မြန်မာနိုင်ငံတွင် နိုင်ငံရေးပုဒ်မများဖြင့် အရေးယူခံနေရသော နိုင်ငံရေးအကျဉ်းသား
တစ်စုံတစ်ယောက်မျှ မရှိတော့ဟု လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီ
အတွင်းရေးမှူး သမ္မတရုံး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်သိမ်းက မြန်မာတိုင်း(မ်)ကို
ပြောသည်။
နိုင်ငံရေးအကျဉ်းသားအရေး ဆောင်ရွက်နေသော အဖွဲ့အစည်းများက မြန်မာနိုင်ငံအကျဉ်းထောင်
အသီးသီးတွင် နိုင်ငံရေးအကျဉ်းသား ၂၉ ဦး ရှိသည်ဟု ပြောကြားထားသော်လည်း ၎င်းကမူ
အဆိုပါ ၂၉ ဦးသည် အခြားရာဇ၀တ်မှု ပုဒ်မများဖြင့် ဖမ်းဆီးခံထားရသည့်အတွက် နိုင်ငံရေး
အကျဉ်းသားအဖြစ် မသတ်မှတ်နိုင်ကြောင်း ပြောကြားခဲ့သည်။
"တချို့ဟာတွေက မူးယစ်ဆေးဝါးအမှုနဲ့ တွဲနေတယ်။ တချို့ဟာတွေက ဖောက်ခွဲမှုတွေနဲ့
တွဲနေတယ်။ တချို့က လူသတ်မှုတွေနဲ့ တွဲနေတော့ နိုင်ငံရေးပြစ်မှုကို သမ္မတ ဖယ်ပေးပြီးသားပါ။
အဲလိုဖယ်လိုက်တော့ လူသတ်မှုတို့၊ ဖောက်ခွဲမှုတွေက သပ်သပ်ကျန်နေတယ်။ အဲလိုကျန်နေတော့
နိုင်ငံရေးအကျဉ်းသားအဖြစ် စိစစ်လိုက်ရင် နစ်နာတဲ့သူတွေက ဘယ်ကျေနပ်မလဲ။ နိုင်ငံရေးပြစ်မှုနဲ့
ကျတဲ့လူကို မရှိတော့ဘူး"ဟု ၎င်းက ပြောသည်။
လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီသည် ယခင်စစ်အစိုးရ လက်ထက်က
နိုင်ငံရေး ပုဒ်မများဖြင့် ဖမ်းဆီးထောင်ချခံရသူများကိုသာ နိုင်ငံရေးအကျဉ်းသားအဖြစ်
သတ်မှတ်ကာ စိစစ်ပေးနေခြင်းဖြစ်ပြီး အစိုးရသစ်လက်ထက်အတွင်း တည်ဆဲဥပဒေများဖြင့်
အရေးယူခံနေရသူများအတွက်ကိုမူ စိစစ်ပေးမည် မဟုတ်ကြောင်း ၎င်းကပြောသည်။
၈၈ မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ဦးကိုကိုကြီးက နိုင်ငံရေး လှုပ်ရှားကြသူ
များထဲတွင် အစိုးရက အချို့ကို နိုင်ငံရေးပုဒ်မဖြင့် အရေးယူခြင်းရှိပြီး အချို့လူများကိုမူ အခြား
ရာဇ၀တ်မှု ပုဒ်မများဖြင့် လုပ်ကြံကာ တရားစွဲဆိုမှုများ ရှိခဲ့သည့်အတွက် အဆိုပါ ၂၉ ဦးကို
နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ကြောင်း ပြောသည်။
"နိုင်ငံရေးအကျဉ်းသားဆိုတာကို ယေဘုယျ သတ်မှတ်ချက်ထားတာကတော့ နိုင်ငံသား
အခွင့်အရေး ကာကွယ်စောင့်ရှောက်ဖို့ ဆောင်ရွက်ရင်းနဲ့ ပြစ်ဒဏ်ကျခံရတယ်။ ဒါမှမဟုတ် သူ့ရဲ့
လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ကို ဖော်ထုတ်တဲ့အတွက်ကြောင့် အကျဉ်းကျခံရတယ်။ နိုင်ငံရေး
ဆောင်ရွက်ချက်ကို ငြိုးပြီးတော့ တခြားပုဒ်မတွေနဲ့ စွပ်စွဲပြီး အကျဉ်းချခံထားရတယ်ဆိုတာတွေက
နိုင်ငံရေး ဆောင်ရွက်မှုကြောင့် အကျဉ်းကျခံနေရသူတွေကို နိုင်ငံရေးအကျဉ်းသားအဖြစ်
သတ်မှတ်ရမှာပဲ"ဟု ၎င်းက ပြောသည်။
နိုင်ငံရေးအကျဉ်းသား ၂၉ ဦး ထဲတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့၏
တပ်ဖွဲ့ဝင်များ ပါဝင်နေသည့်အတွက် အစိုးရဘက်မှ မဖြစ်မနေ လွှတ်ပေးရဖွယ်ရှိကြောင်း
ကော်မတီဝင် ဦးစိုင်းညွန့်လွင်က ပြောသည်။
မြန်မာတိုင်းမ်