မဇ္ဈိမ သတင်းစာ၊
ပြီးခဲ့တဲ့ တစ်ပါတ်ကျော်က အိမ်နီးချင်း မိတ်ဆွေတစ်ယောက် အိမ်ကို အမောတကော ရောက်လာပြီး သတင်းတစ်ခု ပေးပါတယ်။ လမ်းထိပ်မှာ သူတို့ကိုယ် သူတို့ SB ( အထူးရဲသတင်းတပ်ဖွဲ့) လို့ ပြောတဲ့ လူ သုံးယောက် ခင်ဗျားဘယ်မှာနေသလဲ လိုက်မေးနေတယ်တဲ့။ မွန်းတည့်နေ ဂျာနယ်မှာ စာရေးတဲ့ စည်သူအောင်မြင့် ဆိုပြီး မေးတယ် လို့ ဆိုပါတယ်။ ကျွန်တော်က အဲဒီ လူတွေ SB က သေခြာလားလို့ မေးပါတယ်။ သူက သူတို့ကတော့ အဲလို ပြောတာပဲ လို့ ပြန်ဖြေပါတယ်။ ဒီတော့ ကျွန်တော်က SB က လူတွေသေခြာရင် ကျေးဇူးပြုပြီး ကျွန်တော့်အိမ် ခေါ်လာပေးပါ။ ဒါပေမယ့် SB မဟုတ်ပဲ “ဘယ်ကမှန်းမသိတဲ့ လူတစ်စု” ဆိုရင်တော့ ခေါ်မလာပါနဲ့လို့ မှာထားလိုက်ပါတယ်။
အဲဒီ အချိန်နဲ့ သိပ်မတိမ်းမယိမ်းပါပဲ။ အစ်ကိုကြီးတစ်ယောက်လို ရင်းနှီးနေသူတစ်ယောက်ဆီကို လုံခြုံရေး အဖွဲ့အစည်းကြီးတစ်ခုက တာဝန်ရှိသူတွေ ရောက်လာပြီး ကျွန်တော်နဲ့ ပါတ်သက်တဲ့ အချက်အလက်တွေ မေးမြန်း စုံးစမ်းပါတယ်တဲ့။ သူက SB လို့ တိုက်ရိုက် မပြောပါဘူး။ သူသိသလောက် ကျွန်တော့်ကိုယ်ရေး အချက်အလက် အကုန်လုံး ပြောပြရှင်းပြပေးခဲ့ပါသတဲ့။ တကယ်လို့ ထပ်ပြီး သိချင်သေးရင် ရုံးကို ခေါ်လာပေးမယ်၊ မေးချင်တာ မေးနိုင်တယ်၊ ဒါမှမဟုတ် အဲ့ကောင် ဘီယာသောက်တတ်တယ်၊ ဘီယာတိုက်ရင်း မေးရင် သူက သဘောတောင် ကျဦးမှာ။ လုပ်ပေးရမလား မေးတော့ အဲလောက် မလိုပါဘူးလို့ ပြောသွားပါသတဲ့။
ပြောရရင် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်က SB လို အဖွဲ့အစည်း ကျွန်တော့်အကြောင်း စုံစမ်းတယ် ဆိုတာ ဖြစ်နိုင်ပါတယ်။ “အမည်မသိ လူအုပ်ကြီး” ကို ကျွန်တော်ကြောက်ပါတယ်။ ဒါပေမယ့် SB ဆိုတာ တရားဝင် လုံခြုံရေး အဖွဲ့အစည်းကြီး တစ်ခု ဖြစ်တယ်ဆိုတော့ ကျွန်တော်တို့ ပြည်သူတွေ သူတို့နဲ့ ၀ိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရမှာပါ။ လတ်တလော သတင်းမီဒီယာ အသိုင်းအ၀ိုင်းနဲ့ ပါတ်သက်ပြီး အက်စ်ဘီ အဖွဲ့က လုပ်ကိုင်ဆောင်ရွက်နေတာတွေကို ကြည့်ရင် ကျွန်တော့်ကို စုံစမ်းတာ၊ စိတ်ဝင်စားတာ ဖြစ်နိုင်ခြေ ရှိပါတယ်။ သဘာဝ လည်းကျပါတယ်။ ပြသနာ တစ်ချို့နဲ့ ပါတ်သက်ပြီး ကျွန်တော်ရေးတဲ့ သတင်းဝေဖန်ချက် ဆောင်းပါးတွေမှာ SB ရဲ့ လုပ်ကိုင်ဆောင်ရွက်ပုံတွေကို ဝေဖန်တာ၊ ပြည်ထဲရေးဝန်ကြီးဌာန ရဲ့ တာဝန်ရှိမှုကို ဝေဖန်တာ အပြင် တစ်ခါတစ်ရံ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကိုကိုရဲ့ တာဝန်ရှိမှုကိုပါ ထောက်ပြခဲ့လို့ ဖြစ်နိုင်ပါတယ်။ ကျွန်တော်ကတော့ အဲလို ထောက်ပြလိုက်ရင် ၀န်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန နဲ့ အက်စ်ဘီ အတွက် အကျိုးရှိမယ်၊ တိုင်းပြည်အတွက်လည်း အကျိုးများမယ်လို့ အခိုင်အမာ ယူဆ ပြီး ဝေဖန်ထောက်ပြ ရေးသားခဲ့တာပါ။ ဒါပေမယ့် ခုလို ပြသနာမျိုး ရှိလာနိုင်တယ် ဆိုတာကိုလည်း ကြိုတင်ခန့်မှန်းမိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်က ပူးပေါင်းဆောင်ရွက်ဖို့ ဆုံးဖြတ်ထားတဲ့အတွက် ကျွန်တော့အကြောင်းအကျဉ်းနဲ့ ကျွန်တော့် သဘောထား နှစ်မျိုးအကြောင်း SB ကို ရည်စူးပြီး ဒီနေရာကနေပဲ ရှင်းလင်းပြောပြပါ့မယ်။
ကျွန်တော့်ကို ၁၉၆၅ မှာမွေးတော့ အသက် ၅၀ ပြည့်ပါတော့မယ်။ မြေးလေးတောင် တစ်ယောက် ရနေပါပြီ။ ငယ်စဉ် ၁၉၈၂ မှာ မော်လမြိုင် ဒီဂရီ ကောလိပ်တက်ရင်း “ပန်းဦးနေခြည်” လို့ အမည်ရတဲ့ နိုင်ငံရေးဆန်တဲ့ လက်ရေးကဗျာစာအုပ်လေး တစ်အုပ် သူငယ်ချင်းတွေနဲ့ စုပြီး ထုတ်ဝေခဲ့ပါတယ်။ နောက်တော့ မေမြို့စစ်တက္ကသိုလ် အပါတ်စဉ် ၂၇ ကို တက်ခွင့်ရပါတယ်။ ဦးတေဇ တက်ခဲ့တဲ့ အပါတ်စဉ်လို့ ပြောရင်လည်း မှန်ပါတယ်။ စစ်တက္ကသိုလ် တက်ရင်း မော်လမြိုင်ကောလိပ်မှာ ကဗျာစာအုပ်ထုတ်ခဲ့တဲ့ အမှုနဲ့ ဗိုလ်လောင်းဘ၀ နဲ့ အဖမ်းခံရပါတယ်။ ပုဒ်မ ၅(ည)၊ ပုံနှိပ် ထုတ်ဝေ ပုဒ်မ ၁၇/၂၀ နဲ့ မော်လမြိုင်ထောင်မှာ ထောင် တစ်နှစ်ခြောက်လ ကျခဲ့ပါတယ်။
ထောင်ကထွက်ပြီးနောက် ထောင်ထဲက ရတဲ့ အဆက်အသွယ်နဲ့ပဲ ၁၉၈၅ မှာ ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၆) ဒူးပလာယာ ခရိုင်ကို တောခိုပါတယ်။ ကျွန်တော်က ကရင် မဟုတ်ပေမယ့်လည်း ကရင့်လက်နက်ကိုင် တိုက်ပွဲထဲ လာပါ၊ စစ်အစိုးရကို တိုက်တာ အတူတူပါပဲ၊ နောင် သဘောထား မတိုက်ဆိုင်တာတွေ ရှိရင် အခြား လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုခုဆီ ပို့ပေးပါ့မယ် ဆိုတဲ့ အဲဒီအချိန်က တပ်မဟာမှူး ဗိုလ်မှူးကြီး စောရွှေဆိုင်းရဲ့ ကတိစကားနဲ့ ရောက်သွားတာပါ။ တောထဲနေစဉ် အစိုးရသူလျှို ဖြစ်နိုင်တယ် ဆိုတဲ့ စွတ်စွဲချက်နဲ့ ၁၉၈၆ မှာ သေဒါဏ်ပေးခံရပါတယ်။ ခရိုင်ဥက္ကဌ ဗိုလ်တင်ဦးခေါ် ဖူးတာအဲ့ က မဖြစ်နိုင်ဘူး ဆိုပြီး ကယ်တင်ခဲ့လို့ အသတ်မခံရပါ။ ၁၉၈၇ မှာ နဂို သဘောတူညီချက်အရ ကေအဲန်ယူ တပ်မဟာ(၆) ကနေ ဗမာပြည်ကွန်မြူနစ်ပါတီ ဗကပ ကို တရားဝင် (ရုံးစာနဲ့) ပို့ပေးပါတယ်။
အဲဒီနှစ်ကစ ဗမာပြည်ကွန်မြူနစ်ပါတီ တပ်မဟာ(၆) ရောက်နေတဲ့ ထိုင်းနယ်စပ် လွယ်လန်းတောင်ကြော၊ နောက် ဗဟိုဌာနချုပ်ပန်ဆန်း၊ ၀မြောက်ခရိုင် မိုင်းမော၊ နောက်ဆုံး အရှေ့မြောက်စစ်ဒေသ ပန်ဆန်း မှာ နောက်ဆုံးအချိန်ထိ ရိုးရိုးတပ်သား အနေနဲ့ ဖြတ်သန်းခဲ့ပါတယ်။ ၁၉၈၉ ဧပြီ ၀ တပ်ဖွဲ့တွေက ပန်ဆန်းဗဟိုကို အာဏာသိမ်းတဲ့ပွဲမှာ လက်နက် အလွယ်တကူ မအပ်လို့ ၀နယ်ထဲ ဆက်နေခွင့်မပေးပဲ တရုတ်ပြည်ဘက်ခြမ်း နှင်ထုတ်ခံရပါတယ်။ တရုတ်ပြည်ထဲအရောက် ဗကပ က နောက်ဆုံးဖွဲ့စည်းတဲ့ တပ်ဖွဲ့ထဲ ဆက် ပါဝင်ခဲ့ပါတယ်။
နောက်ပိုင်း ဗကပ နောက်ဆုံး တပ်ဖွဲ့နဲ့အတူ မုန်းကိုး (တရုတ်ဘက်အခြမ်း)၊ ၁၀၁ စစ်ဒေသ ကချင် ရဲ့ ကမ်ပိုင်တီမှာ ဆက်ပြီးနေထိုင်ပါတယ်။ အခြေအနေ အကြောင်းကြောင်းကြောင့် ဗမာပြည်ကွန်မြူနစ်ရဲ့ မြေပေါ်ပါတီ ဖျက်သိမ်းလိုက်တဲ့အခါ ကွန်မြူနစ်ပါတီနောက် လိုက်မသွားပဲ ကချင်အထူးဒေသ(၁) ကမ်ပိုင်တီမှာ မိသားစုနဲ့အတူ NDA(K) တပ်ဖွဲ့ဝင်အဖြစ် ဆက်ပြီးနေရစ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ကချင်တပ်ဖွဲ့အတွင်း ဂိုဏ်းဂဏ ပြသနာတွေပေါ်ပြီး ကချင်မဟုတ်တဲ့ အခြားလူမျိုးတွေကို မကြာခဏ ဖမ်းဆီးတာ၊ နှိပ်စက်ခံရတာ၊ တစ်ချို့ အသတ်ခံရတာမျိုးတွေ ဖြစ်ပေါ်ပါတယ်။ အချင်းချင်းလည်း အပြန်အလှန် အာဏာသိမ်းပွဲတွေ ဖြစ်ပါတယ်။ နောက်ပိုင်း ၁၉၉၃ မှာ အခြား တပ်ဖွဲ့ဝင် အတော်များများနဲ့ အတူ ကိုယ်တိုင် အဖမ်းခံရပါတယ်။ ဆိုနီရေဒီယို ကို အသုံးပြုပြီး ဗကပ တွေနဲ့ ဆက်သွယ်တယ်လို့ စွတ်စွဲခံရပါတယ်။ (ရီစရာပေမယ့် မရီရပါဘူး) အဲဒီအချိန်က ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဗိုလ်မှူးကြီးမုတ်ရင်ဒေါင်ဟောင်းက မဖြစ်နိုင်ဘူး၊ အဲဒီကိစ္စ သူ အာမခံတယ် ဆိုတဲ့အတွက် အပြစ်ပေး မခံရပါ။ NDA(K) ဟာ ၁၉၉၀ ကတည်းက အစိုးရနဲ့ အပစ်အခတ် ရပ်စဲ၊ ငြိမ်းချမ်းရေးယူထားခဲ့ပြီး ဖြစ်ပါတယ်။
၁၉၉၄-၅ တောခိုတာ ၁၀ နှစ်နီးပါးအကြာ မိဘတွေနေထိုင်ရာ မော်လမြိုင်မြို့ကို ရိုးရိုး အရပ်သား ဘ၀ နဲ့ ပြန်လာပါတယ်။ ခေတ္တ ရဟန်းဘောင် ၀င်ပါတယ်။ စစ်ထောက်လှမ်းရေး တွေရဲ့ အနီးကပ် စောင့်ကြည့်မှုနဲ့ ဘ၀ ကိုဖြတ်သန်းရပါတယ်။
(မနက်ဖန် စနေနေ့ထုတ် မဇ္ဈိမ သတင်းစာမှာ ဒုတိယ နိဂုံးပိုင်းအနေနဲ့ စစ်အစိုးရလက်အောက်မှာ ခေတ်ပြိုင်နဲ့ ဒီဗွီဘီ ပြည်တွင်း သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ပုံ ဆက်ပြီး ဖော်ပြထားပါတယ်။)
စည်သူအောင်မြင့်။