အမေရိကန် ဆီးနိတ်အထက်လွှတ်တော်အမတ် Mitch McConnell ပုံ
အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့်ရှိအောင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင် ဖို့လိုအပ်ကြောင်း အမေရိကန် ဆီးနိတ်အထက် လွှတ်တော်က ထင်ရှားတဲ့အမတ်တစ်ဦးဖြစ်သူ မစ်ခ်ျ မက်ကောနဲလ်Mitch McConnell က မြန်မာအစိုးရကို မနေ့က ပြင်းပြင်းထန်ထန် တိုက်တွန်းတောင်းဆို လိုက်ပါတယ်။
မစ်ခ်ျ မက်ကောနဲလ်ဟာ အမေရိကန်အထက် လွှတ်တော်မှာ မြန်မာနိုင်ငံ ဒီမိုကရေစီပြောင်းလဲရေး အတွက် စစ်အစိုးရကို နှစ်ပေါင်းများစွာ ဖိအားပေးဆောင်ရွက်ခဲ့သူတွေထဲမှာ သြဇာ အကြီးမားဆုံး အမတ်တစ်ဦးလည်း ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်လို နိုင်ငံခြားသား မိသားစုဝင်ရှိသူတွေကို ကန့်သတ်ပိတ်ပင်ထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြုပြင်ဖို့ပျက်ကွက်ရင် ၂၀၁၅ ရွေးကောက်ပွဲ တရားဝင်မှုနဲ့ပတ်သက်လို့ နိုင်ငံတကာအသိုင်းအ၀ိုင်းနဲ့ အမေရိကန် ဆီးနိတ်လွှတ်တော် အမတ်တွေရဲ့အမြင်မှာ မနှစ်မြို့စရာ အခြေအနေတွေနဲ့ ပေါ်ပေါက်လာနိုင်လို့လည်း လွှတ်တော်အမတ် မစ်ခ်ျ မက်ကောနဲလ်က ပြောပါတယ်။
ဒီထိန်းချုပ်ကန့်သတ်ထားမှုတွေဟာ ဒီမိုကရေစီနည်းလမ်းမကျကြောင်း၊ ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ဖို့ ကတိပြုထားတဲ့ အခုလိုအချိန်အခါမှာ မြန်မာအစိုးရအပေါ် မေးခွန်းထုတ်စရာဖြစ်နေကြောင်းကိုလည်း မစ္စတာ မက်ကောနဲလ်က အမေရိကန်အထက်လွှတ်တော်မှာ ပြောသွားခဲ့ပါတယ်။
RFA