မဇ္ဈိမ။ ။
အောင်ဆန်း ရုပ်ရှင်ဇာတ်ကားကို သြဂုတ်လကုန်ပိုင်း၌ စတင်ရိုက်ကူးမည် ဟု ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့မှ ပြန်ကြားရေး တာဝန်ခံ ဦးဇော်သက်ထွေးက မဇ္ဈိမကို ပြောသည်။
ယင်းရုပ်ရှင်ဇာတ်ကားတွင် ဗိုလ်ချုပ်အောင်ဆန်းနေရာ၌ သရုပ်ဆောင်မည့် ကျော်ကျော်မျိုး နှင့် ဒေါ်ခင်ကြည်နေရာတွင် သရုပ်ဆောင်မည့် ဇာခြည်လင်းတို့ကို သြဂုတ်လအတွင်း၌ ရန်ကုန်သို့ ဇာတ်ကားရိုက်ကူးရန် ခေါ်ယူမည်ဖြစ်သည်။ " ဒီဇာတ်ကားအတွက် နိုင်ငံတကာ အကူအညီကို မယူဘဲ ပြည်တွင်းမှာပဲ လိုအပ်တဲ့ စက်ပစ္စည်းတွေကို ဝယ်ယူရပါတယ်။ ဇာတ်ကားတစ်ခုလုံးအတွက် ကုန်ကျစရိတ်တွေကို ရန်ပုံငွေရှာဖို့ ဇာတ်ကားဖြစ်မြောက်ရေးအ ဖွဲ့ဝင်တွေနဲ့ တစ်ပတ်တစ်ကြိမ် တွေ့ဆုံသွားမှာပါ။ ဘယ်လို အကြောင်းတွေပဲရှိရှိ ဒီဇာတ်ကားကို ၂ဝ၁၅ခုနှစ် အတွင်းတော့ အပြီး ရိုက်ကူးသွားမှာပါ" ဟု ဦးဇော်သက်ထွေးကပြောသည်။
ယင်းဇာတ်ကား၌ ပါဝင်သရုပ်ဆောင်မည့် ကျော်ကျော်မျိုးသည် ကျောက်ဆည်မြို့မှ လာရောက် ခြင်းဖြစ်ပြီး ဇာခြည်လင်းသည် ပုသိမ်မြို့မှ ဖြစ်ကာ ယခုအခါတွင် ရန်ကုန်မြို့ကို ရောက်ရှိ လျက်ရှိသည်။ ၎င်းတို့နှစ်ဦးသည် ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်)၏ သရုပ်ဆောင်သင်တန်းတွင် တက်ရောက် သင်ကြားလျက် ရှိသည်။
ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးအတွက် ပြည်တွင်း၌ နိုင်ငံခြားအကူအညီ မယူဘဲ ရိုက်ကူးမည်ဖြစ်ခြင်းကြောင့် ကုန်ကျစရိတ်အတွက် ဘဏ္ဍာငွေရှာဖွေရေးကို ဦးစွာပြုလုပ်သွားမည် ဖြစ်ပြီး စီးပွားရေးအရ ရိုက်ကူးမည်မဟုတ်ပဲ ငွေကြေးထည့်ဝင်နိုင်မှုကို အများပြည်သူကို အသိပေးကြေငြာသွားမည်ဟု ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့မှ ပြန်ကြားရေး တာဝန်ခံ ဦးဇော်သက်ထွေးက ပြောသည်။
ယင်းဇာတ်ကားရိုက်ကူးမှုတါင်ပြည်ပမှ အကူအညီမယူဘဲ ရိုက်ကူးရခြင်းသည် နိုင်ငံတကာကုမ္ပဏီများက ဗိုလ် ချုပ်ရုပ်ရှင်ဇာတ်ကားကို စီးပွားရေးဆန်ဆန် လုပ်ခြင်းကြောင့် ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ အနေဖြင့်ပြည်တွင်းမှ ဒါရိုက်တာများနှင့်သာ ရိုက်ကူးနိုင်ရန်စီစဉ်ခြင်းဖြစ်သည်။ နာရေးကူညီမှုအသင်းမှ ဥက္ကဋ္ဌ ကျော်သူကလည်း ဗိုလ်ချုပ်ရုပ်ရှင် ဇာတ်ကားရိုက်ကူး အသုံးပြုရန် ၎င်း၏ ဖခင်ပိုင်ဆိုင်သည့် အမျိုးသားရုပ်ရှင်ထုတ်လုပ်ရေးကို ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေး ကော်မတီသို့ အပြီးတိုင်လှူဒါန်းထားသည်။
ယင်း ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားကို ချစ်ဦးညို၊၊ ဦးဇော်သက်ထွေး၊ မင်းထင်ကိုကိုကြီး၊ ကြည်ဖြူသျှင် တို့က ဇာတ်ညွန်းရေးသားပြီး ဇာတ်ညွန်းနှင့် ပတ်သက်သည့် သမိုင်း အထောက်အထားရှာဖွေမှုကို ဦးမော်လင်းနှင့်ဇာဂနာတို့က တာဝန်ယူခဲ့ကြကာ ဇာတ်ကားရိုက်ကူးမှု အပိုင်းကို ဒါရိုက်တာ မင်းထင် ကိုကိုကြီး၊ ဝိုင်းနှင့် မောင်မျိုးမင်း (ရင်တွင်းဖြစ်) တို့က ရိုက်ကူးသွားမည်ဖြစ်သည်။
ယင်းအပြင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးလူမင်းနှင့် ဇာဂနာတို့ကလည်း ရိုက်ကူးရေးပိုင်း၌် လိုအပ်သည်များ ကိုကူညီပံ့ပိုးပေး မည် ဖြစ်သည်။