မဇ္ဈိမ သတင်းစာ၊ ၂၈-၈-၁၄။ စာ-၉။
အခုရက်ပိုင်း ပြည်သူတွေ စိတ်အ၀င်စားဆုံး ကိစ္စ တစ်ခုကတော့ ဓမ္မစေတီ ခေါင်းလောင်း ဆယ်ယူမှု အကြောင်းပဲ ဖြစ်ပါတယ်။ ခေါင်းလောင်းကို ဆယ်ယူတဲ့ အဖွဲ့အကြောင်း၊ ခေါင်းလောင်းကို ဆယ်ယူဖို့ ကြိုးစားတာ၊ သတင်းမီဒီယာတွေက ဖော်ပြကြတာ စသဖြင့် အကြောင်းအရာ မျိုးစုံ ဖြစ်ပါတယ်။ ပြည်သူအများစုကြီးကတော့ ဒီခေါင်းလောင်းကြီး တကယ်ပဲ ရှိရဲ့လား၊ ဒီခေါင်းလောင်းကြီးကို တကယ်ပဲ ဆယ်ယူနိုင်မလား စသဖြင့် စိတ်ဝင်စားကြပါတယ်။ တစ်ချို့ကတော့ ခေါင်းလောင်းဆယ်ယူတဲ့ အဖွဲ့က ပြောဆိုတဲ့ စကား၊ ထုတ်ပြန်တဲ့ သတင်းစကားတွေကိုကြည့်ပြီး ရိုးသားမှု ရှိရဲ့လား၊ အကြံအစည် တစ်ခုခု ရှိမှာလား၊ စသဖြင့် ဝေဖန်စောကြောကြပါတယ်။ တစ်ချို့ကတော့ ဒီကိစ္စ သတင်းမီဒီယာ တစ်ချို့နဲ့ ပေါင်းပြီး ပြည်သူတွေကို အာရုံပြောင်းအောင် လှည့်ဖျားတာ ဖြစ်နိုင် မဖြစ်နိုင် စသဖြင့် တွေးတောကြပါတယ်။ ဒီကနေ့ အဲဒီ အကြောင်း ဆွေးနွေးကြည့်ရအောင်ပါ။
ပထမ တစ်ချက်ကတော့ ခေါင်းလောင်းကြီး တကယ် ရှိခဲ့ မရှိခဲ့ ပြသနာပါ။ ဒီနေ့ထက်ထိ ခေါင်းလောင်းကြီး ရှိခဲ့ကြောင်း ခိုင်လုံတဲ့ သက်သေအထောက်အထား မရှိသေးဘူးလို့ ပညာရှင်တစ်ချို့က ဆိုပါတယ်။ တကယ်လို့သာ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းသာ သက်ရှိထင်ရှားရှိမယ်ဆိုရင် ခိုင်လုံတဲ့ အထောက်အထား ရှိတယ်၊ မရှိဘူး တစ်ခွန်းထဲနဲ့ ယတိပြတ် ပြောနိုင်မှာဖြစ်ပေမယ့် အခုနှောင်းလူတွေကတော့ ပြောနိုင်သူ မရှိသေးပါဘူး။ လက်ရှိ ဖြစ်နေတဲ့ ပြသနာက ရှိမယ်၊ မရှိခဲ့ဘူး မသေခြာတဲ့ ခေါင်းလောင်းကို ရန်ကုန်မြစ်၊ ပဲခူးမြစ်နဲ့ ပုဇွန်တောင်ချောင်း ဆုံရာ မှာ ရှိတယ်လို့ အသေအခြာ ပြောဆိုပြီး ရှာကြ ဖွေကြတဲ့ ကိစ္စပါ။ ဒါလည်း ပြသနာ မရှိပါဘူး။ စူးစမ်းရှာဖွေသူတွေ ဆိုတာ ခုလိုပဲ ရှာကြ ဖွေကြရမှာပါပဲ။ ဒါပေမယ့် လက်ရှိ ခေါင်းလောင်း ရှာဖွေ ဆယ်ယူနေတဲ့ အဖွဲ့ရဲ့ နောက်ဆုံး ထုတ်ပြန်ချက်ကို ကြည့်လိုက်ပါဦး။
“ ၁၃၇၆ ခုနှစ် တော်သလင်းလဆန်း ၂ ရက်၊ (အင်္ဂါနေ့) ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးကို ကျွန်တော် (မြေပုံ မောင်စံလင်း) (ကော့သောင်း) အဖွဲ့မှ တွေ့ရှိထားပြီဖြစ်သည်။ နဂါးများမှ အကြီးဆုံး ရွှေရောင် နဂါးမင်းကြီးနှင့်တကွ နဂါးအပေါင်းတို့က ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးကို အကြီးကျယ်ဆုံး ခန်းခန်းနားနား ဆီမီးပူဇော်နေသည့်အတွက်ကြောင့် သတ်မှတ်ရက်နေ့ကို သတင်းထုတ်ပြန်ရန် နောက်ကျနေခြင်းဖြစ်သည်။ ကျွန်တော်တို့ဇ။် မြန်မာ့နည်း မြန်မာ့ဟန် မြန်မာ့အဆင့် နည်းပညာသည် လျှို့ဝှက်ချက်များစွာ ရှိနေခြင်းကြောင့် နှုတ်မှ ဖွင့်ဟ၍ မပြောရပါ။ အရိယာ ၀ိဇ္ဖာ အပေါင်းကို ခွင့်ပြုချက် တောင်းခံပြီးမှ ဓမ္မစေတီ ခေါင်းလောင်း တွေ့ရှိပြီဖြစ်ကြောင်း အတိအလင်း ကြေငြာခြင်း ဖြစ်သည်။”
“ ကျွန်တော်တို့ အပေါ်တွင် စေတနာထားသော ရဟန်းရှင်လူ ပြည်သူအပေါင်း ၀ိုင်းဝန်းပြီး ဆောင်ရွက်ပေးကြသော အလှူရှင်များနှင့် ခုနှစ်ရက် သားသမီး အပေါင်းတို့ကို ကျေးဇူးတင်ရှိပါကြောင်း၊ ကျွန်တော်တို့ဘက်မှ သတင်းထုတ်ပြန်ခြင်း နောက်ကျခြင်းကို နားလည်ပေးပါရန် ကျွန်တော်မှ တောင်းပန်အပ်ပါသည်။ မကြာမီရက်အတွင်း ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးကို ကုန်းပေါ်အရောက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။” ဆိုပြီး ဖော်ပြပါရှိပါတယ်။
ထုတ်ပြန်ချက်ကို ဖတ်လိုက်တာနဲ့တင် အဓိပ္ပါယ်မဲ့တဲ့ ဖော်ပြချက်တွေဆိုတာ သိသာပါတယ်။ ဒါမျိုး ဘာကြောင့် ပြောဆိုသလဲ ဆိုတာ စူးစမ်းကြည့်ဖို့ လိုလာပါတယ်။ ဦးစံလင်းနဲ့ ခေါင်းလောင်း ဆယ်ယူရေး အဖွဲ့ ကိုယ်တိုင် ခုလို သဘာဝ မကျ အဓိပ္ပါယ်မဲ့တာတွေကို ရိုးရိုးသားသား ယုံကြည်နေတာလား၊ ဒါမှမဟုတ် လိမ်လည်နေတာလား၊ ဒါမှမဟုတ် ခေါင်းလောင်းဆယ်ယူရေး ဆိုပြီး ရထားတဲ့ များပြားလှတဲ့ အလှူငွေတွေကြောင့် မရိုးမသားလုပ်ဖို့ ကြိုးစားတာလား ၊ ဒါမှမဟုတ် လူတစ်ချို့ စွတ်စွဲသလို ပြည်သူတွေကို အာရုံပြောင်းဖို့ စမ်းသပ်တဲ့ အစီအစဉ်တစ်ခုမှာ စနစ်တကျ ပါဝင်နေကြ တာလား၊ ဆက်ပြီး ဆန်းစစ်ကြည့်သင့်ပါတယ်။
အင်တာနက် လူမှုကွန်ယက်ကနေ တဆင့် ပျံ့နှံ့လာတဲ့ အသေးစိတ် တွက်ပြထားတဲ့ စာရင်းမှာတော့ ခေါင်းလောင်းဆယ်ယူဖို့ ကျပ်ငွေ သိန်း ၁၈၀၀ ကျော် ကုန်ကျမယ်လို့ တွက်ချက်ပြထားပါတယ်။ အဲဒီထဲမှာ သောင်တူးရေယာဉ် နဲ့ အခြေပြုနေထိုင်မယ့် နှစ်ထပ်သင်္ဘောငှားခ၊ ရေငုတ်သမားငှားခ၊ အထွေထွေ ပစ္စည်းတွေနဲ့ ဒီဇယ်ဆီ၊ စသဖြင့် တွက်ချက်ပြထားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ခေါင်းလောင်း ဆယ်ယူတယ်ဆိုတဲ့ ကိစ္စ ပြီးဆုံးသွားရင်တော့ အဲဒီမှာ ကုန်ကျခဲ့တဲ့ ငွေစာရင်း အသေးစိတ်ကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက တိတိကျကျ ရှင်းလင်း ပြောဆိုပြဖို့ လိုပါလိမ့်မယ်။
ဒီလို ခေါင်းလောင်းကြီး ဆယ်ယူမှုနဲ့ ပါတ်သက်ပြီး သတင်းမီဒီယာ တွေကလည်း အမျိုးမျိုးအဖုံဖုံ သတင်းရေးသား ဖော်ပြကြပါတယ်။ များသောအားဖြင့် သိပ္ပွံနည်းမကျ၊ သဘာဝ လည်းမကျတဲ့ ပြောဆို၊ လုပ်ကိုင်မှုတွေကို အဲဒီ ပြောဆို လုပ်ကိုင်မှုတွေ အတိုင်း ရေးသားဖော်ပြ၊ ရိုက်ကူးတင်ဆက် ပြသ နေတာဖြစ်တဲ့အတွက် ပြည်သူတွေကို အများကြီး ထင်ယောင်ထင်မှား ဖြစ်စေပါတယ်။ ဥပမာအားဖြင့် “ ခေါင်းလောင်းကြီးကို တွေ့ရှိထားပြီဟု ဦးစံလင်းက ပြောသည်။ သို့သော် ခိုင်လုံသော သက်သေ အထောက်အထား တစ်ခု တစ်လေကိုမှ ပြသနိုင်ခြင်း မရှိသေး။” ဆိုတာမျိုးလောက် ရေးပြဖို့ကိုတောင် ပျက်ကွက်ခဲ့ကြပါတယ်။ တစ်ချို့ သတင်းစာနဲ့ ရုပ်သံချယ်နယ်ကတော့ ခေါင်းလောင်း ဆယ်ယူမှု စတင်တဲ့ အချိန်ကစ စောစောက တင်ပြခဲ့သလို၊ သဘာဝ ယုတ္တိ မရှိတာတွေကို နေ့စဉ် ရက်ဆက် ဆိုသလို ရေးသားဖော်ပြ၊ ထုတ်လွှင့်ခဲ့တာကြောင့် သံသယ ဖြစ်ဖွယ်ရာ မီဒီယာတွေအဖြစ် ဝေဖန်ခံကြရပါတယ်။ ဒါဟာ ပြည်သူတွေသိချင်တာကို ဖော်ပြဖို့ တကယ်ပဲ ကြိုးစားနေတာလား၊ ပြည်သူတွေ လမ်းလွဲအာရုံရောက်အောင် လုပ်ဖို့ လေ့ကျင့်ပြင်ဆင် နေတာလား ဆိုတာ ယတိပြတ် ပြောဖို့တော့ စောပါသေးတယ်။ နောက်ပိုင်း အဖြစ်မှန် ပေါ်ပေါက်လာနိုင်ပါတယ်။
နောက်ဆုံး ခေါင်းလောင်းကြီးကို မတွေ့ဘူး ဆိုရင် ဦးစံလင်းတို့ အဖွဲ့ကို ဘာလုပ်မလဲ ဆိုတာပါ။ ပြည်သူ တစ်ယောက်ယောက်က တရားလိုလုပ်ပြီး လိမ်လည်မှုနဲ့ တရားစွဲမှာလား၊ သက်ဆိုင်ရာ အာဏာပိုင်တွေကပဲ တိုင်းပြည်ကို လိမ်လည်မှုနဲ့ အရေးယူကိုင်တွယ်မလား မသိနိုင်သေးပါဘူး။ တကယ်လို့ တစ်စုံတစ်ရာ အရေးယူခြင်း မပြုနိုင်ဘူး ဆိုရင်တော့ နောက်နောင် တိုင်းပြည်မှာ အလားတူ ပြသနာမျိုးတွေ အများကြီး ပေါ်ပေါက်လာနိုင်သေးပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
စည်သူအောင်မြင့်။