၂ဝ၁၅ ဒီဇင်ဘာ ၂၁ မှာ ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံကို အုပ်ချုပ်ရမယ်ဆိုတဲ့ မင်းသိင်္ခရဲ့ ၁၉၈၉ခုနှစ်က ဟောကိန်း အမှန်ပါပဲလို့ အတည်ပြုခဲ့တဲ့ ဗေဒင်အကျော်အမော် ဆရာစံဇာဏီဘိုက ဒီဟောကိန်း သေချာပေါက်မှန်မယ်လို့ ကမာရွတ်မီဒီယာကို အတည်ပြုလိုက်ပါတယ်။ ဒါဆို ဒေါ်စု သမ္မတဖြစ်မှာ သေချာပြီလား။
၂ဝ၁၅နှစ်ကုန်မှာ အထွေထွေရွေးကောက်ပွဲတွေ ကျင်းပမယ်လို့ ရွေးကောက်ပွဲကော်မရှင်ထုတ်ပြန်ချက်တွေ ရှိတာကြောင့် အင်းစိန်ထောင်ထဲမှာ ဆရာမင်းသိင်္ခရဲ့ ဟောကိန်းအကြောင်း ဂျာနယ်တွေမှာ ပြန်လည်ဖော်ပြလာခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်စေဖို့ တားမြစ်ထားတဲ့ ပုဒ်မ ၅၉ (စ)ဟာ အစိုးရမှာပဲ ဥပဒေရှိတာမဟုတ်ဘဲ ဗေဒင်ပညာမှာလည်း ဂြိုဟ်တွေ၊ နက္ခတ်တွေရဲ့ သဘာဝဥပဒေသတွေ ရှိတာကြောင့် လူတွေရဲ့စာရွက်ပေါ်က ဥပဒေနဲ့ မဆိုင်ဘဲ ၂ဝ၁၅အကုန်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျိန်းသေပေါက် သမ္မတဖြစ်မယ်လို့ ဆရာမင်းသိင်္ခရဲ့ဟောကိန်း နားနဲ့ဆတ်ဆတ် နားထောင်ခဲ့ရတဲ့ ဆရာစံဇာဏီဘိုက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လ ၁၉ရက် မေထုန်ရာသီဖွားထဲမှာမှ သမားရိုးကျမဟုတ်ဘဲ ၂၇ဒီဂရီနဲ့ ၂၉ ဒီဂရီအတွင်း တနင်္ဂနွေဂြိုဟ် (အပိုလို)နဲ့ ဗုဒ္ဓဟူးဂြိုဟ် (မာကျူရီ)ရဲ့လွှမ်းမိုးမှုအောက်မှာ မွေးဖွားခဲ့သူမို့ ပြိုင်ဘက်မရှိဘဲ သူ့အောင်မြင်မှုနဲ့သူ သွားနေတဲ့သူဖြစ်တာမို့ ၂ဝ၁၅မှာ မြန်မာပြည်သူတွေ ကံကြမ္မာကောင်းနဲ့ ကြုံရမှာပါလို့ ဆိုပါတယ်။
၁၉၈၉ခုနှစ်က ဆရာမင်းသိင်္ခကြိုတင်ဟောကိန်းထုတ်ခဲ့သလို ဗေဒင်ပညာရှင်တွေအများစု ကြိုတင်မှန်းဆ တွက်ချက်မှုတွေအရ ၂ဝ၁၅နှစ်ကုန်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်ရဲ့အမြင့်ဆုံးတာဝန်ကို ထမ်းဆောင်ရမယ်ဆိုတဲ့ ဟောကိန်းတွေ ထပ်တူကျနေပါတယ်။
၂ဝ၁၅နဲ့ ၂ဝ၁၆တွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဘဝအတွက် ကြီးမားတဲ့ပြောင်းလဲတိုးတက်မှု၊ အောင်မြင်မှုတွေ အထွဋ်အထိပ်ကိုရောက်မှာဖြစ်ပြီး လူထုခေါင်းဆောင်အဖြစ်ကနေ အစိုးရအဖွဲ့ထဲပါဝင်လာပြီး အရေးကြီးတဲ့တာဝန်တွေ ထမ်းဆောင်ရမယ့် ဂြိုဟ်အနေအထားရပ်တည်မှုတွေ ရှိနေလို့ နက္ခတ်သိပ္ပံ၊ နိုင်ငံတကာရေးရာ နက္ခတ်သင်တန်းကျောင်းက ဦးဇေယျာကိုက ကမာရွတ်မီဒီယာကို ရှင်းပြပါတယ်။
ဒါပေမယ့် ဒီနှစ် ဇူလိုင်ကနေ ၂ဝ၁၅ ဇူလိုင်ကြားမှာတော့ ကြမ်းတမ်းတဲ့ နိုင်ငံရေးခယောင်းလမ်းကို ဖြတ်သန်းရမှာမို့ ဂုဏ်သိက္ခာထိခိုက်အောင် တိုက်ခိုက်မှု၊ ခန္ဓာကိုယ် အနာတရဖြစ်မှုတွေပေါ်နိုင်တာမို့ အထူးဂရုစိုက်သင့်ပြီး ၂ဝ၁၅ ဇူလိုင်ကျော်ရင်တော့ ကံကြမ္မာကောင်းတွေ စောင့်ကြိုနေမယ်လို့ သူက ပြောပါတယ်။
ဆရာမင်းသိင်္ခ ဟောကိန်းထုတ်ခဲ့ချိန်က ၁၉၉ဝ ရွေးကောက်ပွဲတောင် မကျင်းပရသေးချိန်၊ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်စတင်ကျခံရတဲ့ကာလဖြစ်ပြီး စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေအလိုကျရေးခဲ့တဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံတောင် ဘယ်ဆီနေမှန်းမသိသေးချိန် ဖြစ်တာမို့ လာမယ့်နှစ်ကုန်မှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ ထူးခြားတဲ့တိုက်ဆိုင်မှုဖြစ်တယ်လို့ စာရေးဆရာ မောင်သွေးသစ်က သုံးသပ်ပါတယ်။
၂ဝ၁ဝ ရွေးကောက်ပွဲ သပိတ်မှောက်ခဲ့ပြီးနောက်ပိုင်း ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲကတစ်ဆင့် လွှတ်တော်အတွင်း ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်လာချိန်၊ ၂ဝ၁၅ ရွေးကောက်ပွဲ နီးကပ်လာချိန်မှာ ၂ဝ၁၅ ဒီဇင်ဘာ ၂၁ရက်နေ့ လူထုခေါင်းဆောင် နိုင်ငံကိုခေါင်းဆောင်မယ်ဆိုတဲ့ ဟောကိန်းအတိုင်းဖြစ်လာဖို့ လမ်းကြောင်းတွေ ပေါ်လာနေတယ်လို့ ဆိုပါတယ်။
ရွေးကောက်ပွဲကော်မရှင်သာ ဘက်လိုက်မှုမရှိ၊ မျှမျှတတလွတ်လွတ်လပ်လပ်ရှိဖို့ စီမံနိုင်မယ်ဆိုရင်တော့ ဆရာမင်းသိင်္ခ တမလွန်ကနေ လက်ခမောင်းခတ်နိုင်မယ်လို့ ဆိုပါတယ်။
Kamayut media