Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

မလေးရှားလေကြောင်းလိုင်း လေယာဉ်ပစ်ချခံရမှုနှင့် ပတ်သက်၍ တစ်ကမ္ဘာလုံး ဒေါသအကြီးအကျယ်ထွက်နေ

$
0
0
မလေးရှားလေကြောင်းလိုင်း လေယာဉ်ပစ်ချခံရမှုနှင့် ပတ်သက်၍ ဇူလိုင် ၁၈ ရက်၌ ကမ္ဘာတစ်ဝန်းလုံးက အကြီးအကျယ် ဒေါသထွက်လျက်ရှိရာ အမေရိကန်က ကြန့်ကြာမှုမရှိစေဘဲ နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုတစ်ရပ် ပြုလုပ်ရန် တောင်းဆိုလိုက်သည်။ မလေးရှား ခရီးသည်တင်လေယာဉ်သည် ခွဲထွက်ရေးသမားများ ထိန်းချုပ်ထားသော ယူကရိန်းအရှေ့ပိုင်းတွင် ဒုံးကျည်ဖြင့်ပစ်ချခံခဲ့ရသည်ဟု ယူဆရပြီး လေယာဉ်ပေါ်တွင် ပါရှိသည့် လူပေါင်း ၂၉၈ ဦးစလုံး အသက်ဆုံးရှုံးခဲ့ရသည်။

မလေးရှားလေကြောင်းလိုင်းမှ ဘိုးရင်း ၇၇၇ လေယာဉ်သည် ဇူလိုင် ၁၇ ရက်က တိုက်ပွဲဖြစ်ပွားနေသော နယ်မြေအတွင်းရှိ ပြောင်းဖူးခင်းထဲသို့ ပျက်ကျခဲ့ပြီး ဒုံးကျည် ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု အမေရိကန်က အခိုင်အမာ ပြောကြားခဲ့သည်။ ယူကရိန်းအစိုးရက ယင်းကို ရုရှားလိုလားသော ခွဲထွက်ရေးသမားများ၏ အကြမ်းဖက်လုပ်ရပ်ဟု စွပ်စွဲခဲ့ပြီး စစ်အေးခေတ်နောက်ပိုင်း အရှေ့နှင့်အနောက် အဆိုးရွားဆုံး ပဋိပက္ခဖြစ်ရန် ထပ်မံမီးမွှေးပေးခဲ့သည့် ယင်းကိစ္စကို စုံစမ်းမှု အပြည့်အစုံပြုလုပ်ရန် ကမ္ဘာ့ခေါင်းဆောင်များက တောင်းဆိုခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းအစိုးရ၏ ခွဲထွက်ရေးသူပုန်များကို နှိမ်နှင်းမှုက တင်းမာမှုများကို မြင့်တက်စေခဲ့ပြီး ယခုလေယာဉ်ပျက်ကျမှုဆီသို့ ဦးတည်သွားစေခဲ့သည်ဟု ပြောကြားမှုအား အိမ်ဖြူတော်က ပြန်လည်တုံ့ပြန်ခဲ့သည်။

“ကျွန်တော်တို့ အချက်အလက်အားလုံးကို မရသေးပေမယ့် ဒီလေယာဉ်ပျက်ကျမှုဟာ ယူကရိန်းပဋိပက္ခနဲ့ ဆက်နွှယ်သိုင်းဝိုင်းပြီး ဖြစ်ပွားရတယ်ဆိုတာ သိပါတယ်။ အဲဒီယူကရိန်း ပဋိပက္ခဖြစ်ပွားအောင် ရုရှားက လက်နက်၊ ရုပ်ဝတ္ထုပစ္စည်းနဲ့ သင်တန်းပေးခြင်းတွေ အပါအဝင် ခွဲထွက်ရေးသမားတွေကို ထောက်ပံ့ပေးခဲ့တာပါ” ဟု အိမ်ဖြူတော်၏ ထုတ်ပြန်ချက်တစ်ရပ်၌ ဖော်ပြထားသည်။

အမ်စတာဒမ်မှ ကွာလာလမ်ပူသို့ ပျံသန်းလာသည့် မလေးရှားလေကြောင်းလိုင်း ခရီးစဉ်အမှတ် MH 17 ပစ်ချခံရမှုသည် လွန်ခဲ့သည့် လေးလအကြာက MH 370 လေယာဉ်ပျောက်ဆုံးမှုကြောင့် အကင်းမသေးသည့် ဒဏ်ရာကို ထပ်မံထိခိုက်မိသကဲ့သို့ ဖြစ်ခဲ့ရပြီး မလေးရှားနိုင်ငံနှင့် မလေးရှားလေကြောင်းလိုင်းအပေါ် ဒုက္ခဝန်ထုပ်ဝန်ပိုးအသစ် ထပ်မံကျရောက်စေခဲ့သည်။

MH 370 လေယာဉ်နှင့်အတူ ပျောက်ဆုံးသွားသူတို့၏ ဆွေမျိုးများက ယခု ယူကရိန်း၌ လေယာဉ်ပစ်ချ ခံရမှုသည် တိုက်ဆိုင်မှု သက်သက်မဟုတ်ဟု ပြောကြားခဲ့ပြီး မလေးရှားလေကြောင်းလိုင်းနှင့် မလေးရှား အစိုးရအပေါ် ဝေဖန်မှုများ ပိုမိုပြင်းထန်လာခဲ့သည်။ သူတို့က လေကြောင်းလိုင်းနှင့် အစိုးရတို့သည် အချက်အလက်များကို ထိန်ချန်ထားကြောင်းနှင့် စုံစမ်းစစ်ဆေးမှုကို ကိုင်တွယ်ရာတွင် ဆောင်ရွက်ပုံမှာ သံသယဖြစ်ဖွယ်ကောင်းကြောင်း ဝေဖန်ခဲ့ကြသည်။

ဒါဇင်နှင့်ချီသည့် ရုပ်ပျက်ဆင်းပျက် ဖြစ်နေသော အလောင်းများ၊ ခန္ဓာကိုယ် အစိတ်အပိုင်းများသည် ရုရှားနယ်စပ်အနီး ဂရာဘတ်ရွာရှိ မီးကျွမ်းထားသော အပျက်အစီးများတစ်ဝိုက် ပြန့်ကျဲလျက်ရှိသည်။ မလေးရှားလေကြောင်းလိုင်းက ပစ်ချခံလိုက်ရသည့် လေယာဉ်ပေါ်တွင် ခရီးသည် ၂၈၃ ဦးနှင့် လေယာဉ်ဝန်ထမ်း ၁၅ ဦး လိုက်ပါသွားကြောင်း ထုတ်ပြန်ခဲ့သည်။ ယင်းတို့ထဲတွင် နယ်သာလန်နိုင်ငံသား ၁၅၄ ဦး၊ မလေးရှားနိုင်ငံသား ၄၃ ဦး၊ ဩစတြေးလျနိုင်ငံသား ၂၈ ဦးနှင့် အင်ဒိုနီးရှားနိုင်ငံသား ၁၂ ဦးတို့ ပါဝင်ကြောင်း သိရသည်။ သေဆုံးသူများအနက် ၁ဝဝ ခန့်သည် ဩစတြေးလျနိုင်ငံတွင် ကျင်းပမည့် ကမ္ဘာလုံးဆိုင်ရာ AIDS ညီလာခံ တက်ရောက်မည့် ကိုယ်စားလှယ်များ ဖြစ်ကြောင်းလည်း သိရသည်။

အမေရိကန်က စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို အလျင်အမြန်ပြုလုပ်ရန် တောင်းဆိုထားသောကြောင့် အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ပြန့်ကျဲနေသော အပျက်အစီးများအကြားရှိ သက်သေခံ ပစ္စည်းများကို ခြေရာလက်ရာမပျက် ထားကြရန် သတိပေးခဲ့သည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း ဇူလိုင် ၁၈ ရက်တွင် အရေးပေါ် အစည်းအဝေးတစ်ရပ် ခေါ်ယူပြီး အဆိုပါ လေယာဉ်ပျက်ကျမှုကို ဆွေးနွေးခဲ့သည်။

စင်ကာပူနိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ပြီးပြည့်စုံပြီး ပွင့်လင်းမြင်သာသည့် စုံစမ်းစစ်ဆေးမှုတစ်ရပ် ပြုလုပ်ပေးရန် ကြေညာချက်တစ်ရပ် ထုတ်ပြန်ကာ တောင်းဆိုခဲ့သည်။ အင်ဒိုနီးရှားသမ္မတ ဆူစီလို ဘမ်ဘန်းယူဒိုရိုနိုက ရုပ်သံမိန့်ခွန်းတစ်ရပ်၌ ပြင်းထန်သော စကားလုံးများကို သုံးစွဲလျက် လေယာဉ်သည် စစ်ဘက်ဆိုင်ရာ လက်နက်များဖြင့် ပစ်ချခံရခြင်းဖြစ်ခဲ့ပါက ယင်းသည် နိုင်ငံတကာဥပဒေကိုသာမက စစ်ပွဲဆိုင်ရာဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရုရှားလိုလားသော သူပုန်အကြီးအကဲတစ်ဦးက သူ၏လူများသည် မလေးရှား လေကြောင်းလိုင်း ခရီးစဉ်အမှတ် MH 17 လေယာဉ်ကို ယူကရိန်းစစ်တပ်မှ သယ်ယူပို့ဆောင်ရေး လေယာဉ်နှင့် မှားယွင်းကာ ပစ်ချမိခြင်း ဖြစ်နိုင်ကြောင်း မှတ်ချက်ပေးခဲ့သည်။ သို့သော် ရုရှားသမ္မတ ဗလာဒီမာပူတင်က ယင်းလေယာဉ် ပျက်ကျမှုအတွက် ယူကရိန်း အစိုးရသာလျှင် အပြည့်အဝတာဝန်ရှိကြောင်း ပြောကြားခဲ့သည်။

မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက်က စုံစမ်းစစ်ဆေးမှုတစ်ရပ် ချက်ချင်းပြုလုပ်ရန် ကြေညာခဲ့ပြီးနောက် သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ရာတွင် “မလေးရှားအတွက် ကြေကွဲဖွယ် နှစ်တစ်နှစ်ဖြစ်ခဲ့ပြီးနှင့်တဲ့နောက် ဒါဟာ ကြေကွဲဖွယ်နေ့ တစ်နေ့ပါပဲ” ဟု ပြောကြားခဲ့သည်။ နာဂျစ်က ဘေးဒုက္ခတုံ့ပြန်ရေး အထူးကျွမ်းကျင် အဖွဲ့တစ်ဖွဲ့ကို ကိဗ်သို့စေလွှတ်လိုက်ပြီး ယူကရိန်းအာဏာပိုင်များကလည်း လေယာဉ်ပျက်ကျသည့် နေရာသို့သွားနိုင်ရန် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ စင်္ကြံလမ်းတစ်ရပ် ရရှိအောင် ကြိုးပမ်းပေးမည်ဟု သဘောတူထားကြောင်းလည်း ပြောကြားခဲ့သည်။

ယူကရိန်း ပဋိပက္ခဖြစ်ပွားပြီးနောက် လုံခြုံရေးစိတ်မချရသောကြောင့် အာရှုတိုက်မှ လေယာဉ်ပေါင်း များစွာတို့သည် ယူကရိန်းဝေဟင်ပိုင်နက်ကို ရှောင်ရှားခဲ့ကြသောကြောင့် မလေးရှားလေကြောင်းလိုင်းသည် အဘယ့်ကြောင့် ယင်းကဲ့သို့ ကြိုတင်ကာကွယ်မှု မလုပ်ရသနည်းဟု မေးခွန်းများ ပေါ်ထွက်လာခဲ့သည်။

Ref:AFP

အရပ်ဘက်လေယာဉ်ပစ်ချခံရမှု မှတ်တမ်းများ

- ၂ဝဝ၁ ခုနှစ် အောက်တိုဘာ ၄ - အစ္စရေးနိုင်ငံ တဲအဗစ်မြို့မှ ရုရှားနိုင်ငံ နိုဗိုစီဘာ့စ်မြို့သို့ ပျံသန်းသည့် ရုရှားလေယာဉ် Sibrir Tupolev-154 သည် ပင်လယ်နက်ဝေဟင်တွင် ပေါက်ကွဲခဲ့ပြီး ခရိုင်းမီးယား ကမ်းရိုးတန်းမှ ကီလိုမီတာ ၃ဝဝ (၁၈၆ မိုင်) ခန့်အကွာတွင် ပျက်ကျခဲ့သည်။ အစ္စရေးအများစု ပါဝင်သော လူ ၇၈ ဦး သေဆုံးခဲ့သည်။ ယူကရိန်းက ဒုံးကျည်ဖြင့် မှားယွင်းပစ်ခတ်မိခြင်းဖြစ်ကြောင်း သီတင်းပတ် တစ်ပတ် အကြာတွင် ထုတ်ပြန်ခဲ့သည်။

- ၁၉၈၈ ခုနှစ် ဇူလိုင် ၃ - အီရန်ရှိ ဘန် ဒါအဘတ်စ်မြို့မှ ယူအေအီးရှိ ဒူဘိုင်းမြို့သို့ ပျံသန်းသော အီရန်လေကြောင်းလိုင်းပိုင် အဲဘတ်စ် A-300 သည် ခရီးစဉ်စတင်ပြီး မကြာမီပင် အမေရိကန် စစ်သင်္ဘောတစ်စင်းထံမှ ဒုံးကျည်နှစ်စင်းထိမှန်၍ ပျက်ကျခဲ့သည်။ ဟော်မုဇ်ရေလက်ကြားတွင် ကင်းလှည့်နေသော အမေရိကန် စစ်သင်္ဘောသည် တိုက်လေယာဉ်နှင့် မှားယွင်းပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ခရီးသည် ၂၉ဝ ဦးသေဆုံးခဲ့သည်။ မှားယွင်းပစ်ခတ်မှုအတွက် အမေရိကန်က အီရန်ကို ဒေါ်လာ ၁ဝ၁ ဒသမ ၉ သန်း လျော်ကြေးပေးခဲ့သည်။

- ၁၉၈၃ ခုနှစ် စက်တင်ဘာ ၁ - ကိုရီးယားလေကြောင်းလိုင်းပိုင် ဘိုးရင်း ၇၄၇ လေယာဉ်တစ်စင်းသည် လမ်းကြောင်းလွဲချော် ပျံသန်းခဲ့ပြီးနောက် ဆက်ခလင်ကျွန်းစုဝေဟင်တွင် ဆိုဗီယက်တိုက်လေယာဉ်များ၏ ပစ်ချခံခဲ့ရသည်။ ခရီးသည်နှင့် လေယာဉ် အမှုထမ်း စုစုပေါင်း ၂၆၉ ဦး သေဆုံးခဲ့သည်။ ဆိုဗီယက် တာဝန်ရှိသူများသည် တောင်ကိုရီးယားလေယာဉ်အား ပစ်ချခဲ့ခြင်းဖြစ်သည်ကို ငါးရက်အကြာတွင် သိရှိခဲ့ကြသည်။

- ၁၉၈ဝ ပြည့်နှစ် ဇွန် ၂၇ - အီတလီလေကြောင်းလိုင်း Itaviaပိုင် DC-9 လေယာဉ်သည် ဘိုလော့ဂနာမြို့မှ ပါလာမိုမြို့သို့ ပျံသန်းစဉ် စစ္စလီကျွန်းကမ်းလွန် ပင်လယ်အပြင်ဘက် အက်စတီကာ ကျွန်းစုအနီးတွင် ပေါက်ကွဲခဲ့သည်။ အမေရိကန် သို့မဟုတ် ပြင်သစ်တိုက်လေယာဉ်များက မှားယွင်းပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု သတင်းများ ထွက်ရှိခဲ့သော်လည်း အမေရိကန်က ငြင်းပယ်ခဲ့ပြီး ပြင်သစ်ကာကွယ်ရေး ဝန်ကြီးဌာနက မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။

- ၁၉၇၃ ခုနှစ် ဖေဖော်ဝါရီ ၂၁ - လစ်ဗျား အာရပ်လေကြောင်းလိုင်းပိုင် ဘိုးရင်း ၇၂၇ လေယာဉ်သည် ထရီပိုလီမှ ကိုင်ရိုသို့ပျံသန်းစဉ် ဆိုင်နိုင်းသဲကန္တာရ ဝေဟင်တွင် အစ္စရေးတိုက်လေယာဉ်များ၏ ပစ်ချခံခဲ့ရသည်။ လေယာဉ်ပေါ်လိုက်ပါခဲ့သူ ၁၁၂ ဦးအနက် လေးဦး သေဆုံးခဲ့သည်။ ဘိုးရင်းလေယာဉ်က ဆိုင်နိုင်းရှိ အစ္စရေးစစ်ဘက်ဆိုင်ရာ အဆောက်အအုံများ အထက်မှ ပျံသန်းပြီးနောက် အစ္စရေးလေတပ်က ယင်းသို့လိုက်လံ ပစ်ချခဲ့ခြင်းဖြစ်သည်။ လေယာဉ်သည် မြေပြင်သို့ ဆင်းသက်ရန် ငြင်းဆန်သဖြင့် ပစ်ချခဲ့ခြင်းဖြစ်ကြောင်း အစ္စရေး အာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။

Ref:AFP
Eleven Media Group

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>