Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

“ ကျောင်းမုန့်ဈေးတန်းပြသနာ ဘယ်လိုဖြေရှင်းမလဲ ”-စည်သူအောင်မြင့်

$
0
0
မီဒီယာ သမားတစ်ချို့နဲ့ မသိနားမလည်သူ အများစုဟာ မသန့်ရှင်း၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ မုန့်နဲ့ အစားအသောက်တွေ ရောင်းချတယ်ဆိုပြီး ဈေးသည်တွေကို အပစ်တင်ချင်ကြပါတယ်။ တကယ်တော့ သူတို့တွေ ဗဟုသုတ နဲ့ ပညာရည် နည်းပါးကြလို့ပါ။ ဒါဟာ နှစ်ပေါင်းများစွာ အဖတ်ဆည်လို့ မရအောင် ကျဆင်းခဲ့တဲ့ ပညာရေးစနစ်ဆိုးရဲ့ အကျိုးဆက်ကြောင့် လို့ ပြောနိုင်ပါတယ်။
မဇ္ဈိမ သတင်းစာ၊

တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်ဘက်က သတင်းတွေ တင်ပြလေ့ရှိတဲ့ Dawei Watch မီဒီယာဟာ ထူးထူးခြားခြား ဆိုသလိုပဲ ကျောင်းမုန့်ဈေးတန်းတွေနဲ့ ဆိုင်တဲ့ သတင်းတစ်ပုဒ် ဖော်ပြခဲ့ပါတယ်။ သတင်းကတော့ ထားဝယ်မြို့နယ် ကျောင်းကျန်းမာရေး အဖွဲ့ဟာ ကျောင်းမုန့်ဈေးတန်းတွေမှာ ရောင်းခွင့်မပြုတဲ့ မုန့်အမျိုးအစား ၁၁ မျိုးကို ထုတ်ပြန်လိုက်တဲ့ သတင်းပါ။ ခုတလော အလားတူ အခြားသော သတင်းစာ ဂျာနယ်တွေကလည်း ရန်ကုန်နဲ့ အခြားနယ်မြို့တွေက ကျောင်း မုန့်ဈေးတန်းက အစားအစာ အကြောင်းတွေ ရေးသားဖော်ပြတာကိုလည်း တွေ့ရပါတယ်။ အဓိကကတော့ သတင်းစာ ဂျာနယ်တွေဟာ ကလေးသူငယ်တွေအပါအ၀င် ကျောင်းသား၊ ကျောင်းသူတွေဆိုတာ နိုင်ငံရဲ့ အနာဂတ်၊ နိုင်ငံရဲ့ အရေးကြီးတဲ့ လူသားရင်းမြစ်တွေ၊ ဒါ့ကြောင့် သူတို့ရဲ့ ကျန်းမာရေးကိစ္စ၊ မုန့် အပါအ၀င် အစားအသောက်၊ အဟာရ ကိစ္စ အရေးကြီးတယ်လို့ ယူဆပြီး ရေးသားဖော်ပြနေကြတာပါ။ သူတို့ ဘာတွေ ရေးသားဖော်ပြနေကြပါသလဲ၊ လက်ရှိ နိုင်ငံအနှံ့ စာသင်ကျောင်းတွေက မုန့်ဈေးတန်းတွေ အခြေအနေ ဘယ်လို ရှိသလဲ၊ အဲဒီ ကိစ္စနဲ့ ဆက်စပ်ပြီး ဘာပြသနာတွေကိုပါ ကိုင်တွယ် ဖြေရှင်းသင့်သလဲ ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

ထားဝယ်မြို့ ကျောင်းကျန်းမာရေး အဖွဲ့က တားမြစ်လိုက်တဲ့ မုန့်အမျိုးအစားတွေကတော့ “ ဆိုးဆေးလွန်ကဲစွာ ပါရှိသော ရေခဲထုပ်၊ အချိုရည်ဗူး၊ ဂျယ်လီ၊ ငရုပ်ဆီ၊ အချဉ်ရည်နဲ့ မုန့်များ၊ စီးကရက် တံဆိပ်ပါ ဆေးလိပ်ဗူးပုံစံ မုန့်ထုပ်များ၊ အစိမ်းစားရသော အသားတု အချောင်းများ၊ ဆေးပြားပုံစံမုန့်များ၊ အဟာရ ဖွံ့ဖြိုးရေးအတွက် အထောက်အကူ မပြုသော မုန့်ထုပ်များ၊ ကုန်အမှတ်တံဆိပ် မပြည့်စုံသော မုန့်ထုပ်များ၊ သက်တမ်းကုန်ဆုံးသော မုန့်ထုပ်များ၊ ပေါက်ပြဲပျက်စီးသော မုန့်ထုပ်များ၊ သတ်မှတ် အပူချိန်အတိုင်း မထားသော မုန့်ထုပ်များ၊ မြန်မာ- အင်္ဂလိပ်စာဖြင့် ဖော်ပြထားခြင်း မရှိသော မုန့်ထုပ်များ၊ အမှည့်လွန်သော သစ်သီးများ” ဆိုပြီးဖြစ်ပါတယ်။ အတော်လေးကို စေ့စပ်သေခြာတဲ့ တားမြစ်မှုလို့ ပြောရရင် ရနိုင်ပါတယ်။

ဒါပေမယ့် ခက်တာက မြန်မာပြည် အနှံ့အပြားက ကျောင်းမုန့်ဈေးတန်း တွေမှာကလည်း အများအားဖြင့် အဲဒီ တားမြစ်ထားတဲ့ မုန့်နဲ့ အစားအသောက်တွေကိုပဲ ရောင်းချနေကြတဲ့ ပြသနာပါ။ ပထမ ပြသနာကတော့ ဆင်းရဲမှုပါ။ ဆင်းရဲတဲ့ ရပ်ကွက်၊ ကျေးရွာတွေက ကျောင်းမုန့်ဈေးတန်းတွေမှာ ဈေးပေါတဲ့၊ ဆင်းရဲသား ကျောင်းသူကျောင်းသားတွေ ၀ယ်စားနိုင်တဲ့ မုန့်နဲ့ အစားအသောက်တွေကိုပဲ ရွေးချယ်ရောင်းချလေ့ ရှိကြပါတယ်။ အဲလို ဈေးပေါပေါနဲ့ ရောင်းနိုင်၊ ကျောင်းသူကျောင်းသားတွေ ၀ယ်စားနိုင်တဲ့ မုန့်နဲ့ အစားအသောက် စာရင်းထဲမှာ ထားဝယ်မြို့ ကျောင်းကျန်းမာရေးအဖွဲ့က ကန့်သတ်လိုက်တဲ့ အမျိုးအစား အများကြီးပါဝင်နေတာ တွေ့နိုင်ပါတယ်။ ဆင်းရဲရင် လုပ်ရကိုင်ရ အကောင်အထည် ဖော်ရ ပိုခက်ခဲပါတယ်။

နောက်ထပ် အရေးကြီးတာ တစ်ခုက ကျောင်းမုန့်ဈေးတန်းတွေမှာ ဈေးရောင်းနေတဲ့ ဈေးသည်တွေကို ပညာပေးရေးပါ။ မီဒီယာ သမားတစ်ချို့နဲ့ မသိနားမလည်သူ အများစုဟာ မသန့်ရှင်း၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ မုန့်နဲ့ အစားအသောက်တွေ ရောင်းချတယ်ဆိုပြီး ဈေးသည်တွေကို အပစ်တင်ချင်ကြပါတယ်။ တကယ်တော့ သူတို့တွေ ဗဟုသုတ နဲ့ ပညာရည် နည်းပါးကြလို့ပါ။ ဒါဟာ နှစ်ပေါင်းများစွာ အဖတ်ဆည်လို့ မရအောင် ကျဆင်းခဲ့တဲ့ ပညာရေးစနစ်ဆိုးရဲ့ အကျိုးဆက်ကြောင့် လို့ ပြောနိုင်ပါတယ်။ သူတို့ကို ဗဟုသုတ မရှိရကောင်းလား၊ နားမလည်ရကောင်းလား အပြစ်တင်လို့ မဖြစ်ပါဘူး။ ဘယ်ဟာက ကျန်းမာရေးနဲ့ ညီညွတ်တယ်၊ ဘယ်ဟာက မညီညွတ်ဘူး ရှင်းပြ၊ စည်းရုံးဖို့ လိုပါတယ်။ လိုအပ်ရင် ဈေးနှုန်းသက်သာပြီး ကျန်းမာရေးနဲ့လည်း ညီညွတ်၊ ကလေးတွေလည်း ၀ယ်စားချင်တဲ့ မုန့်နဲ့ အစားအသောက် အမျိုးအစားတွေ ရောင်းချဖို့ လမ်းညွှန်ပေးနိုင်ရပါမယ်။

နောက်ထပ် ပြသနာ တစ်ခုက ကျောင်းအုပ် ဆရာဆရာမကြီးတွေနဲ့ ကျောင်းဆရာ၊ ဆရာမတွေရဲ့ အခန်းကဏ္ဍပါ။ ပြောမယ့်သာပြောရ ပညာရေးစနစ်ဆိုးအောက်မှာ ကျောင်းဆရာ ဖြစ်လာကြတဲ့ သူတို့ရဲ့ ဗဟုသုတ၊ ပညာရည်ဟာလည်း အများကြီး အားနည်းနေပါတယ်။ တစ်ချိန်က ကျန်းမာရေးနဲ့ မညီညွတ်တဲ့၊ ဈေးပေါတဲ့ အစားအသောက်တွေကို ကျောင်းဆရာဆရာမတွေကိုယ်တိုင် အတင်းအကြပ် ရောင်းချခဲ့ဖူးတာကို ပြန်အမှတ်ရကြမယ် ထင်ပါတယ်။ အခုကိစ္စမှာလည်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်ဆိုင်ရာ ဗဟုသုတ ကျောင်းအုပ်နဲ့ ဆရာ ဆရာမတွေကိုပါ အသိပညာ ဖြန့်ဖြူးပေး ဖို့ လိုပါတယ်။ ဒါကို ပညာရေး ၀န်ကြီးဌာနက ဖြစ်စေ၊ အစိုးရပိုင် သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြားတွေကနေ ဖြစ်စေ၊ ပုံမှန် လုပ်ပေးဖို့ လိုအပ်ပါတယ်။

ကျောင်းအုပ်နဲ့ ကျောင်းဆရာဆရာမတွေကို ဗဟုသုတ အသိဥာဏ် ဖြန့်ဖြူးပေးရေးဟာ အတော်လေး အရေးကြီးပါတယ်။ အကြောင်းကတော့ ကျောင်းသူကျောင်းသား ကလေးသူငယ်တွေရဲ့ စဉ်းစားပုံ၊စည်းစားနည်းနဲ့ အထွေထွေ ဗဟုသုတ ရရှိမှုဟာ သူတို့ကို သင်ကြားပြသပေးမယ့် ဆရာ၊ ဆရာမတွေ အပေါ်မှာ မူတည်နေလို့ပါပဲ။ မိဘတွေထက်တောင် ပိုအရေးကြီးပါတယ်။ ရှေ့မှာ ပညာရေး နိမ့်ပါးကျဆင်းမှုကြောင့် မျိုးဆက် တစ်ဆက်ပြီး တစ်ဆက် ပညာရည် နိမ့်ပါးလာလိုက်တဲ့ဒါဏ် ဒီကနေ့ ခံကြရတာမို့ ပညာရေးမြှင့်ချင်ရင် ဆရာ ဆရာမတွေရဲ့ အရည်အသွေး မြှင့်ရပါလိမ့်မယ်။ အရည်အသွေးမြင့်သူတွေ ဆရာဆရာမ အသက်မွေးဝမ်းကျောင်း ရွေးချယ်လာအောင် စနစ်တကျ အစီအစဉ် ချမှတ် အကောင်အထည် ဖော်ရပါလိမ့်မယ်။

နောက်ဆုံးပြသနာကတော့ အစိုးရနဲ့ နိုင်ငံတော်ရဲ့ အခန်းကဏ္ဍပါ။ ဒုတိယ ကမ္ဘာစစ်အပြီး ဂျပန်မှာ အစိုးရဟာ စာသင်ကျောင်းတွေမှာ ကလေးတွေကို အဟာရရှိတဲ့ အစားအစာ ကျွေးမွေးတဲ့ အစီအစဉ် တစ်ရပ် စနစ်တကျ အကောင်အထည် ဖော်ခဲ့ပါတယ်။ အဲဒီ အစီအစဉ်ရဲ့ အကျိုးဆက်အဖြစ် နောက်ပိုင်း ဂျပန် မျိုးဆက်ဟာ ဒုတိယ ကမ္ဘာစစ် မတိုင်ခင်ကထက် ပိုကျန်းမာ၊ ပိုထွားကျိုင်းရုံမက ပိုပြီး ပညာရည်ပြည့်ဝတဲ့ မျိုးဆက်အဖြစ် ထွက်ပေါ်လာနိုင်ပါတယ်။ မြန်မာနိုင်ငံလို ဆင်းရဲတဲ့ နိုင်ငံအနေနဲ့ အဲဒီလောက်အထိ စီမံကိန်းချမှတ် အကောင်အထည် မဖော်နိုင်သေးပေမယ့် အသိဥာဏ်ဗဟုသုတ ဖြန့်ဝေတာကိုတော့ လက်တွေ့ကျကျ ထိထိရောက်ရောက် လုပ်ပေးဖို့ လိုအပ်နေပါတယ်။

ဒီအတွက် လက်ရှိ ဖြစ်ပေါ်နေတဲ့ ကျောင်းမုန့်ဈေးတန်းတွေမှာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့၊ အဟာရ မပြည့်ဝတဲ့ မုန့်နဲ့ အစားအသောက်တွေ ရောင်းချနေကြတဲ့ကိစ္စ ရောင်းချသူ ဈေးသည်တွေကိုချည်းပဲ အပြစ်တင်တာ၊ တားမြစ်ပိတ်ပင်တာမျိုး မလုပ်ပဲ ပညာပေးတာ၊ စည်းရုံးရေးတာမျိုး လုပ်သင့်ပါကြောင်း၊ တဆက်တည်း တစ်တိုင်းပြည်လုံး အသွင်ဆောင်တဲ့ ပညာပေးမှုမျိုးတွေကိုလည်း ၀န်ကြီးဌာန အစီအစဉ်နဲ့ရော၊ မီဒီယာ အားလုံး အသုံးပြုပြီးတော့ပါ ပြုလုပ်သင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

စည်သူအောင်မြင့်။

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...