောင် လုပ်ပေးပါ” ဆိုပြီး တောင်းဆိုတာသာ ရှိခဲ့ပါတယ်။
အမုန်းတရား ဖြန့်ဖြူးတာနဲ့ ပါတ်သက်ပြီး သမ္မတ ဦးသိန်းစိန်က အရေးယူကိုင်တွယ်ပါ့မယ် ပြောလိုက်၊ ကာကွယ်ရမယ် ဆိုလိုက်၊ နောက်တစ်ခါ ပြည်သူတွေ ကိုယ့်ဖာသာကိုယ် ဖြေရှင်းရမယ် ပြန်ပြင်ပြောလိုက်၊ အခုနောက်ဆုံး ပြင်းပြင်းထန်ထန် အရေးယူရမယ် သတိပေးလိုက်နဲ့ အမျိုးမျိုး ပြောဆိုမှုတွေသာ ရှိခဲ့ပြီး အားလုံး လေထဲ ပျောက်ကွယ်သွားခဲ့ရတာချည်း ဖြစ်ပါတယ်။ ကတိမတည်တဲ့ သမ္မတ၊ ကိုယ်ပြောသလို ကိုယ် မလုပ်နိုင်တဲ့ သမ္မတ လို့တောင် မှတ်ချက်ချနိုင်ပါတယ်။ ဒါကို တကယ်ကိုင်တွယ်ရမယ့် ပြည်ထဲရေး ၀န်ကြီးဌာနကို အမိန့်ပေး ညွှန်ကြားဖို့ သြဇာ မရှိဘူးလားလို့ မေးခွန်းထုတ်စရာတောင် ဖြစ်စေပါတယ်။
ဒီလောက်ဆို ပြသနာ ရှင်းလောက်ပါပြီ။ ဦးလှဆွေဟာ အမျိုးသားလွှတ်တော် အမတ်တစ်ယောက်ပါ။ စကားဆိုတာ အထောက်အထားနဲ့ တည်တည်ကြည်ကြည် ပြောဖို့ သင့်ပါတယ်။ ဒါပေမယ့် အခုပြောနေဆိုနေတာတွေဟာ အမတ်တစ်ယောက်ရဲ့ ဂုဏ်သိက္ခာနဲ့ မညီသလိုတောင် တွေ့မြင်ရပါတယ်။ ဒါကလည်း ထူးဆန်းတယ် မဆိုသာပါဘူး။ ဦးလှဆွေဟာ အရင် စစ်အာဏာရှင်တွေက စိတ်ကြိုက် ဖန်တီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲကနေ တက်လာတဲ့ အမတ်ဖြစ်လေတော့ တကယ့် ပြည်သူ့ကိုယ်စားလှယ် စစ်စစ်ပါဆိုပြီး ပြောဖို့ခက်ပါတယ်။ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲဟာ တရားမျှတမယ်၊ အားလုံးပါဝင်ကြမယ်၊ အဲဒီရွေးကောက်ပွဲမှာ ဦးလှဆွေခေါ် ဘူးလက်လှဆွေ ပြန်အရွေးခံရရင်တော့ တကယ့် ပြည်သူ့ကိုယ်စားလှယ်အဖြစ် အသိအမှတ် ပြုနိုင်ပါတယ်။ လက်ရှိ ဦးလှဆွေရဲ့ ပြောစကားတွေကတော့ အထောက်အထားမဲ့၊ အဆက်အစပ်မဲ့ ၊ မဟုတ်မမှန် လုပ်ကြံ ဖန်တီး စွတ်စွဲမှုတွေလို့သာ မှတ်ယူရမှာဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
စည်သူအောင်မြင့်။