ယနေ့ ဇူလိုင်လ ၂၄ ရက်၊ မွန်းလွဲ ၁း ၀၀ နာရီက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)ရုံးတွင် "သိမ်းဆည်းခံလယ်ယာ၊ ဖမ်းဆီးခံလယ်သမားများနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ" ကို ၈၈ မျိုးဆက် - လယ်ယာစီးပွားနှင့် တောင်သူလယ်သမားရေးရာဌာနမှ ဦးဆောင်စီစဉ် ပြုလုပ်ခဲ့ကြသည်။
ထိုသတင်းစာရှင်းလင်းပွဲတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ရသည့် အကြောင်းကို ထွန်းမြင့်အောင်က ရှင်းလင်းပြီးနောက် လတ်တလောနိုင်ငံရေးကိစ္စများကို ဆောင်ရွက်နေကြရာတွင် တောင်သူလယ်သမားများ၏ အရေးကိစ္စများကို ချန်လှပ်ထား၍ မရနိုင်ကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ လယ်သမားများ၏ နစ်နာနေမှုများကို ၀ိုင်းဝန်းဖြေရှင်းပေးနေရကြောင်း၊ သတင်းမီဒီယာများအနေဖြင့်လည်း လယ်သမားများ နစ်နာနေမှုများနှင့်ပတ်သက်၍ အချက်အလက် မှန်မှန်ကန်ကန်ကို အသေးစိတ် သတင်းရယူဖော်ပြပေးစေလိုကြောင်း မင်းကိုနိုင်မှ ပြောကြားသွားသည်။
ထို့နောက် လက်ရှိနစ်နာနေကြရသော တောင်သူလယ်သမားများ ဖြစ်ကြသည့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ငှက်ပျောတန်းကျေးရွာမှ ဦးဝင်းသိန်း၊ ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်မှ ခွန်ထီပုပ်၊ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ခအုံးတာ ကျေးရွာမှ ဦးသန်းထိုက် နှင့် တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှ မရီရီထွေးတို့မှ လယ်ယာမြေ မတရားသိမ်းဆည်းခံနေရမှုများ၊ တောင်သူလယ်သမားများ မတရားဖမ်းဆီးထောင်ချခံနေရခြင်းများကို အချက်အလက်များ ခိုင်ခိုင်မာမာဖြင့် ပြောကြားသွားခဲ့ကြသည်။
နောက်ဆုံးအနေဖြင့် သတင်းမီဒီယာများမှ ပြန်လှန်မေးမြန်းချက်များကို ၈၈မျိုးဆက် - လယ်ယာစီးပွားနှင့် တောင်သူလယ်သမားရေးရာဌာနမှ တာဝန်ခံ ထွန်းမြင့်အောင်၊ ဒုတိယတာဝန်ခံ ကိုမျိုးသန့်နှင့် တောင်သူလယ်သမားများမှ ပြန်လည်ဖြေကြားပေးခဲ့ကြသည်။
The 88 Generation Peace and Open Society's