Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

“ ဆက်သွယ်ရေးက ပြည်သူတွေရဲ့ စီးပွားရေးနဲ့ လူမှုရေးဘ၀ကို မြှင့်တင်ပေးနိုင်လိမ့်မယ် ” စည်သူအောင်မြင့်

$
0
0
 မဇ္ဈိမ သတင်းစာ
သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအဖွဲ့ရဲ့ ပြည်သူနဲ့ တိုင်းပြည်အတွက် အကောင်းဆုံး စွမ်းဆောင်မှုတွေထဲက တစ်ခုဖြစ်တဲ့ ဆက်သွယ်ရေးကဏ္ဍ အပြောင်းအလဲ စ ပြီး အသက်ဝင်လာပါပြီ။ သိပ်မကြာခင် အရင် စစ်အာဏာရှင်တွေလက်ထက်က ပြည်သူတွေကို ဒုက္ခရောက်အောင် ဖန်တီးထားခဲ့တဲ့၊ တိုင်းပြည်ကိုလည်း အထူးတလည် နစ်နာမှုတွေဖြစ်ပေါ်စေခဲ့တဲ့ ဆိုးရွားလှတဲ့ ဆက်သွယ်ရေးကဏ္ဍဟောင်းကြီး နိဂုံးချုပ်တော့မှာလည်း ဖြစ်ပါတယ်။ အကြောင်းကတော့ ဆက်သွယ်ရေး အော်ပရေတာ လိုင်စင်ရထားတဲ့ ကာတာ အခြေစိုက် အော်ရီဒူးကုမ္ပဏီဟာ မန္တလေး၊ နေပြည်တော်နဲ့ ရန်ကုန်မှာ ဆင်းကဒ်တွေ စ ပြီး ရောင်းချပေးလိုက်လို့ပါပဲ။ အော်ရီဒူးရဲ့ ၀န်ဆောင်မှု အစ ဟာဘယ်လို ပုံစံမျိုးလဲ။ နောက်ပိုင်း ဆက်သွယ်ရေး အော်ပရေတာ ၀န်ဆောင်မှု ပြိုင်ပွဲ ဘယ်လို ဖြစ်လာနိုင်သလဲ၊ ပြည်သူတွေရဲ့ စီးပွားရေးနဲ့ လူမှုရေးဘ၀ ပြောင်းလာမှာ၊ တိုးတက်လာမှာ ကရော တကယ်ပဲလား ဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။

အော်ရီဒူးရဲ့ စစချင်း ၀န်ဆောင်မှုမှာ ဆင်းကဒ် တစ်ခု ကျပ် ၁၅၀၀ နဲ့ ရောင်းတယ်လို့ ဆိုပါတယ်။ ရန်ကုန် ဘားလမ်းထိပ် အနော်ရထာလမ်းပေါ်က မိုဘိုင်းဖုန်း ဟင်းဆက်ဆိုင်မှာတော့ ဇူလိုင် ၃၁ ရက် ညနေက တစ်ကဒ် ကျပ် ၅၀၀၀ နဲ့ ရောင်းတာ တွေ့ရပါတယ်။ ဆင်းကဒ်ထဲမှာ အော်ရီဒူး ဖုန်း အချင်းချင်း မိနစ် ၉၀၀ စာ၊ အခြား ဖုန်းတွေကို မိနစ် ၉၀ စာ အခမဲ့ ပြောနိုင်မယ့်အပြင် 3G ဖုန်းနဲ့ အင်တာနက် 1MB ပမာဏ အခမဲ့ သုံးနိုင်မယ်လို့ သိရပါတယ်။ အဓိပ္ပါယ်ကတော့ လက်ရှိ မြန်မာ့ဆက်သွယ်ရေးက ကောက်ခံနေတဲ့ ဖုန်းပြောခ နှုန်းနဲ့ တွက်ရင် အော်ရီဒူး ဆင်းကဒ်ထဲမှာ ကျပ် ၄သောင်း ၅ သောင်း ပမာဏ တန်ဘိုးရှိတဲ့ ၀န်ဆောင်မှု ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။ ပြောရရင် မြန်မာ့ဆက်သွယ်ရေး သမိုင်းတလျောက် တခါမှ မပေးဘူးတဲ့ ၀န်ဆောင်မှု အမျိုးအစားပါ။ အင်တာနက်ကိုလည်း ထပ်ပြီးလျောက်ရမယ်၊ ငွေဘယ်လောက် ပေးရမယ်၊ ဘာညာသာရကာ လုပ်မထားပါဘူး။ တစ်ခါတည်း သုံးရုံပါပဲ။ ပြောရရင် ဆက်သွယ်ရေး စနစ်ဟောင်း ချုပ်ငြိမ်းတော့မယ် ဆိုတာ စ ပြီး ပြလိုက်တဲ့ အရိပ်လက္ခဏာပါ။

ဘယ်လိုပဲဖြစ်ဖြစ် ဒါဟာ အော်ရီဒူးက စမ်းသပ် ရောင်းချပေးနေတာပဲဖြစ်ပြီး ဘယ်တော့ တကယ် ရောင်းပေးမလဲ ဆိုတာကိုတော့ လာမယ့် သြဂုတ်လ ၂ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွေမှာ ကြေငြာသွားမယ်လို့ ဆိုပါတယ်။ အော်ရီဒူး ဆင်းကဒ် ၀ယ်လိုအားဟာ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး (၃) နေရာလောက်မှာပဲ အတော်လေး များနိုင်ပါတယ်။ အကြောင်းကတော့ မိုဘိုင်းဖုန်း မကိုင်နိုင်သေးတဲ့၊ မကိုင်ရသေးတဲ့သူတွေ ကိုင်လာကြမှာ ဖြစ်သလို အရင် မြန်မာ့ဆက်သွယ်ရေး ဆင်းကဒ် အသုံးပြုနေသူတွေထဲကလည်း ပြောင်းလဲ ကိုင်ဆောင်လာမယ့် အလားအလာ ရှိနေလို့ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လာမယ့် စက်တင်ဘာ အောက်တိုဘာ လောက်ဆိုရင် နော်ဝေ အခြေစိုက် တယ်လီနော မြန်မာကလည်း ပြိုင်ပွဲထဲ ၀င်လာပါဦးမယ်။ ဒါတင်မက ဂျပန် အခြေစိုက် KDDI , ဆူမီတိုမို ကုမ္ပဏီတွေရဲ့ ၁၀ နှစ်အတွက် ဒေါ်လာ သန်း ၂၀၀၀ စာ ငွေကြေးနဲ့ နည်းပညာ အထောက်အကူရထားတဲ့ မြန်မာ့ဆက်သွယ်ရေးကလည်း ပြိုင်ပွဲထဲ ၀င်ရောက်လာပါဦးမယ်။ ကုမ္ပဏီတွေအနေနဲ့ နက်ခ်ဝပ်တွေ ပိုပို ဖြန့်ကျက်လာနိုင်တာနဲ့အမျှ မြန်မာပြည်သူတွေ တောရောမြို့ပါ မိုဘိုင်းဖုန်းနဲ့ အင်တာနက် အသုံးပြုနိုင်ပါလိမ့်မယ်။

ဒီနေရာမှာ ထူးခြားတာ တစ်ခုက အခု ၀န်ဆောင်မှုပေးနေတဲ့ နောင်ပေးမယ့် အော်ရီဒူးနဲ့ တယ်လီနော တို့ရဲ့ ၀န်ဆောင်မှုဟာ မြန်မာနိုင်ငံသားတွေ တစ်သက်လုံးနားလည်ခဲ့တဲ့ မြန်မာ့ဆက်သွယ်ရေးရဲ့ ဟယ်လို၊ ကြားလား၊ ကြားလား ဆိုတဲ့ အသံဝန်ဆောင်မှု တစ်ခု တည်းမဟုတ်ဘူး ဆိုတာပါ။ ဘက်စုံ ၀န်ဆောင်မှု အမျိုးအစား ဖြစ်ပါတယ်။ အသံဝန်ဆောင်မှု အရည်အသွေး ကောင်းပါမယ်။ အကြောင်းကတော့ စက်တပ်ဆင် ၀န်ဆောင်မှု လုပ်ပေးရာမှာ နိုင်ငံတကာ စံချိန်စံညွှန်းအတိုင်း မိုဘိုင်းဖုန်း အရည်အတွက် ဘယ်လောက်အတွက် စက်တပ်ဆင်မှုအင်အား ဘယ်လောက်၊ အင်တာနက် အသုံးပြုမှု ဘယ်လောက်အတွက် ဖြန့်ဝေပေးရမယ့် ပမာဏ ဘယ်လောက် သတ်မှတ်ဝန်ဆောင်မှုပေးမှာကြောင့်ဖြစ်ပါတယ်။

အထူးသဖြင့် မိုဘိုင်းဖုန်းကနေ တဆင့် အင်တာနက် ၀န်ဆောင်မှုပေးတာပါ။ အဲဒီ အသံဝန်ဆောင်မှုနဲ့ ဒေတာ ၀န်ဆောင်မှုကနေ တဆင့် မိုဘိုင်းဘဏ်လုပ်ငန်းတွေ ၀န်ဆောင်မှုပေးတာ၊ ငွေလွှဲလုပ်ငန်းတွေ လုပ်တာ၊ ဒီဂျစ်တယ်စာအုပ်၊ ရေဒီယို၊ ရုပ်သံ ၀န်ဆောင်မှုတွေ၊ ကုန်ပစ္စည်းရောင်းချမှု လုပ်ငန်းတွေပါ တစ်ပြိုင်တည်း ပေါ်ပေါက်လာပါလိမ့်မယ်။ အခု အော်ပရေတာတွေဟာ ပြည်တွင်း ပြည်ပ ကုမ္ပဏီ အတော်များများနဲ့ သီးသန့်စာချုပ်တွေ ချုပ်ဆိုထားပြီးကြပါပြီ။ မိုဘိုင်းပက်လက်ဖေါင်းကနေ နောက်ထပ် စီးပွားရေး လုပ်ငန်းတွေ အများကြီး ပေါ်ထွက်လာမှာ ဦးမှာ ဖြစ်ပါတယ်။

ဒါတင်မကပါဘူး။ မိုဘိုင်းအသုံးပြု ကျန်းမာရေးဝန်ဆောင်မှု၊ မိုဘိုင်းအသုံးပြု တောင်သူလယ်သမား အထောက်အကူပြု ၀န်ဆောင်မှု၊ မိုဘိုင်းအသုံးပြုစိုက်ပျိုးရေး အထောက်အကူပြု ၀န်ဆောင်မှု အပါအ၀င် အထွေထွေ ၀န်ဆောင်မှုတွေ ပါလာဦးမှာ ဖြစ်ပါတယ်။ ပြောရရင် မိုဘိုင်းဖုန်း ပက်လက်ဖေါင်းကို အသုံးပြုပြီး မြန်မာနိုင်ငံသားတွေ နေ့စဉ် နေထိုင်မှုဘ၀ ပြောင်းလဲလာမယ့် လက္ခဏာပဲဖြစ်ပါတယ်။ နိုင်ငံတကာ အတွေ့အကြုံတွေအရလည်း မိုဘိုင်းဖုန်း အသုံးပြုမှုများလာတာနဲ့ အမျှ ပြည်သူတွေရဲ့ လူမှုစီးပွားဘ၀ နဲ့ တိုင်းပြည် စီးပွားရေးကို အချိုးညီ တိုးတက်စေတဲ့ သာဓကတွေလည်း ရှိခဲ့ပြီ ဖြစ်ပါတယ်။ ဒါတောင် လက်ရှိ မြန်မာနိုင်ငံထဲ ၀င်လာတဲ့ မိုဘိုင်းဖုန်း ၀န်ဆောင်မှုတွေဟာ အရင် ရှေ့ အနှစ် တစ်ဆယ် နှစ်ဆယ်က မိုဘိုင်းဖုန်းတွေရဲ့ စွမ်းရည်မျိုးတွေလည်း မဟုတ်တော့ပါဘူး။ အတော်တိုးတက် ရှေ့ရောက်နေပါပြီ။

ဒီလောက် ပြည်သူနဲ့ တိုင်းပြည်အတွက် ကောင်းကျိုးတွေ ဆောင်ကျဉ်းပေးမယ့် လုပ်ငန်းဆောင်တာကြီးတွေအတွက် အနှောင့်အယှက် အဟန့်အတား ရှိနေသေးတာကလည်း အံ့သြစရာပါ။ အစွန်းရောက် လူ၊ ရဟန်းနဲ့ အဖွဲ့အစည်းတစ်ချို့ရဲ့ ဘာသာရေး လူမျိုးရေး အကြောင်းပြပြီး ဟိုဘာသာကိုးကွယ်တဲ့ ဟိုနိုင်ငံက ဟိုကုမ္ပဏီရဲ့ ဖုန်းနဲ့ ဆက်လာရင် မကိုင်ဘူး၊ ကိုင်တဲ့သူတွေဟာ မျိုးဖျက်တွေ၊ အမျိုးသားသစ္စာဖေါက်တွေ ဆိုပြီး လှုံ့ဆော်နေမှုတွေပါ။ တိုင်းပြည်ကို ရတဲ့နည်းနဲ့ မီးရှို့ဖို့ ကြံစည်နေကြသူတွေလို့ ဆိုရင်လည်း မမှားပါဘူး။ ဒါမျိုး အစိုးရက လျစ်လျူရှုထားရင် ဆိုးကျိုးတွေ ပေါ်ပေါက်လာစေနိုင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အခုလို ပြည်သူနဲ့ တိုင်းပြည်ကို ကြီးကြီးမားမား အကျိုးပြုမယ့် ဆက်သွယ်ရေး ကဏ္ဍကြီး စတင်နိုင်ပြီဖြစ်တဲ့အတွက် သမ္မတ ဦးသိန်းစိန်၊ စီးပွားရေးအကြံပေးတွေ နဲ့ အစိုးရအဖွဲ့ကို ချီးကျူးအားပေးရမှာပါ။ သူတို့ခမျာ လွှတ်တော်ကို လွှမ်းမိုးထားတဲ့ ခရိုနီတစ်ပိုင်း၊ အမတ်တစ်ပိုင်း စစ်ဗိုလ်ဟောင်း အသိုင်းအ၀ိုင်းရဲ့ ကြီးမားတဲ့ ဆန့်ကျင်မှုတွေကြားကနေ အောင်အောင်မြင်မြင် အကောင်အထည် ဖော်ခဲ့ရတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာနိုင်ငံမှာ ဆက်သွယ်ရေး ခေတ်သစ်တစ်ခု စတင်နိုင်ခဲ့ပြီဖြစ်ပြီး ပြည်သူတွေရဲ့ စီးပွားရေး၊ ပညာရေး လူမှုဖွံ့ဖြိုးတိုးတက်ရေး အတွက် အများကြီး အထောက်အကူ ဖြစ်စေနိုင်တော့မှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
စည်သူအောင်မြင့်။

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...