Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

အမေရိကန် သတင်းထောက်ကို ခေါင်းဖြတ်သည့် စစ်သွေးကြွမှာ ဗြိတိန်နိုင်ငံသား တစ်ဦးဟု ယူဆရ

$
0
0
အမေရိကန် သတင်းထောက် တစ်ဦးကို သွေးအေးအေး ခေါင်းဖြတ်ပြခဲ့သည့် ဗီဒီယိုထဲတွင် ပါဝင်သော ဗြိတိန်နိုင်ငံသားဟု ယူဆရသည့် အစ္စလာမ်မစ် အစွန်းရောက် ဂျီဟတ်ဝါဒီ စစ်သွေးကြွကို မည်သူမည်ဝါ ဖော်ထုတ်နိုင်ရန် ဗြိတိန် ရဲတပ်ဖွဲ့နှင့် ထောက်လှမ်းရေး ဌာနတို့က အသည်းအသန် ကြိုးပမ်း လုပ်ဆောင်နေကြောင်း သိရှိရသည်။

အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့ (IS)မှဟု မိမိကိုယ်ကိုယ် မိတ်ဆက်ခဲ့သူ တစ်ဦးသည် အမေရိကန် သတင်းထောက် ဂျိမ်းစ်ဖိုလေကို ခေါင်းဖြတ်သတ်သည့် ဗီဒီယိုအား အင်တာနက်ပေါ် လွှင့်တင်ခဲ့သည်။ အမေရိကန်က IS အဖွဲ့ကို လေကြောင်းမှ တိုက်ခိုက်ခြင်းအတွက် ယခုလို တုံ့ပြန်ခြင်းဟု မျက်နှာဖုံးအမည်း စွပ်ထားသည့် အဆိုပါ စစ်သွေးကြွက ဗြိတိသျှ လေယူလေသိမ်း ပီပီသသဖြင့် ဗီဒီယိုထဲတွင် ပြောကြားထားခဲ့သည်။

အသက်(၄၀)အရွယ်ရှိ ဖိုလေသည် (၂၀၁၂)ခုနှစ် ကတည်းက ပျောက်ဆုံးနေခြင်းဖြစ်ပြီး ၎င်းကို အီရတ်နှင့် ဆီးရီးယားတို့ရှိ IS တို့ ထိန်းချုပ်ထားသည့် နယ်မြေ တစ်ခုခုတွင် သတ်ဖြတ်ခဲ့ခြင်းဟု ယူဆရသည်။ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်က ရက်စက်ကြမ်းကြုတ်လှသည့် အဆိုပါ လူသတ်မှုကို ကျူးလွန်သော စစ်သွေးကြွသည် ဗြိတိန်နိုင်ငံသားတစ်ဦး ဖြစ်နိုင်ခြေ တစ်စထက်တစ်စ မြင့်တက်လာနေကြောင်း ဝန်ခံခဲ့သည်။

ဩဂုတ်(၂၀)ရက်က အဆိုပါ ဗီဒီယို စတင်ပျံ့နှံ့လာပြီးနောက် ကင်မရွန်သည် အနားယူ အပန်းဖြေ ခရီးစဉ်ကို ဖျက်သိမ်းကာ ဝန်ကြီးချုပ်ရုံးခန်းသို့ ချက်ချင်း ပြန်လာခဲ့သည်။ အမေရိကန် အစိုးရသည် ဖိုလေနှင့် IS တို့ ထိန်းချုပ်ထားသည့် အခြား အမေရိကန် ဓားစာခံ တစ်ဦးကို ကယ်တင်ရန် စစ်ဆင်ရေးတစ်ရပ် စီစဉ်ခဲ့ဖူးသော်လည်း မအောင်မြင်ခဲ့ကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။

Guardian သတင်းစာက ဖိုလေကို ခေါင်းဖြတ်ခဲ့သူသည် ဆီးရီးယား အစိုးရ ဆန့်ကျင်ရေး စစ်ပွဲတွင် သွားရောက်ပူးပေါင်းသည့် ဗြိတိန်သား အစ္စလာမ်ဘာသာဝင်များအနက်မှ တစ်ဦးဦး ဖြစ်နိုင်ကြောင်း မှတ်ချက်ပြု ရေးသားခဲ့သည်။ Guardian၏ သတင်းစုံစမ်းမှုများအရ အဆိုပါ အမျိုးသားသည် ဗြိတိန်မှ ဆီးရီးယားသို့ သွားရောက်ခဲ့သော ဂျီဟတ်ဝါဒီ တိုက်ခိုက်ရေးသမားများ၏ ခေါင်းဆောင်ဖြစ်ပြီး လန်ဒန်တွင် နေထိုင်ခဲ့သူ တစ်ဦးဖြစ်ကြောင်း၊ ၎င်းကို လုပ်ဖော်ကိုင်ဖက်များက ဂျွန်ဟု ခေါ်ဝေါ်လေ့ရှိကြောင်းလည်း သိရှိရသည်။

ဗြိတိန်ထောက်လှမ်းရေးက စစ်သွေးကြွ လူသတ်သမားသည် IS အသိုက်အဝန်းတွင် လူသိများသူတစ်ဦ ဖြစ်နိုင်ကြောင်း ယူဆထားသည်။ ၎င်းသည် ဗီဒီယိုထဲတွင် မိမိ၏ မျက်နှာကို မပေါ်အောင် သတိကြီးစွာ ဝတ်ဆင် ကာကွယ်ထားသည့်တိုင် ၎င်း၏ အသံကို အခြေခံကာ သရုပ်မှန်ကို ဖော်ထုတ်နိုင်ရန် ဗြိတိန်ထောက်လှမ်းရေးက မျှော်လင့်လျက်ရှိသည်။
http://www.7daydaily.com/

Viewing all articles
Browse latest Browse all 32865

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>