Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

“ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေး နည်းဗျူဟာ ပြန်သုံးသပ်ပါ ” စည်သူအောင်မြင့်

$
0
0
မဇ္ဈိမ သတင်းစာ၊
Photo..Aungyidvb
ကျင်းပပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အချိုးကျ ကိုယ်စားပြု စနစ်လို့ ခေါ်တဲ့ ပီအာရ်ကိစ္စ အပြီးသတ် ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ပထမ တစ်ကြိမ် မဲခွဲဆုံးဖြတ်ရာမှာ ဒေါ်အောင်ဆန်းစုကြည်၊ အင်န်အယ်လ်ဒီ အမတ်တွေနဲ့ တိုင်းရင်းသားတွေ ထိုင်ရမလို၊ ထရမလို၊ ကန့်ကွက်ရမလို၊ ထောက်ခံရမလို ဇဝေဇ၀ါ ဖြစ်ခဲ့ပြီးနောက် မရှင်းလို့ဆိုပြီး ဒေါ်စုက ဥက္ကဌ ကို ပြန်မေးရပါတယ်။ သူရဦးရွှေမန်းက ရှည်ရှည်လျားလျား ပြန်ရှင်းပါတယ်။ နောက်ဆုံး စကားလုံးက ခုလိုပါ။ “ ဦးအောင်ဇင်ရဲ့ အဆိုနဲ့ ပါတ်သက်ပြီး မြန်မာနိုင်ငံနဲ့ သင့်တော်တဲ့ ရွေးကောက်ပွဲ စနစ်ဆောင်ရွက်ဖို့ အတွက် ကော်မရှင် ဖွဲ့စည်းဆောင်ရွက်ဖို့ကို (လွှတ်တော်က သဘောတူပါသလား- သဘောတူပါတယ်။) ၃ ကြိမ်။
ဦးအောင်ဇင်ရဲ့ အဆို အတည်ဖြစ်ကြောင်း ကြေငြာပါတယ်။” ဆိုပြီး ဖြစ်ပါတယ်။

ဒီတစ်ကြိမ် သူရဦးရွှေမန်းပြောတာကို ဒေါ်အောင်ဆန်းစုကြည်တို့ မကန့်ကွက်တော့ပဲ ထောက်ခံမှုပေးခဲ့ပါတယ်။ ထောက်ခံမှုပေးခဲ့ရတဲ့တိုင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စိတ်ထဲ သိပ် ရှင်းခဲ့ပုံတော့ မရပါဘူး။ အစည်းအဝေးအပြီး သတင်းထောက်တွေကို သူပြောခဲ့တာက “ အန်တီတို့ ထောက်ခံတာ ဥက္ကဌကြီးပြောသွားတဲ့ အဆိုကို ထောက်ခံတာ၊ ဦးအောင်ဇင် ပြောသွားတဲ့ အဆိုအတိုင်း မဟုတ်ဘူး။ ဒါကို အန်တီတို့ရဲ့ ကိုယ်စားလှယ်အားလုံး လက်မှတ်ထိုးပြီး တရားဝင် တင်မယ်” လို့ ဆိုပါတယ်။ ဒီဆောင်းပါးဟာ အဲဒီနေ့တွေတုန်းက ပီအာရ် ကိစ္စ ပြည်သူ့လွှတ်တော်ထဲ အပြင်းအထန် ဆွေးနွေးကြတာ၊ အဆိုတွေ အမျိုးမျိုးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်တို့ ကိုယ်တိုင် မရှင်းမရှင်း ဖြစ်ကုန်တာ၊ အစည်းအဝေး ပြီးတာတောင် မရှင်းမလင်း ဖြစ်ခဲ့တာ အဲဒီအကြောင်းတွေ ဆွေးနွေးဖို့ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်ရတဲ့ ပြသနာတွေထဲက တစ်ခုကိုပဲ မီးမောင်းထိုးပြတာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဘာလုပ်နေသလဲ၊ သူလုပ်နေတာတွေနဲ့ သူရင်ဆိုင်နေရတာတွေ ဘာတွေ ကွာခြားနေသလဲ၊ သူ့ရဲ့ နိုင်ငံရေး နည်းဗျူဟာ မှန်ကန်မှု ရှိပါရဲ့လား ဆိုတာ ဝေဖန်သုံးသပ်သွားမယ် ဖြစ်ပါတယ်။
လောလောဆယ် ဒေါ်အောင်ဆန်းစုကြည် အဓိက လုပ်ကိုင်နေတာဟာ ပုဒ်မ ၄၃၆ ပြင်ရေး၊ သူ့ရဲ့ ရှင်းရှင်းလင်းလင်း ပြောဆိုချက်အရ ဆိုရင် စစ်တပ် စစ်တန်းလျားကို ဂုဏ်သိက္ခာရှိရှိ ပြန်ရေး ဆိုတာပဲ ဖြစ်ပါတယ်။ အားလုံးမြင်တွေ့ကြပြီးဖြစ်တဲ့အတိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ လှုပ်ရှားမှု ပြည်သူတွေ တစ်ခဲနက် ထောက်ခံအားပေးကြတာ တွေ့ရမယ် ဖြစ်ပါတယ်။

တကယ်တော့ ပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးလာတာ ခုမှ မဟုတ်ပါဘူး။ အရင်နှစ်ပေါင်းများစွာကတည်းက ထောက်ခံအားပေးခဲ့တာ ဖြစ်ပါတယ်။ တကယ်လို့များ ဒေါ်အောင်ဆန်းစုကြည်ဟာ ပုဒ်မ ၄၃၆ ပြင်ရေး၊ စစ်တပ်ကို ဂုဏ်သိက္ခာရှိရှိ စစ်တန်းလျားပြန်ရေး ဆိုတာမျိုးမဟုတ်ပဲ အခြား လှုပ်ရှားမှု တစ်ခုခု လုပ်ခဲ့ရင်လည်း ပြည်သူလူထုကြီးက ထောက်ခံမှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ ဒေါ်အောင်ဆန်းစုကြည် အကောင်အထည် ဖော်နေတဲ့ နိုင်ငံရေး နည်းဗျူဟာ အောင်မြင်မယ် ဆိုတဲ့ အာမခံချက်တော့ မဟုတ်ပါဘူး။
ပြည်သူလူထုကြီးက တစ်ခဲနက် ထောက်ခံတဲ့တိုင် “ပုဒ်မ ၄၃၆ ပြင်ရေး၊ စစ်တပ်ကို ဂုဏ်သိက္ခာရှိရှိ စစ်တန်းလျားပြန်ရေး ” အောင်မြင်နိုင်မယ် မဟုတ်ဘူးဆိုတာ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံနေတဲ့ နိုင်ငံရေးကျွမ်းကျင်သူတွေကတောင် မှတ်ချက်ပြုထားကြပြီး ဖြစ်ပါတယ်။

အလားတူ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ ဒီလှုပ်ရှားမှုနဲ့ ပါတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူတကွလှုပ်ရှားနေတဲ့ ၈၈ မျိုးဆက်ခေါင်းဆောင် တစ်ချို့ကတောင် သိပ်ပြီး တက်တက်ကြွကြွ မရှိလှဘူး ဆိုတဲ့ ကိစ္စပါ။ ဒါလည်း အများကြီးဖြစ်နိုင်ခြေ ရှိပါတယ်။ လက်ရှိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး နည်းဗျူဟာ ဟာ လက်တွေ့အခြေအနေနဲ့ အလွန်ဝေးကွာလွန်းပြီး အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ကိုလည်း ဆောင်ကျဉ်းနိုင်မှာ မဟုတ်လို့ ဖြစ်ပါတယ်။
တကယ်တန်း ဒေါ်အောင်ဆန်းစုကြည်၊ အတိုက်အခံနဲ့ ပြည်သူတွေ ရင်ဆိုင်တိုးနေရတဲ့ ပြသနာကတော့ အဲဒါတွေ မဟုတ်ပါဘူး။ အာဏာရထားသူ စစ်ဗိုလ်ချုပ်ဟောင်းနဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ ၂၀၁၅ ရွေးကောက်ပွဲကနေ တဆင့် နောက်ထပ် သက်တန်းတစ်ခု ထပ်ပြီး အုပ်ချုပ်နိုင်ရေး လှုပ်ရှားမှု အမျိုးမျိုး လုပ်လာတာပဲ ဖြစ်ပါတယ်။ ဆောင်းပါး အစမှာ ဖော်ပြထားတဲ့ လာမယ့် ရွေးကောက်ပွဲမှာ ပီအာရ် စနစ် ကျင့်သုံးနိုင်ရေး၊ ရွေးကောက်ပွဲဆိုင်ရာ စည်းကမ်းချက်တွေ ချမှတ်ပြီး အင်န်အယ်လ်ဒီနဲ့ အတိုက်အခံတွေကို ထိန်းချုပ်ရေး၊ သတင်းမီဒီယာကို ထိန်းချုပ်ရေး၊ လူမျိုးရေး ဘာသာရေး အမုန်းတရား ဖြန့်ဖြူးနေမှုတွေ၊ လှုံ့ဆော်မှုတွေ၊ အကြမ်းဖက်မှုတွေကို ဆက်ပြီး လျစ်လျူရှုထားရင်း ပြည်သူအတွင်း တည်ငြိမ်မှု ကင်းမဲ့နေအောင် ဖန်တီးထားရေး စသဖြင့် စသဖြင့် လုပ်ကိုင်ဆောင်ရွက်လာတာ တွေ့မြင်နိုင်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံတကာ အသိုင်းအ၀ိုင်းက မြန်မာအစိုးရ နောက်ကြောင်းပြန်လှည့်လိုတဲ့ လက္ခဏာ တွေ့ရတယ် လို့ ဝေဖန်တာပါ။

စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ စစ်ဗိုလ်ချုပ်တွေဘက်မှာလည်း ဒီ ကိစ္စ အကြောင်းနှစ်မျိုးနဲ့ လုပ်ကိုင်ကြတာ တွေ့ရပါတယ်။ ပထမ အကြောင်းကတော့ ရိုးရိုးသားသား ၂၀၁၅ နောက်ပိုင်း အာဏာ လွှဲမပေးချင်တာဖြစ်ပြီး နောက်အကြောင်းတစ်ခုကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်ထဲ အမတ် နေရာ ၄၀ ကျော်လောက် ရနေရုံ၊ အခြား ဘာအာဏာ ဘာ လုပ်ပိုင်ခွင့်မှ မရသေးခင် “ စစ်တပ်ကို ဂုဏ်သိက္ခာရှိရှိ စစ်တန်းလျားပြန်ရေး ” လုပ်နေပြီ။ နောင် ရွေးကောက်ပွဲပြီးလို့ လွှတ်တော်ကို စိုးမိုး၊ အစိုးရ အာဏာပါရသွားရင် ငါတို့ ကံကြမ္မာ ဘယ်လိုဖြစ်မလဲ ဆိုတဲ့ စိုးရိမ်ပူပန်မှုကြောင့်ပဲ ဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးလမ်းစဉ်ကို မကျင့်သုံးနိုင်ကြတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတိုက်အခံ အင်န်အယ်လ်ဒီ အုပ်စု၊ စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ စစ်ဗိုလ်ချုပ်တွေ အုပ်စု၊ အင်အားစု နှစ်စုဟာ တစ်နေ့တခြား ထိပ်တိုက်ရင်ဆိုင်ရေးဘက်ဆီ၊ နိုင်ငံရေး အကြပ်အတည်း တစ်ခုစီ ရှေးရှုလာနေတာ ဖြစ်ပါတယ်။

ခုဆို အင်န်အယ်လ်ဒီ ပါတီဝင်တွေနဲ့ ပြည်သူတွေဟာ “ပုဒ်မ ၄၃၆ ပြင်ရေး၊ စစ်တပ်ကို ဂုဏ်သိက္ခာရှိရှိ စစ်တန်းလျားပြန်ရေး ” လှုပ်ရှားမှုကြောင့် ပင်ပန်းနေပါပြီ။ တိုင်းပြည်မှာ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး ဖြစ်ပေါ်လာရေး၊ ငြိမ်းချမ်းရေး တည်ဆောက်ရေး၊ ၂၀၁၅ မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာစေရေး၊ အဲဒီကနေ တဆင့် ပြည်သူတွေဆန္ဒနဲ့ ထပ်တူကျတဲ့ အစိုးရအဖွဲ့ပေါ်ပေါက်လာရေး၊ ဒီမိုကရေစီထွန်းကားရေး အတွက် ခက်ခက်ခဲခဲ လုပ်ရပါဦးမယ်၊ ပြည်သူ့အားကို အများကြီးယူရပါဦးမယ်။ ဒီကနေ့ ပြည်သူတွေဟာ အရင် စစ်အာဏာရှင်တွေလက်ထက်တုန်းကထက် နည်းနည်း အသက်ရှူချောင်လာတာက လွဲရင် ဆင်းရဲမြဲ၊ ပညာမဲ့မြဲ၊ အခွင့်အလမ်းနည်းပါးမြဲ ဆိုတာ ဒေါ်အောင်ဆန်းစုကြည် သတိပြုမိဖို့ လိုပါတယ်။ ပြည်သူတွေ အင်အားချိနဲ့နေဆဲဆိုတာ လေးနက်ဖို့ လိုပါတယ်။

မြန်မာပြည် ဒီမိုကရေစီ ထွန်းကားရေး နောက်ထပ် နှစ်ဘယ်လောက်ကြာမယ် ဘယ်သူမှ အတတ်မပြောနိုင်ပါဘူး။ အချိန် တစ်နှစ်ကြာတာနဲ့ ပြည်သူတွေဟာ တစ်နှစ်စာ စီးပွားရေး၊ ပညာရေး စသဖြင့် အင်အားပိုရှိလာတဲ့ ပြည်သူတွေဖြစ်လာဖို့ လိုပါတယ်။ ကာလ ကြာရှည်လေ အင်အားပိုရှိတဲ့ ပြည်သူတွေ ဖြစ်ဖို့ လိုပါတယ်။ ဒီအတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ “ပုဒ်မ ၄၃၆ ပြင်ရေး၊ စစ်တပ်ကို ဂုဏ်သိက္ခာရှိရှိ စစ်တန်းလျားပြန်ရေး ” နည်းဗျူဟာ အခြေအနေ အချိန်အခါနဲ့ ကိုက်ညီမှုရှိမရှိ၊ ပြည်သူ၊ တိုင်းပြည်၊ ယုတ်စွအဆုံး အင်န်အယ်လ်ဒီ အကျိုးစီးပွားနဲ့ ကိုက်ညီမှုရှိမရှိ ပြန်သုံးသပ်ပါလို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။
စည်သူအောင်မြင့်။

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>