ကျနော် ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး နေရာတိုင်းမှာ မကြာခဏဆိုသလို ပြောလေ့၊ ရေးလေ့ရှိတယ်။ မကြာခဏလည်း ပြောသင့်၊ ရေးသင့်တယ်ထင်လို့ ပြောဖြစ်၊ ရေးဖြစ်တယ်။ ကျနော်တို့ ပတ်ဝန်းကျင်မှာ စည်းမဲ့၊ ကမ်းမဲ့ ပြုမူ၊ နေထိုင်၊ ပြောဆို၊ ရေးသား၊ ရိုက်ကူး၊ ထုတ်လွှင့်၊ ပြသတာတွေ မသိမသာ များများလာသလားလို့လည်း ခံစားမိတယ်။ ကျင့်ဝတ်ဆိုတာခဏထားအုံး။ အလွယ်တကူ လိုက်နာသင့်တဲ့ စည်းကမ်းတွေကိုတောင် ပြောင်ပြောင်တင်းတင်း ချိုးဖောက်လာတာ ဒီဘက်ခေတ်(စစ်အစိုးရအလွန်)ကျမှ ပိုများလာတယ်။
လမ်းပေါ်ထွက်လိုက်တာနဲ့ ပရမ်းပတာ စည်းကမ်းဖောက်တာတွေနဲ့ နဖူးတွေ့ ဒူးတွေ့ကြုံတော့တာပဲ။ ဘတ်စ်ကားတွေက မှတ်တိုင်မှာ မရပ်ဘူး။ တက္ကစီတွေက ဘတ်စ်ကားမှတ်တိုင်မှာ ရပ်တယ်။ ဆိုက္ကားတွေ၊ စက်ဘီးတွေက လမ်းပြောင်းပြန်နင်းတယ်။ ဆိုင်ကယ်စီးသူတွေက ဆိုင်ကယ်စီးဦးထုပ်မပါဘူး။ ပလက်ဖောင်းပေါ်မှာ ဈေးသည်တွေ ပြည့်နေတယ်။ ပလက်ဖောင်းကို ပိတ်ပြီး ဈေးခုံခင်းထားတဲ့နေရာတွေတောင်ရှိတယ်။ လူတွေက လမ်းပေါ်ဆင်းလျှောက်ရတယ်။ ကားတွေက မျဉ်းကြားမှာ အရှိန်လျှော့မပေး၊ ရပ်မပေးဘူး။ မျဉ်းကြားပေါ်တည့်တည့်မှာ ကားပါကင်ရပ်ထားတဲ့ ကားတွေ မြို့လယ်ခေါင်မှာ အများကြီး။ ကားတွေချိုးကွေ့ရင် မလွတ်မလပ်နေရာ လမ်းထောင့်ကွေးတည့်တည့် ပါကင်ထိုးရပ်ထားတဲ့ကားတွေက ရပ်ကွက်တိုင်း၊ လမ်းထောင့်တိုင်းလိုလိုမှာ ရှိတယ်။ မြို့ထဲခြောက်လမ်းသွား၊ လေးလမ်းသွား လမ်းမကျယ်တွေမှာ ကားတွေက နှစ်ထပ်ရပ်ထားလို့ နှစ်လမ်းစီ၊ တစ်လမ်းစီပဲမောင်းလို့ရတယ်။ မီးပွိုင့်မှာ ကားတန်းရှည်နေရင် ဆန့်ကျင်ဘက် ယာဉ်ကြောကနေ ပြောင်းပြန် ကျော်တက်ပြီး တန်းစီနေတဲ့ ကားတန်းကြားကို မိုက်ကြေးခွဲသလို ဖြတ်ဝင်၊ ခေါင်းထိုးဝင်တယ်။ ၂တန်အထက်ကားတွေ မဝင်ရတဲ့ ဦးဝိစာရလမ်းမှာ မနက်ရုံးချိန်တိုင်း တပ်မတော်ဆေးတက္ကသိုလ်က အရာရှိလောင်းတွေရဲ့ ကြယ်ပွင့်နံပါတ်ပါ ဖယ်ရီကားကြီး(၂တန်ထက်ပို)က အမြဲဖြတ်တယ်။ နံပါတ်မတပ်ရသေးတဲ့ ကားတွေ၊ ပလပ်စတစ် ပြားပေါ် ချိုင့်ဝင်နံပါတ်ပြားတပ်ကားတွေ၊ ကညန ဖောင်းကြွနံပါတ်မဟုတ်တဲ့ ပလပ်စတစ်နံပါတ်ပြားတွေနဲ့ ကားတွေ နေရာတိုင်းမှာ ပြောင်ပြောင်တင်းတင်း တွေ့ရတယ်။ မနေ့တစ်နေ့ကမှ သွင်းခွင့်ပြုလိုက်တဲ့ မာစီဒီးလို၊ ပိုရှေးလို၊ ချက်ဗလက်လို မော်ဒယ်အမြင့်ကားတစ်ချို့ ၇ ကကြီးတို့ ၆ ကကြီး တို့လို နံပါတ်ပြားအစုတ်တွေနဲ့ တွေ့ရတယ်။
လူတွေက မျဉ်းကြားက မကူးဘူး။ ကူးရင်လည်း မီးနီမှန်းမသိ၊ စိမ်းနေမှန်းမသိ ဖြတ်ကူးတယ်။ မျဉ်းကြားမရှိတဲ့ ဘယ်နေရာကမဆို ကားကြို၊ ကားကြားက ဖြတ်ကူးတဲ့သူက ပိုများတယ်။ မှတ်တိုင်အထိအောင် လမ်းမလျှောက်ချင်ကြဘူး။ တွေ့ကရာနေရာကနေ ဘတ်စ်ကားကို လက်တားစီးချင်ကြတယ်။ ကွမ်းတံတွေး တွေ့ကရာထွေးတယ်။ ဆေးလိပ် နေရာမရှောင်သောက်တယ်။ ကွမ်းယာထုပ် ပလပ်စတစ်အိတ်၊ ဆေးလိပ်တို၊ တစ်ရှုး၊ အချိုရည်ဘူးခွံ၊ မုန့်ထုပ်အခွံ စတဲ့ အမှိုက်မှန်သမျှ ကားပေါ်ကပစ်ချတယ်၊ လမ်းလျှောက်ရင်း လွှင့်ပစ်တယ်၊ ကိုယ့်အိမ်ရှေ့က အများပိုင်မြေ၊ လမ်းမြေကို အုတ်တံတိုင်းခပ် ကာတယ်၊ အပင်စိုက်ကာတယ်၊ အရံ အတားချ ကာတယ်၊ အဖီချပြီး ကျူးတယ်၊ ဆောက်ခြေမှာ ခိုးလို့မရရင် အထပ်မြင့်ပေါ်ကနေ ဝရံတာထုတ်ပြီး လမ်းမြေခိုးတယ်၊ စည်ပင်ဝန်ထမ်းတချို့ဆို အိမ်သာခွက်လဲတပ်ဖို့ ဘိလပ်မြေ တစ်အိပ်လောက် အိမ်ရှေ့ချထားတာလောက်ကို လာသတိပေးပြီး စည်ပင်ခွင့်ပြုချက်ယူခိုင်းပေမယ့် တရားဝင်လိုင်စင်မရှိပဲ၊ ကြံ့ခိုင်မှုမရှိပဲ၊ လုံခြုံစိတ်ချရမှုမရှိပဲ အိမ်အလုံးလိုက် အထပ်မြင့်ဆောက်တဲ့သူတွေ၊ ခွင့်ပြုချက်ကျော်ပြီး ခေါင်မိုးပေါ် အထပ်ခိုးတင်နေတဲ့သူတွေကိုတော့ မျက်စိမှိတ်နေတယ်(တလောက မြေငလျင်လှုပ်လို့ အားလုံးမျက်မြင် တိုက်ယိုင်သွားတာကို စည်ပင်နဲ့ တခြားအဖွဲ့တွေ သွားစစ်တော့ မယိုင်ဘူးဆိုတဲ့ အဖြေထွက်လာတယ်)။
ညနေပိုင်းရောက်တာနဲ့ လမ်းပေါ်မှာ လူတွေ၊ ကားတွေ ထင်သလို စည်းကမ်းဖောက်တယ်၊ ညပိုင်းဆို ပြိုင်ကား လီဗာမြှင့်မောင်းသံကြားရင် လမ်းဘေးဆင်းနေရတယ်၊ အဲကွန်းတပ်ဆိုင်တွေမှာ ဆေးလိပ်ငွေ့တွေ မွှန်ထူနေတယ်၊ မြို့နယ်တိုင်း၊ ရပ်ကွက်တိုင်း၊ နေရာတိုင်း၊ လမ်းတိုင်းမှာ ဂျာနယ်သတင်းစာ အရောင်းဆိုင်သာ မရှိရင် မရှိမယ်၊ အရက်ဆိုင်တစ်ဆိုင်တော့ အနည်းဆုံးရှိလာတယ်၊ ဇနပုဒ် အစွန်အဖျားအထိ သတင်းစာတွေသာ မရောက်ရင်မရောက်မယ်၊ လိင်အသားပေး အရက်ပိုစတာရောက်တယ်၊ အရက်မျိုးစုံဝယ်လို့ရတယ်၊ ဆိုင်တယ်၊ မဆိုင်တယ်မသိဘူး ရက်ဆားကြော်ငြာ၊ ဝဲဆေးကြော်ငြာကအစ ကော့ကော်ကန်ကား မော်ဒယ်ဂဲလ်ပုံတွေ့လာရတယ်၊ အန္တရာယ်များတဲ့ ပိုးသတ်ဆေးကြော်ငြာတွေ မီဒီယာမျိုးစုံမှာ အထိန်းအကွပ်မရှိ ပရမ်းပတာ ကြော်ငြာခွင့်ပြုထားတယ်၊ ခေတ်သီချင်းဆိုတဲ့ တေးသံရှင် မိန်းကလေးမှန်ရင် ပေါင်တို၊ အကျပ်၊ အကပ်၊ အဖော် ဝတ်ဆင်ရမယ့် ပုံစံမျိုး ဖြစ်လာတယ်၊ ပေါင်တို၊ အကျပ် မဝတ်ရင်ပဲ ခေတ်မမီတော့တဲ့ မိန်းကလေးလို ခံစားလာတဲ့သူတွေ ရှိလာတယ်၊ ကားအရောင်းပြခန်း မဖွင့်ရင်ကို ခေတ်မမီတဲ့ စီးပွားရေးသမားလို ဖြစ်လာတယ်၊ ကိုယ့်တာဝန်ကိုယ် အရင်ကျေဖို့ထက် အခွင့်အရေး ရရှိရေး တောင်းဆို၊ တိုက်ပွဲဝင်၊ ဆန္ဒပြ သူတွေ ပိုများလာတယ်၊ အများထက် အခွင့်ထူးပိုရ၊ အခွင့်အရေးပိုယူတာကို တလွဲဆံပင်ကောင်းပြီး ဂုဏ်ယူနေတဲ့သူတွေ အတွေ့ရများလာတယ်၊ ကိုယ့်ဘာသာ လုံအောင် မထိုင်နိုင်ပဲ သူများ အောက်စလွတ်တာကို လက်ညှိုးထိုးသူတွေ ပေါလာတယ်၊ လုံးစေ့ပတ်စေ့၊ လိပ်ပတ်လည်အောင် မသိတဲ့ကိစ္စတွေမှာ ဆွမ်းကြီးဝင်လောင်းတဲ့ ဝေလေလေတွေများလာတယ်၊... ပြောမယ်ဆိုရင် ကျနော်တို့ပတ်ဝန်းကျင်မှာ ကျင့်ဝတ်စောင်း၊ စည်းကမ်းဖောင်း၊ ယဉ်ကျေးမှုပြောင်းတာတွေ သိပ်များလာတယ်။
တကယ်တော့ စနစ်တစ်ခုက ရည်ရွယ်ချက်ရှိရှိပုံစံမျိုးနဲ့ ဖျက်ဆီးတာကို ကျနော်တို့ ခံခဲ့ကြရတယ်ဆိုပေမယ့် ကျနော်တို့ကိုယ်တိုင်လည်း တချို့နေရာတွေမှာ သိသိကြီးနဲ့ ငြိမ်ခံနေခဲ့သလို ဖြစ်ခဲ့တယ်။ ကျနော်တို့က စနစ်ရဲ့ မကောင်းတဲ့ ပုံသွင်းတာတွေကို မခံရအောင် ရုန်းထွက်နိုင်အောင် ကိုယ်ခံအားနည်းခဲ့ကြတယ်။ ကိုယ်ခံအားနည်းအောင်လည်း ဖန်တီးစေ့ဆော်ပေးတဲ့ အကြောင်းတွေရှိတယ်ဆိုပေမယ့် ကိုယ်ကိုယ်၌က အဓိကဆိုတဲ့အချက်ကို မေ့နေကြသလားလို့။ ကိုယ်ခံအားကောင်းအောင် ဘယ်သူမှ လုပ်မပေးနိုင်ရင် ကိုယ့်ဘာသာ လုပ်ရမယ်ဆိုတာ သတိလက်လွတ်ဖြစ်နေကြသလားလို့။ အဲဒါကြောင့် အိုးရွဲ့ကို စလောင်းရွဲ့နဲ့ ပြန်ဖုံးပေးသလိုဖြစ်ပြီး ပရမ်းပတာတွေ အတွေ့ရများလာသလားလို့။ ကျနော်တို့က အဖွဲ့အစည်းတစ်ခု၊ လူပုဂ္ဂိုလ်တစ်ယောက်အပေါ် သိပ်မှီခိုထားပြီး တစ်ချိန်မှာ အပ်ချလောင်းဆို အားလုံး ပြေလည်သွားမယ်လို့များ ထင်ပြီး ဒီအတိုင်း ရေစုန်မျောလိုက်နေကြသလားလို့။ တကယ်တော့ ကျနော်တို့ရဲ့ နေ့စဉ်ဘဝတွေက နာရီတိုင်း၊ မိနစ်တိုင်းမှာ ကျနော်တို့အရေးကိစ္စတွေအားလုံးကို ကျနော်တို့ဘာသာ ကျနော်တို့ပဲ အားစိုက်လုပ်နေကြရတာ မဟုတ်ဘူးလား။ ကယ်တင်ရှင်တို့၊ ကူညီထောက်ပံ့သူတို့ဆိုတာ ကျနော်တို့ကိုယ်တိုင် ထလုပ်တာလောက် မသေချာဘူးလေ။ ကျနော်တို့ ကိုယ်ခံအားနည်းရင် အင်ဖက်ရှင်ဝင်ပြီး ရောဂါရမှာပဲ။ အဲတော့ ကိုယ့်ဘာသာ ကိုယ်ခံအားကောင်းအောင် လုပ်ထားကြဖို့ လိုမယ်။ အထက်ကပြောခဲ့တာတွေက ကျနော်တို့ လူ့အဖွဲ့အစည်းအပေါ် အပြစ်တင်သလိုဖြစ်နေမလားတော့မသိဘူး။ မတတ်နိုင်ဘူး။ လူကြိုက်များတဲ့ ကိစ္စမဟုတ်ပေမယ့် ပြောဖို့၊ သတိပေးဖို့၊ အကြံပြုဖို့ ကျနော့်မှာ တာဝန်ရှိတယ်လို့ ခံစားရလို့ အမုန်းခံ ပြောလိုက်တယ်။
အဲဒီအတွေးနဲ့ ဒီနေ့ထုတ် သတင်းစာအတွက် အယ်ဒီတာ့စကားအဖြစ် ပေါ့ပေါ့ပါးပါး ရေးဖြစ်တာကို ဝေဖန်ဖို့၊ လွတ်လပ်စွာ သဘောထားကွဲလွဲဖို့နဲ့ ဆင်ခြင်သတိပြုမိကြဖို့ မျှဝေလိုက်တယ်။
ကိုယ်ခံအား
ကျွန်တော်တို့ မြန်မာလူမှု ပတ်ဝန်းကျင်မှာ ရိုးရာယဉ်ကျေးမှု ထုံးတမ်းစဉ်လာတွေ၊ အခြေခံလူ့ကျင့်ဝတ်နဲ့ လောကနီတိတွေကို အလေးထားသူ၊ လိုက်နာသူ နည်းလာသလားလို့ တွေးစရာ ဖြစ်လာတယ်။ ကျွန်တော်တို့ နေ့စဉ်ကြုံနေရတဲ့ ကိစ္စတွေကို ကြည့်ရင်တောင် စိတ်မသက်မသာ ဖြစ်စရာတွေ အများကြီး။
အပေါ်ယံ ဝတ်စားဆင်ယင်မှုနဲ့ စကားပြောဆိုမှုကိုပဲ ကြည့်မလား၊ မီဒီယာတွေမှာ ရေးသား၊ ထုတ်လွှင့်၊ ပြသ၊ တင်ဆက်မှုကိုပဲ ကြည့်မလား၊ ရုပ်ရှင်၊ ဂီတ နယ်ပယ်သားတွေရဲ့ ဇာတ်လမ်း၊ ဇာတ်ကွက်၊ ဟန်ပန်အမူအရာ၊ ဇာတ်ဝင်ပြောစကား၊ စကားလုံး အသုံးအနှုန်း၊ လေသံအနိမ့်အမြင့်တွေကို ကြည့်မလား၊ လူမှုရေးဆိုင်ရာ မင်္ဂလာပွဲ၊ မွေးနေ့ဧည့်ခံပွဲတွေကို ကြည့်မလား ကျွန်တော်တို့ တစ်တွေရဲ့ ယဉ်ကျေးမှု ရေချိန်မြင့်လာသလား၊ တက်လာသလား ဝေခွဲရ ခက်လာတယ်။
မင်္ဂလာယူ၊ ကျက်သရေယူနေတဲ့ အလှူမင်္ဂလာ၊ လက်ထပ်မင်္ဂလာပွဲတွေမှာ အနက်ရောင် ဝမ်းဆက်၊ ပေါင်လယ်စကတ်၊ လည်ဟိုက်၊ ချိုင်းပြတ်၊ ရှော့ပင်၊ ဂျင်းဘောင်းဘီရှိုးပြဲ၊ မရိုမသေ ဘန်းစကား စတစ်ကာရိုက် တီရှပ်နဲ့ ပြောင်ပြောင်တင်းတင်း လာတက်တဲ့သူတွေ တွေ့နေရပြီ။
ဘတ်စ်ကားပေါ်မှာ၊ မြို့ပတ်ရထားပေါ်မှာ၊ လူကြားထဲမှာ၊ စားသောက်ဆိုင်မှာ၊ ကော်ဖီဆိုင်မှာ၊ အခမ်းအနားထဲမှာ အော်ကြီးဟစ်ကျယ် ဖုန်းပြောတဲ့သူတွေ၊ အခမ်းအနားမှာ ဖုန်းအသံ ပိတ်မထားသူတွေ၊ ကားမောင်းနေရင်း လက်နဲ့ကိုင်ပြီး ဖုန်းပြောသူတွေ အများကြီး တွေ့နေရပြီ။
ဆေးရုံဝင်းထဲမှာ၊ အားကစားကွင်းထဲမှာ၊ စားသောက်ဆိုင်တွေမှာ၊ လူစည်ကားတဲ့ ဘတ်စ်ကား မှတ်တိုင်တွေမှာ၊ မြို့ပတ်ရထားပေါ်မှာ၊ ဘတ်စ်ကား ဒရိုင်ဘာ ထိုင်ခုံပေါ်မှာ၊ လေအေးစက်တပ် အခန်းတွေ၊ စားသောက်ဆိုင်၊ ကော်ဖီဆိုင်တွေမှာ ဆေးလိပ်တထောင်းထောင်း သောက်နေသူတွေ၊ ဆေးလိပ်ခွက် ချထားပေးတဲ့ ဆိုင်တွေ အများကြီး တွေ့နေရပြီ။
ရုပ်ရှင်၊ ဗီဒီယို ဇာတ်လမ်းတွေ၊ ရုပ်/သံ အစီအစဉ်တွေထဲမှာ ဘီယာ၊ အရက်၊ ထန်းရည်သောက်ခန်းကို စိမ်ပြေနပြေထည့်ရိုက်၊ ကွမ်းယာစားပြီး ကွမ်းတံတွေး စည်းကမ်းမဲ့ တွေ့ကရာ ထွေးတာကို ရိုက်ပြ၊ လမ်းစည်းကမ်း မလိုက်နာ၊ မျဉ်းကျား မဟုတ်ဘဲ တွေ့ကရာ နေရာက လမ်းဖြတ်ကူးတာကို ရိုက်ပြ၊ ကိုယ့်ထက်အသက်ကြီးသူ၊ မိဘ၊ ညီအစ်ကို၊ မောင်နှမ၊ သူငယ်ချင်း၊ မိတ်ဆွေတွေအကြား မယဉ်ကျေးတဲ့ ကိုယ်ဟန်အမူအရာ၊ စကားလုံး အသုံးအနှုန်းနဲ့ အော်ကြီးဟစ်ကျယ် ရန်ဖြစ်တဲ့ အခန်းတွေ ခဏခဏ ထည့်ပြနေတာတွေကိုလည်း မကြည့်ချင်၊ မမြင်ချင်မှ အဆုံးဖြစ်နေပြီ။
ရှေးခေတ်က ထိုးကွင်းမင်ကြောင်လို မဟုတ်တဲ့ တက်တူးဗရပွ၊ နားကွင်း၊ နားပေါက်၊ ဆံပင်ဘီးကုတ်နဲ့ ပိန်ညှောင်ညှောင် အမျိုးသားကလေးတွေ၊ စတိတ်ရှိုးပွဲတွေ၊ နိုက်ကလပ်တွေ၊ ဒေးကလပ်တွေမှာ ပေါင်ရင်းအနားကပ် စကပ်၊ ဘောင်းဘီ၊ အသားကပ် ဘောင်းဘီရှည်၊ အပေါ်ပိုင်း ဗလာကျင်း၊ ချက်ပေါ်၊ ပခုံးကြိုး နှစ်ချောင်းအင်္ကျီ၊ ရင်ညွှန့်ပေါ်နဲ့ တင်ပါးအထက် တက်တူးထိုး မိန်းကလေးငယ်လေးတွေ၊ ပြိုင်ကားကို အိတ်ဇောသံ ကျယ်ကျယ်ထွက်အောင် လီဗာနင်းပြီး မြို့ထဲလမ်းတွေပေါ် အပြိုင်မောင်းနေတဲ့ ဆယ်ကျော်သက်၊ နှစ်ဆယ်ကျော်တွေ တွေ့နေရပြီ။
ဘာပဲပြောပြော ဒါတွေက ခေတ်သစ်ကမ္ဘာထဲကို တိုးဝင်တဲ့အခါမှာ မဖြစ်မနေ ရင်ဆိုင်ရမယ့် ရေစီးကြောင်းတွေ။ ရေစီးကြောင်းဆိုတာ သိပ်တင်းခံလွန်းလို့လည်း မရ၊ ဒလဟော ရေစုန်မျောလိုက်ဖို့လည်း မသင့်တော့ ဒါတွေကို ကိုယ်ခံအား ကောင်းကောင်းနဲ့ အလိုက်သင့် အလျားသင့်ဖြစ်အောင် ချိန်ချိန်ဆဆ စီးမျောတတ်ဖို့ လိုမယ်။ လူမှုကျင့်ဝတ်နဲ့လည်း မညီ၊ ယဉ်ကျေးမှုနဲ့လည်း သိပ်ဖီလာပြုနေတာမျိုးကိုတော့ ကိုယ်ခံအားကောင်းတဲ့ သူတွေမှ ငြင်းဆန်နိုင်တယ်။
ကိုယ်ခံအားကောင်းဖို့ အတွက်ကတော့ ကိုယ်နေထိုင်တဲ့ ပတ်ဝန်းကျင်မှာ ကျင့်သုံးတဲ့စနစ်၊ အသိပညာအခြေခံ၊ လူနေမှု အဆင့်အတန်း၊ စီးပွားရေး အခြေအနေ၊ စစ်မှန်တဲ့ ဘာသာရေး အဆုံးအမတွေက ပံ့ပိုးကူညီပေးတယ်။ အဓိက အကျဆုံးကတော့ ကိုယ်တိုင်လုပ်မှ ရမယ် ဆိုတာပဲ။ ကျွန်တော်တို့ တစ်ဦးချင်းစီက ကိုယ့်ဘာသာ တည်ဆောက်ထားရင် ကျွန်တော်တို့ တစ်ဦးချင်းစီက ကိုယ်ခံအားကောင်းနေမှ ကျွန်တော်တို့ ပတ်ဝန်းကျင်၊ လူ့အဖွဲ့အစည်းလည်း ကိုယ်ခံအား ကောင်းလာမယ် မဟုတ်လား။
-ကျော်မင်းဆွေ
အယ်ဒီတာ (၉-၇-၂၀၁၄)