Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

“ ဒါလား ပြည်သူ့ကိုယ်စားလှယ် ” စည်သူအောင်မြင့်

$
0
0
မဇ္ဈိမ သတင်းစာ၊ ၁၈-၇-၁၄။ စာ-၉။

ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် အမတ် ဒေါက်တာစိုးရင်က အင်းလျားကန်ဘောင်ကြီးနဲ့ ပါတ်သက်တဲ့ မေးခွန်းတစ်ခု မေးပါတယ်။ သူ့မေးခွန်း အပြည့်အစုံကတော့ ဒီလိုပါ။ “ အင်းလျားကန်ပေါင်တွင် လာရောက် အပန်းဖြေသူများနှင့် ကျန်းမာရေးအတွက် လေ့ကျင့်ခန်း ပြုလုပ်သူများ လုံခြုံမှုနှင့် တရားဥပဒေ စိုးမိုးမှု ရှိစေရန်အတွက် မင်္ဂလာဒုံ ပြည်လမ်းဘက် အပိုင်းတွင် အရံအတားအဖြစ် သံပန်း ခြံစည်းရိုးခတ်ရန် အစီအစဉ် ရှိမရှိ ” ဆိုတာပဲ ဖြစ်ပါတယ်။ ဒေါက်တာ စိုးရင် ဘာရည်ရွယ်ချက်နဲ့ မေးတာလဲ၊ ဒါဟာ ပြည်သူ့ကိုယ်စားလှယ် တစ်ယောက် မေးသင့်တဲ့ မေးခွန်းမျိုး ဖြစ်ပါရဲ့လား ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

လွှတ်တော်ထဲမှာ ဒေါက်တာစိုးရင် ပြောတာကတော့ ဒီ အင်းလျားကန်ဘောင်ကို အပန်းဖြေသူတွေရော ကျန်းမာရေး လေ့ကျင့်ခန်း လုပ်သူတွေပါ လာကြတဲ့အကြောင်း၊ ဒီ မြက်ခင်းပြင် ဧရိယာကို ခြံစည်းရိုး ခတ်မထားတာကြောင့် လူတွေ နေ့ရောညပါ ၀င်ထွက်နေတဲ့အကြောင်း၊ အထူးသဖြင့် လူတစ်ချို့ဟာ ညဘက်တွေမှာ ဆူပူအော်ဟစ် မူးယစ် သောက်စားပြီး ရန်ဖြစ်လေ့ ရှိသလို အကြမ်းဖက်မှုနဲ့ လုယက်မှုတွေလည်း မကြာခဏ ဖြစ်ပွားလျက်ရှိတယ် လို့ ပြောပါတယ်။ ဒီအတွက် အင်းလျားကန်ဘောင် မြက်ခင်းပြင်ကို အတားအဆီး ကာရံပြီး စည်းကမ်း စနစ်တကျ ထိမ်းသိမ်းဖို့ လိုလာတဲ့ အကြောင်း၊ အလှအပ မပျက်ပဲ ပြည်လမ်းဘက်မှာ သံဘောင်တွေ ကာရံပေးဖို့ လိုလာတဲ့အကြောင်း၊ သတ်မှတ် ၀င်ပေါက်တွေကနေ လူတွေကို သတ်မှတ်ချိန်အတိုင်း ၀င်ထွက်ခွင့်ပြုမယ် ဆိုရင်
မလိုလားအပ်တဲ့ စည်းကမ်းမဲ့ အဖြစ်အပျက်တွေကို တားဆီးနိုင်မယ် ဖြစ်တဲ့အကြောင်း ပြောပြီး သံပန်း ခြံစည်းရိုး ကာပေးဖို့ ရှိမရှိ မေးခဲ့တာဖြစ်ပါတယ်။

တကယ်တော့ ဒီမေးခွန်းဟာ အတော်လေးကို အံ့သြဖို့ ကောင်းတဲ့မေးခွန်းပါ။ ပြည်သူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ လွတ်လပ်ခွင့်၊ ရုပ်ပိုင်းဆိုင်ရာ လွတ်လပ်ခွင့်ကို ကန့်သတ် ထိန်းချုပ်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မေးလိုက်တဲ့ မေးခွန်း အမျိုးအစားဖြစ်လို့ပါ။ သူ့ရဲ့ မေးခွန်းထဲမှာ မပါပေမယ့် အခုနောက်ပိုင်း ကျောင်းသားတွေ နဲ့ အခြား တက်ကြွလှုပ်ရှားသူတွေ အင်းလျားကန်ဘောင်ကို လာပြီး ဆန္ဒပြပွဲတွေ ခပ်စိပ်စိပ် လုပ်လာတာကိုများ သွယ်ဝိုက်ရည်ညွှန်း ပိတ်ပင်ဖို့ ကြိုးစားချင်လေသလား မပြောနိုင်ပါဘူး။ သေခြာတာကတော့ ဒီမေးခွန်းဟာ ပြည်သူတွေ လိုလားချက်၊ ပြည်သူတွေ အကျိုးစီးပွားကို ရည်ရွယ်ပြီး မေးတာ မဖြစ်နိုင်ပါဘူး။

ဒါမှမဟုတ်လည်း ဒေါက်တာစိုးရင်ဟာ ပြည်သူ့လွတ်လပ်ခွင့်ကို မသိသူ၊ နားမလည်သူ တစ်ယောက်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
လူဦးရေ (၆) သန်း သို့မဟုတ် (၈) သန်းရှိတယ် ဆိုတဲ့ ရန်ကုန်မြို့တော်ကြီးမှာ အများပြည်သူ အပန်းဖြေစရာ သီးသန့်နေရာ၊ ပန်းခြံ၊ အားကစားကွင်း၊ ဥယျဉ်၊ ရေကူးကန် ဘယ်လောက် ရှိသလဲ အရင် မေးခွန်းထုတ်ရမယ် ဖြစ်ပါတယ်။ အရင် ခေတ်အဆက်ဆက်က ရှိခဲ့ပြီးတဲ့ အားကစားကွင်း တစ်ချို့ ပန်းခြံတစ်ချို့ လူပုဂ္ဂိုလ်တွေ၊ ကုမ္ပဏီတွေ၊ ပါတီတွေ လက်ထဲ လက်ပြောင်း ရောက်သွားတာတွေလည်း ရှိခဲ့ပါတယ်။ ( ပြီးခဲ့တဲ့ နှစ်တုန်းကဆို အများပြည်သူပိုင် ပန်းခြံကို သိမ်းယူခဲ့တဲ့ ကိစ္စ အမျိုးသားလွှတ်တော် အမတ် ဦးဖုန်းမြင့်အောင် တစ်ကိုယ်တော် ဆန္ဒပြတာတောင် ရှိခဲ့ပါတယ်။) ရန်ကုန်မြို့လည်က သာယာလှပတဲ့ ကန်တော်ကြီး ဥယျဉ် ဆိုရင်လည်း ပါတ်ပါတ်လည်ကို ခြံခတ်၊ အပိုင်းတွေခွဲပြီး ပုဂ္ဂလိကတွေကို စီးပွားရှာခွင့်ပေးထားပါတယ်။ ဒီလောက် မကသေးပါဘူး။ ကန်တော်ကြီး ပါတ်ပါတ်လည်မှာ စားသောက်ဆိုင်ကြီးတွေ ၊ အခယူ အပန်းဖြေရာ နေရာတွေအဖြစ် ပြောင်းလဲထားပါတယ်။

ပြောရရင် အဲလို လုပ်လိုက်ခြင်းအားဖြင့် ပြည်သူတွေအတွက် လွတ်လပ်ခွင့် ဆုံးရှုံးသွားစေပါတယ်။ နောက်တစ်ချက်က အပန်းဖြေချင်ရင် ငွေပေးရပါတယ်။ ငွေပေးရတာကလည်း တစ်နေရာမကပါဘူး။ အရင် စစ်အစိုးရက ကန်တော်ကြီးကို အဲလို လုပ်လိုက်တာဟာ ပြည်သူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ လွတ်လပ်ခွင့်၊ ရုပ်ပိုင်းဆိုင်ရာ လွတ်လပ်ခွင့် ဆုံးရှုံးသလိုလည်း ဖြစ်စေခဲ့ပါတယ်။ အလားတူ သာဓကတွေ ရန်ကုန်မှာ အများကြီး ရှိနေပါတယ်။ ကျယ်ပြန့်လှတဲ့ ပြည်သူ့ဥယျဉ်ကြီးဆိုလည်း အလားတူပါပဲ။ ပြည်သူ့ဥယျဉ်ဆိုတာ ပြည်သူတွေအတွက်၊ ပြည်သူတွေ အခမဲ့ ၀င်ရောက် အပန်းဖြေနိုင်အောင် လုပ်ပေးထားတဲ့ နေရာတွေကို ခေါ်တာပါ။ ကမ္ဘာပေါ်မှာ မြေဈေး အကြီးဆုံးလို့ ဆိုနိုင်တဲ့ အင်္ဂလန်နိုင်ငံမြို့တော် လန်ဒန်မှာ အလွန်ကျယ်တဲ့ ဟိုင်းပတ် ပန်းခြံနဲ့ အခြား အရံပန်းခြံတွေ အများကြီးရှိပါတယ်။ မြေဈေးတွေ ကြီးလို့ဆိုပြီး ဗြိတိန်အစိုးရ အဲဒီ ပြည်သူတွေ အပန်းဖြေတဲ့ မြေနေရာတွေကို ရောင်းမစားပါဘူး။ အခြား စီးပွားရေး လုပ်သူတွေကိုလည်း ခွင့်မပြုပါဘူး။ ဘယ်ပန်းခြံမှလည်း ပြည်သူဆီက ငွေမကောက်ခံပါဘူး။ ဒါက အင်္ဂလန်လို ဖွံ့ဖြိုးပြီး နိုင်ငံပါ။

ရှေ့ပိုင်းကာလ မြန်မာနိုင်ငံထက် ဖွံ့ဖြိုးမှု နောက်ကျခဲ့တဲ့ ကမ္ဘောဒီးယားလို နိုင်ငံမှာတောင် မြို့လည်မှာ အလွန်ကျယ်ပြန့်တဲ့ မြက်ခင်းပြင် ပန်းဥယျဉ်တွေ ရှိပါတယ်။ သံဆူးကြိုးမခတ်ပါဘူး၊ ၀င်ကြေး မကောက်ပါဘူး။ အလားတူ ဗီယက်နမ်၊ အင်ဒိုနီးရှား ဘယ်နိုင်ငံကြည့်ကြည့် အဲလို အများပြည်သူတွေအတွက် ရည်ရွယ်ထားတဲ့ နေရာတွေ အများကြီး ရှိပါတယ်။ အခု ဒေါက်တာ စိုးရင်ပြောတဲ့ အင်းလျားကန်ဘောင် နေရာ ဆိုတာ အလွန်ကျဉ်းတဲ့ နေရာလေးပါ။ ရန်ကုန်က ရှားရှားပါးပါး လက်ကျန် Open Space နေရာလေးပါ။ ဒါကို ခြံခတ် ကာရံဖို့ ပြောနေတာပါ။ လက်ရှိ ရန်ကုန်မှာ ပြည်သူတွေ အပန်းဖြေဖို့ လွတ်လပ်တဲ့ ဧရိယာ အများကြီး ဖော်ထုတ်ပေးဖို့ လိုနေတာကို လုပ်ပေးဖို့ မေးခွန်း မမေး၊ အဆိုမတင်တဲ့အပြင် သံပန်းကာ ခြံခတ်ဖို့ မေးခဲ့တာပါ။

တော်ပါသေးရဲ့။ ရန်ကုန်တိုင်း အစိုးရကိုယ်စား ဒီမေးခွန်းကို ဖြေတဲ့ သမ္မတ ရုံး အမှတ်(၄) ဒုဝန်ကြီး ဦးအောင်သိန်းက ဒီနေရာဟာ အများပြည်သူ အပန်းဖြေ အနားယူဖို့ ကိုယ်လက် ကြံ့ခိုင်ရေးတွေ လုပ်ဖို့ Open Space အနေနဲ့ ဖွင့်ပေးခဲ့တာ ဖြစ်ကြောင်း၊ နိုင်ငံတကာမှာလည်း ဒီလိုပဲ ဖြစ်တဲ့အကြောင်း ဖြေပါတယ်။ ပြည်သူတွေ လေကောင်းလေသန့် ရှူရှိုက်နိုင်တဲ့ နေရာ၊ ကျန်းမာရေး လေ့ကျင့်ရာ နေရာဖြစ်တဲ့အတွက် ပုံမှန် တစ်နေ့ လူ ၃၀၀၀ ကျော် ပိတ်ရက်တွေဆို လူ ၅၀၀၀ ကျော်နဲ့ တစ်ချို့ နေ့တွေမှာ ဒီထက်ပိုများတဲ့ အရည်အတွက် လာတဲ့အကြောင်း၊ လှပအောင် ပြုပြင်ပေးခဲ့တာတွေ ရှိပေမယ့် မြင်ကွင်းအလှအပ ကို အတားအဆီး ဖြစ်စေမယ့် အရာမျိုး လုပ်မထားဘူးလို့ ဖြေသွားပါတယ်။ အင်းလျားကန်ဘောင်ပေါ် အပန်းဖြေတဲ့ ပြည်သူတွေရဲ့ လုံခြုံရေးနဲ့ ပါတ်သက်ပြီးကတော့ ရဲတပ်ဖွဲ့က တာဝန်ယူပေးနေတယ်၊ ဒါကြောင့် အင်းလျားကန်ဘောင်၊ ပြည်လမ်းဘက် အခြမ်းကို သံပန်း စည်းရိုး ခတ်ဖို့ မရှိပါဘူးလို့ ပြောဆိုသွားခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီ ကိစ္စနဲ့ ပါတ်သက်ပြီး ကမာရွတ် အမတ် ဒေါက်တာစိုးရင်ကို “ ဒါလား ပြည်သူ့ကိုယ်စားလှယ် ” လို့သာ မေးခွန်း ထုတ်လိုက်ချင်ပါတော့တယ်။
စည်သူအောင်မြင့်။

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>