မြန်မာငြိမ်းချမ်းရေးစင်တာမှာ သမ္မတနဲ့ ရုပ်ရှင်ဂီတသဘင်လောကသားတွေ တွေ့ဆုံမှုကို သတင်းမယူဘဲ ဆန္ဒပြလိုက်တာဟာ နိုင်ငံတကာက သတင်းထောက်တွေမှာတောင် ဒီလိုစိတ်ဓာတ်မျိုး မတွေ့ရဘူးလို့ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောလိုက်ပါပြီ။ မီဒီယာသမားတွေကိုထိရင် သူပါ ထိခိုက်သလို ခံစားရတယ်လို့ ဘာ့ကြောင့်ပြောတာလဲ။
ပြီးခဲ့တဲ့ ဇူလိုင် ၁၂ရက်နေ့က ဦးသိန်းစိန်နဲ့ အနုပညာလောကသားတွေ တွေ့ဆုံမှုကို သတင်းမယူဘဲ ဆန္ဒပြတာဟာ ထိရောက်မှုရှိတယ်လို့ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမင်းကိုနိုင်က ပြောပါတယ်။ ပုဒ်မ ၁၈ကို နိုင်ငံရေးပုဒ်မဆိုတဲ့ ခေါင်းစဉ်အောက် ထည့်ထည့်မထည့်ထည့် နိုင်ငံရေးအရ ဖြစ်တာအားလုံးကို အလေးအနက်ထားရမယ်လို့ သူက ဆိုပါတယ်။
သတင်းသမားတွေကို ပုဒ်မ ၁၈နဲ့ အရေးယူတဲ့ကိစ္စကို သူ့အနေနဲ့ ခြိမ်းခြောက်မှုအဖြစ် ယူဆပြီး ဒီမိုကရေစီကို မြတ်နိုးသူချင်းအတူတူ မတူကွဲပြားတဲ့ကိစ္စတွေမှာ ငြင်းခုံတာတွေရှိပေမယ့် မီဒီယာသမားတွေကို တစ်စိတ်တစ်ပိုင်းလောက် ထိခိုက်လာရင် သူပါထိခိုက်သလို ခံစားရတယ်လို့ ပြောပါတယ်။
ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီး ၂၆နှစ်ပြည့် အခမ်းအနားကို ကျင်းပဖို့ ကြိုတင်ညှိနှိုင်းတဲ့ အစည်းအဝေးကို ဇူလိုင် ၁၆ရက်နေ့က ကျိုက္ကဆံ ဓမ္မပိယရိပ်သာများ ပြုလုပ်ခဲ့ပါတယ်။ ဓမ္မပီယကျောင်းမှာပဲ နှစ်ပတ်လည်အခမ်းအနားကို ကျင်းပမှာဖြစ်ပြီး ကျင်းပရေးအတွက် ကော်မတီ ၅ခု ဖွဲ့စည်းထားပြီး ရန်ပုံငွေ ကောက်ခံမှု မရှိဘူးလို့ ဦးမြင့်အောင်က ပြောပါတယ်။