သြဂုတ် ၅ ရက်ထုတ် Tomorrow ဂျာနယ်ပါ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်မှ နိုင်ငံတော်သို့ပေးရန် ရွှေစင်ကြွေးကျန်လုံးဝမရှိကြောင်း တရားဝင်ငြင်းဆိုချက်မှာ မဟုတ်မှန်ဘဲ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီအနေဖြင့် နိုင်ငံတော်သို့ပေးသွင်းရန် ရွှေစင်ကြွေးကျန်များ ကျန်ရှိနေသေးကြောင်း သတ္တုတွင်းဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။
အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ၊ ရွှေမိုးယံနှင့် အာရှကမ္ဘာမြေကုမ္ပဏီသုံးခုတို့သည့် နိုင်ငံတော်သို့ ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၃၁ ရက်အထိ ပေးသွင်းရမည့် ရွှေစင်ကြွေးကျန်မှာ ပိဿာချိန် ၁၀၀၀ ကျော်ဖြစ်ကြောင်း၊ ၂၀၁၄ ခုနှစ် မတ် ၁၇ ရက်အထိ ရွှေစင် ၄၆ ပိဿာကျော်သာ ပေးသွင်းသည့်အတွက် ရွှေစင်ပိဿာချိန် ၉၆၀ နီးပါး ကြွေးကျန်ရှိနေကြောင်း ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအပေါ် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက ပြန်လည်စိစစ်ထားသည့် ဇူလိုင် ၁၅ ရက် ရက်စွဲပါအစီရင်ခံစာတွင် ဖော်ပြထားသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်၏ အစီရင်ခံစာအပေါ် ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက စိစစ်တင်ပြသည့် အစီရင်ခံစာပါ ရွှေကြွေးကျန်ကိစ္စရပ်ကို ဇူလိုင် ၃၀ ရက်ထုတ် The Daily Eleven သတင်းစာတွင် ဖော်ပြခဲ့သည်။
သို့သော် ဦးစိုးထွန်းရှိန်မှ ၎င်း၏ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီအနေဖြင့် နိုင်ငံတော်သို့ပေးသွင်းရန် ရွှေစင်ကြွေးကျန်လုံးဝမရှိကြောင်းကို သြဂုတ် ၅ ရက်ထုတ် Tomorrow ဂျာနယ်တွင် တရားဝင်ငြင်းဆိုသွားခဲ့သည်။
ဦးစိုးထွန်းရှိန်က အစီရင်ခံစာတို့တွင်ပါဝင်သကဲ့သို့ ၎င်းအနေဖြင့် အကြွေးပေးရန်မကျန်ကြောင်း၊ ပြန်စစ်ပေးစေလိုကြောင်းနှင့် မီဒီယာများ အမြဲမှန်အောင် ရေးဖို့လိုကြောင်း တရားဝင်ငြင်းဆိုပြောကြားခဲ့ခြင်းလည်းဖြစ်သည်။
သြဂုတ် ၅ ရက်ထုတ် Tomorrow ဂျာနယ်တွင် "နိုင်ငံတော်သို့ပေးသွင်းရန် ရွှေစင်ကြွေးကျန် လုံးဝမရှိကြောင်း အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီမှ ဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်က တရားဝင်ငြင်းဆို" ဟူသောခေါင်းစဉ်ဖြင့် သတင်းဖော်ပြခဲ့ပြီး အဆိုပါသတင်းတွင် ဦးစိုးထွန်းရှိန်က "ဒီအပေါ်မှာပြောချင်တာက အကြွေးပေးစရာမကျန်ပါဘူး။ ကြိုက်တဲ့နေရာမှာ သွားစစ်ဆေးကြည့်ပါ။ ရတယ် ကြိုက်တာနဲ့စစ်" ဟူ၍လည်းကောင်း၊ "အဲဒီအစီရင်ခံစာအဖွဲ့တွေကို သေချာပြန်စိစစ်ပေးပါလို့ ပြောချင်တယ်။ မီဒီယာတွေကလည်း အမြဲတမ်းမှန်အောင်ရေးဖို့လိုတယ်။ သတင်းတစ်ခုကို ရတယ်ဆိုတာနဲ့ ရေးဖို့မသင့်ဘူး' ဟူ၍လည်းကောင်း ပြောကြားထားခြင်းဖြစ်သည်။
ဦးစိုးထွန်းရှိန်၏ ငြင်းဆိုချက် ဟုတ်မ ဟုတ် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီအပါအ၀င် ကုမ္ပဏီသုံးခု ရွှေကြွေးကျန်ရှိမရှိကို သတ္တုတွင်းဝန်ကြီးဌာနသို့မေးမြန်းရာ တာဝန်ရှိသူတစ်ဦးက ကုမ္ပဏီသုံးခုစလုံး အကြွေးကျန်နေသေးကြောင်း အတည်ပြုပြောကြားသည်။
မိုးထိမိုးမိတွင် ရွှေလုပ်ကွက်ငါးကွက်ရှိကြောင်း၊ နှစ်ကွက်ကို ပြန်လည်အပ်နှံသွားသည့်အတွက် လုပ်ကွက်သုံးကွက် ကျန်ရှိကြောင်း၊ အဆိုပါလုပ်ကွက်သုံးကွက်ကို လက်ရှိလုပ်ကိုင်နေသည့် ကုမ္ပဏီသုံးခုစလုံး (အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီအပါအ၀င်) နိုင်ငံတော်သို့ပေးသွင်းရမည့် ရွှေကြွေးကျန်များရှိနေဆဲဖြစ်ကြောင်း၊ မိုးထိမိုးမိရွှေလုပ်ကွက်များသို့ ကိုယ်တိုင်လိုက်လံကြည့်ရှုလိုပါက သွားရောက်ကြည့်ရှုနိုင်ကြောင်း သတ္တုတွင်းဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက သြဂုတ် ၂၀ ရက်တွင် အတည်ပြုပြောကြားသည်။
အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီအပါအ၀င် ကုမ္ပဏီသုံးခုမှ နိုင်ငံတော်သို့ပေးသွင်းရန် ရွှေစင်ကြွေးကျန်များ ကျန်ရှိနေမှုအပေါ် စာရင်းစစ်ကန့်ကွက်ချက်နှင့် စစ်ဆေးတွေ့ရှိချက်များကို အစီရင်ခံစာတွင် ဖြော်ပထားမှု
အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီအနေဖြင့် မိုးထိမိုးမိရွှေလုပ်ကွက်တွင် လုပ်သားများနှင့်သဘောတူထားသည့်အတိုင်း မလုပ်ပေးသည်မှစ၍ ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ရကြောင်း၊ ရွှေလုပ်သားများအနေဖြင့် ရန်ကုန်မြို့ပေါ်အထိပါ တက်ရောက်ဆန္ဒပြခဲ့ကြပြီး ရန်ကုန်မှ နေပြည်တော်သို့ လမ်းလျှောက်ဆန္ဒပြခဲ့ကြောင်းလည်း သိရသည်။
၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်ညက ဆန္ဒပြသူများနှင့် ရဲများ ရုန်းရင်းဆန်ခတ်ဖြစ်၍ ဆန္ဒပြသူများဘက်မှ ကိုးဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ဆန္ဒပြသူများထဲမှ ရွှေလုပ်သားခေါင်းဆောင်လေးဦးမှာ တရားစွဲဆိုခံခဲ့ရပြီး တစ်ဦးလျှင်ထောင်ဒဏ်ရှစ်လနှင့် ဒဏ်ငွေကျပ်တစ်သောင်းစီ ချမှတ်ခံခဲ့ရကြောင်း သိရသည်။
ဦးစိုးထွန်းရှိန်သည် မကြာသေးမီကလည်း မော်ဒယ်သရုပ်ဆောင် ချမ်းမီမီကိုနှင့်လက်ထပ်ခဲ့ပြီး ၎င်းတို့အနေဖြင့် လကမ္ဘာသို့ ဟန်းနီးမွန်းထွက်မည်ဟုပြောကြားချက်မှာ မီဒီယာများကြားတွင် ရေပန်းစားခဲ့သည်။
http://news-eleven.com/