ဒီဗွီဘီ က မသီတာ စီစဉ်တဲ့ “မေ့လိုက်တော့ ..ဆိုပေမဲ့” ဆိုတဲ့ ကိုငှက်ရဲ့ အမေကို တွေ့ဆုံမေးမြန်းထားတာကို ကြည့်ရတယ်။
“ကျနော် ကိုယ့်လမ်းကိုယ်ဖောက်ရတာကြောင့် အခုလောက်ပဲ ရောက်နိုင်သေးတာ အားမရဘူးဗျာ၊ အမေတို့သာ ဟိုးငယ်ငယ်လေးကတည်းက တကယ့်နားလည်တတ်ကျွမ်းတဲ့ ဆရာကြီးတွေနဲ့ စနစ်တကျ သင်ယူစေခဲ့ရင် ဒီထက်မက ကျနော်လုပ်နိုင်မှာ ဆိုပြီး သူတို့ကို စကားနာထိုးတဲ့ သားကြီးရဲ့ စကားကိုပြန်ကြားယောင်မိတိုင်း စိတ်မကောင်းဘူး“ လို့ မော်လမြိုင်သံနဲ့ ကိုငှက်ရဲ့အမေ ပြောသွားတယ်။
သူ့ကိုအရမ်းချစ်တဲ့ သူသိပ်ချစ်တဲ့ သားကြီးကို ၀ါသနာပါရာ ပညာကိုသင်ဖို့ မပံ့ဖိုး မိလေခြင်းချစ်ဆိုပြီး သူနောင်တရတယ် ဆိုပေမဲ့ ဒါမိဘတွေ့ရဲ့ အပြစ်မဟုတ်ပါဘူး သားဖြစ်သူရဲ့ ၀ါသနာနဲ့ မိဘတို့ရဲ့ စေတနာဆန္ဒ တစ်ထပ်တည်းမကျ ဖြစ်ခဲ့တာ နိုင်ငံ့အနေထားနဲ့ အများကြီး ဆိုင်ပါတယ်။ အဆင့်မြင့်ပညာဆိုတာ တက္ကသိုလ်ကသင်ကြားပေးမှ ဆိုတာနဲ့ ဘွဲ့တစ်ခုရပါမှ အောင်မြင်တဲ့ ဘ၀တစ်ခုကို တည်ဆောက်နိုင်မယ် ဆိုတာက အဲဒီခေတ်မြန်မာတွေအားလုံးလိုလိုရဲ့ အမြင်ပဲလေ၊ ညံ့ဖျင်းတဲ့ ပညာရေးပေါ်လစီနဲ့ အလုပ်အကိုင်သိပ်ရှားပါးလွန်းနေတဲ့ ခေတ်က အဲဒီမမြင်မြင်ရအောင်ကို လုပ်ထားတာ။
ပြီးတော့ အနုပညာနဲ့ပတ်သက်တဲ့ အဆင့်မြင့်ကျောင်းတောင်ဆိုတာ မရှိဘူး။ ပညာရေးပေါ်လစီ မကောင်းတော့ တက္ကသိုလ်အဆင့်မဟုတ်တဲ့ အနုပညာကျောင်းတွေဖြစ်တဲ့ ပန်းချီ ပန်းပုကျောင်းတို့ ပန်တျာကျောင်းတို့ ဆိုတာကလည်း အများလေးစားတဲ့ ဂုဏ်ဒြပ်တွေကို မအပ်နှင်းနိုင်ခဲ့ဘူး။
တကယ်လို့သာ ထူးအိမ်သင်ဖြစ်လာတဲ့ ကျောင်းသားလေးဟာ အခြေခံပညာပြီးတာနဲ့ သူဝါသနာပါတဲ့ သူစိတ်ဝင်စားတဲ့ ပညာရပ်ကို စနစ်တကျနဲ့ လွတ်လွတ်လပ်လပ် လေ့လာလိုက်စားနိုင်ခွင့် ရခဲ့မယ်ဆိုရင် ဆိုပြီးတွေးမိတော့ Queen အဖွဲ့ခေါင်းဆောင် ဖရက်ဒီမာကျူရီ ငယ်ဘ၀ကို သွားပြီးသတိရတယ်။ တန်ဇန်းနီးယားမွေး အိန္ဒိယနွယ်ဖွား ဖာရစီလူမျိုးလေး ဖရက်ဒီဟာ အသက် ၇ နှစ်လောက်ကတည်းက ကျောင်းမှာ စန္ဒရားကိုလေ့လာနေနိုင်ပြီး၊ အဲဒီနောက် အခြေခံပညာပြီးတာနဲ့ အဆင့်မြင့်အနုပညာကို တက္ကသိုလ်မှာ ဆက်လက်လေ့လာနိုင်ခဲ့တယ်။ ဒီတော့ နောင်မှာ ကမ္ဘာကျော် တေးရေးဆရာ၊ ဂီတပညာရှင် အဆိုတော်ကြီးတစ်ယောက် ဖြစ်ခဲ့တယ်။ တကယ်လို့ ကိုငှက်သာ ဒီလိုလေ့လာသင်ကြားခွင့် ရခဲ့မယ်ဆိုရင် ....
တနေ့က သတင်းထဲမှာ ရန်ကုန်က ဆယ်ကျော်သက်ရွယ် လူငယ်လေးတစ်ယောက် ကလက်စစ်ဂီတာ သင်းရိုးစာအုပ်တစ်အုပ်ကုန်အောင် သင်ယူနိုင်ခဲ့တဲ့အကြောင်း နားထောင်လိုက်ရတယ်၊ မြန်မာပြည်မှာ ဒီလို ဂီတာသမားက အတော်ရှားသတဲ့။ ဒီကနေခေတ် လူငယ်တွေ ကိုငှက်တို့ထက် အများကြီးကံကောင်းတယ်၊ အများကြီးသာတဲ့ အခွင့်လမ်းတွေရကြတယ်။ နောင်ဆို ပန်းချီ၊ ဂီတ၊ စာပေ၊ ရုပ်ရှင်၊ ပြဇာတ် စတဲ့ အဆင့်မြင့်အနုပညာတွေကို လွယ်လွယ်ကူကူ မိဘတွေ ကြည်ကြည်ဖြူဖြူနဲ့ သင်ယူခွင့်ရလာကြတော့မယ်၊ ဒီအနုပညာကျောင်းတော်ကြီးတွေက လူတွေလေးစားအားကျရတဲ့ ဂုဏ်ဒြပ်တွေ ပေးနိုင်တော့မယ်လို့ မျှော်လင့်မိပါတယ်။
Aung Zin Latt