ဗလွှတ်ရွှတ်တပြောတဲ့ သမ္မတတင် မဟုတ်ဘူး။ ပေါပေါတောတော သမ္မတဖြစ်နေတာ။ အပစ်ရပ်ပါလို့ အမိန့်ပေးလည်း (ဗိုလ်ချုပ်မှူးကြီး) မင်းအောင်လှိုင်က မရပ်ဘူး။ ဆက်ပစ်နေ တာပဲ။ ဒီဥပဒေကို လက်မခံနိုင်ဘူး ဆိုလည်း လွှတ်တော်က အတည်ပြုတာပဲ။ သူပို့တဲ့ ဥပဒေကို ကျတော့လည်း ဖျက်ချင်ဖျက်နေတာပဲ။ ဒါက စနစ်ကြောင့် ဖြစ်နေတာ . . .
မြန်မာသံတော်ဆင့် အပတ်စဉ်သတင်းစာ အတွဲ-၃၊ အမှတ်-၂၂ ပါ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို သုတေသန လမ်းညွှန်အဖွဲ့ အတွင်းရေးမှူး၊ ဗေဒါနိုင်ငံရေးသိပ္ပံ ကျောင်းအုပ်ကြီး ဦးမျိုးရန်နောင်သိမ်းနှင့် တွေ့ ဆုံခြင်း”” တွေ့ဆုံမေးမြန်းခန်းပါ ဦးမျိုးရန်နောင်သိမ်း၏ ပြောကြားချက် အား ဖော်ပြခဲ့ခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စု အစိုးရအဖွဲ့၊ ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးပိုက်ထွေး လက်မှတ်ရေး ထိုးကာ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)သို့ စာပေးပို့ တိုင်ကြားခြင်းနှင့် ပိုမိုပြင်းထန်သော အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ရန် ရည်ရွယ်မှု ရှိနေကြောင်း သတင်းများ ထွက်ပေါ်နေခြင်း စသည့်အစိုးရ အဖွဲ့၏ တုံ့ပြန်မှုအပေါ် ဒီချုပ်နာယက (ကာကွယ်ရေးဦးစီးချုပ်)ဟောင်း သူရဦးတင်ဦးက ပြင်းထန်စွာ ဝေဖန်မှု ပြု လိုက်သည်။
““သမ္မတဆိုတာက သိက္ခာကျတယ်လို့ ပြောပြော၊ သိက္ခာချတယ်လို့ ပြောပြော သမ္မတဆိုတာက သူတို့ ဒီမိုကရေစီ နိုင်ငံဆိုရင် သူ့ကို ဝေဖန်တယ် ဆိုတာကတော့ ခံရမှာပဲ။ အိုဘားမားလည်း ဝေဖန်နေတာပဲ။ အင်္ဂလန်က ၀န်ကြီးချုပ်~ လည်း ဝေဖန်ပြီးတော့ ညစ်ညစ်ပတ်ပတ် မဆဲရုံတစ်မည်ပဲ။ ကလော်တုတ်ပြီးတော့ ဝေဖန်ခံနေရတာပဲ။ ဒီလိုပဲပေါ့၊ ဒီမိုကရေစီဆိုတာ ဒီလိုပဲပေါ့။ သူသည်းခံရမှာပေါ့။ သူတော်အောင် လုပ်ပြပေါ့။ ဒါပဲ။ သူတော်ရင် တော်တယ်လို့ ပြောမှာပေါ့။ မတော်ရင် မတော်ဘူးပြောမှာပေါ့။ ဒါပြောခွင့်ရှိတာ အခုပဲ။ ဒါမဆိုင်ဘူး။ ဒီအပေါ်မှာ သူတို့ ဘာမှလုပ်လို့မရဘူး။ ဒီလိုသာဆိုရင် အခုက ဘယ်လိုဖြစ်နေလဲ။ သူတို့ အကြောင်းနဲ့ ပတ်သက်ရင် ကောင်းရင် အိုကေ။ မကောင်းရင် သူတို့တင်းတယ်။ (ရယ်လျက် ပြောကြားသည်။) သူတို့ အကြောင်း အကောင်းပြောရင် လွှတ်ပေးလိုက်ရော။ အဲ လျှော့ပေးလိုက်ရော။ နည်းနည်းလေး ကိုယ့်ကို ရေးပြီဆိုရင် ဟိုလည်ညှစ်၊ ဒီလည်ညှစ်နဲ့။ နိုင်ငံရေးလောက၊ သတင်းလောကကို သူတို့ဒီလိုလုပ်တာ”” ဟု သူရဦးတင်ဦး က မြန်မာသံတော်ဆင့်သို့ ပြောသည်။
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)သို့ ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးပိုက်ထွေး လက်မှတ် ရေးထိုး ပေးပို့သောစာတွင် -
““ ၁။ ၉-၈-၂၀၁၄ ရက်နေ့ထုတ် မြန်မာသံတော်ဆင့်ဂျာနယ် အတွဲ(၃) အမှတ်(၂၂)၊ စာမျက်နှာ (၃၀-၃၁) တွင် အံ့ခေါင်မင်း ရေးသားသော ““NLD ပါတီ ဗဟိုသုတေသန လမ်းညွှန်အဖွဲ့ အတွင်းရေးမှူး၊ ဗေဒါနိုင်ငံရေး သိပ္ပံ ကျောင်းအုပ်ကြီး ဦးမျိုးရန်နောင်သိမ်းနှင့် တွေ့ဆုံခြင်း””ကို ဖော်ပြပါရှိပါသည်။ ယင်းတွေ့ဆုံ မေးမြန်း ခန်း ကောက်နုတ်စာတွင် ““နိုင်ငံမှာ သမ္မတသည် အထွတ်အထိပ်၊ အဲလိုပုဂ္ဂိုလ်တစ်ယောက်ရဲ့ စကားက ကပြောင်းကပြန်၊ ဗလောင်းဗလဲ၊ ဟိုပြောဒီပြော၊ ဘရွတ်ရွှတ်တ၊ ပေါက်ပန်းလေးဆယ်၊ ကလေကချေ၊ ကလေက၀၊ ကျွန်တော် စကားလုံးထပ်ရှာလို့ရရင် အကုန်ထည့်သုံးမှာ။ အရည်မရ အဖတ်မရ၊ ပေါက်လွတ်ပဲစား ပြော သလို ဖြစ်နေတာ””ဟု ကောက်နုတ် ဖော်ပြ ထားပါသည်။ ၎င်းကောက်နုတ်စာပါ ဖြေဆိုချက်ကို စာမျက်နှာ (၃၁)တွင် အပြည့်အစုံ ဖော်ပြထားပါသည်။ ထို့ပြင် ““သူအနားယူသွားသည့်တိုင် မြန်မာပြည်ရဲ့ အသွင် ကူးပြောင်းရေး ဖခင်ကြီးအဖြစ်နဲ့ မြန်မာပြည် အိမ်ဦးခန်းမှာ ဗိုလ်ချုပ်အောင်ဆန်းလိုမျိုး ဓာတ်ပုံအချိတ်ခံ ရမယ့် အစား ဘာကြောင့်မို့လို့ ရူးကြောင်မူးကြောင် အတွေးတွေကို ဘယ်သူတွေ ထည့်ပေးလို့ ဘယ်လိုမျိုး စနစ်မကျတဲ့၊ ဘာမှမဟုတ်တဲ့ အပေါစား ပေါ်လစီတွေ ချမှတ်ပြီးတော့ အခုလို လုပ်နေသလဲဆိုတာ စဉ်းစားလို့ကို မရဘူး””ဟု ဆက်လက် ဖော်ပြထားပါသည်။
၂။ နိုင်ငံတော်သမ္မတနှင့် အစိုးရအဖွဲ့အနေဖြင့် ပုဂ္ဂိုလ်တစ်ဦးချင်းအပေါ်တွင် လည်းကောင်း၊ အဖွဲ့အစည်း အပေါ်တွင် လည်းကောင်း ထောက်ပြဝေဖန် သုံးသပ်ဖော်ပြမှုများကို ကြိုဆိုလက်ခံပါသည်။ ထိုသို့ ဝေဖန်သုံးသပ် ဖော်ပြချက် များအပေါ် အရေးယူ ဆောင်ရွက်မှုမရှိခဲ့ပါ။ သို့သော် အထက်ဖော်ပြပါ တွေ့ဆုံ မေးမြန်း ဖော်ပြချက်များ မှာမူ နိုင်ငံတော်သမ္မတအပေါ် ဝေဖန်ထောက်ပြ အကြံပြုခြင်း သဘောမသက် ရောက်ဘဲ နိုင်ငံတော် အကြီးအကဲအား ပုဂ္ဂိုလ်ရေးအရ စော်ကားပုတ်ခတ်ပြီး သိက္ခာကျစေရန်နှင့် ထိခိုက် နစ်နာစေရန် ဖော်ပြချက် များ ဖြစ်နေသည်ကို တွေ့ရပါသည်။ ထို့ပြင် အဆိုပါ ပြောကြားချက်၊ ဖော်ပြချက်များ မှာ သာမန်မြန်မာ့လူနေမှု အသိုင်းအ၀ိုင်း၌ပင်လျှင် တစ်ဦးနှင့်တစ်ဦး ပြောဆိုပါက လက်မခံနိုင်သည့် အသုံးအနှုန်းများဖြစ်ပါသည်။
၃။ ထို့ကြောင့် ယခုကဲ့သို့ နိုင်ငံတော် အကြီးအကဲအပေါ် ပုဂ္ဂိုလ်ရေးအရ စော်ကား တိုက်ခိုက်မှုများအား မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အနေဖြင့် ဖြေရှင်း ဆောင်ရွက် ပေးနိုင်ပါရန် ညှိနှိုင်းအကြောင်း ကြားအပ်ပါသည်”” ဟု ဖော်ပြထားသည်။
အဆိုပါ ဖော်ပြချက်ပါ ဦးမျိုးရန်နောင်သိမ်း၏ ပြောကြားချက်များအပေါ် ဒီချုပ်နာယက သူရဦးတင်ဦး ကမူ ထောက်ခံ ပြောကြားသည်။
““ဗလွှတ်ရွှတ်တပြောတဲ့ သမ္မတတင် မဟုတ်ဘူး။ ပေါပေါတောတော သမ္မတဖြစ်နေတာ။ အပစ်ရပ်ပါလို့ အမိန့်ပေးလည်း (ဗိုလ်ချုပ်မှူးကြီး) မင်းအောင်လှိုင်က မရပ်ဘူး။ ဆက်ပစ်နေတာပဲ။ ဒီဥပဒေကို လက်မခံနိုင်ဘူး ဆိုလည်း လွှတ်တော်က အတည်ပြုတာပဲ။ သူပို့တဲ့ ဥပဒေကိုကျတော့လည်း ဖျက်ချင် ဖျက်နေတာပဲ။ ဒါက စနစ်ကြောင့် ဖြစ်နေတာ။ တကယ်က သမ္မတဆိုပြီးသာရှိတာ၊ အားလုံးက ကာ/လုံက ထိန်းချုပ်ထားတာ။ စနစ်ကြောင့်ပေါ့။ စနစ်ကြောင့်ဖြစ်နေတာ။ စနစ်ကို ပြောင်းရမှာ””ဟု သူရဦးတင်ဦးက ပြောသည်။
မြန်မာသံတော်ဆင့် အပတ်စဉ် သတင်းစာ တွေ့ဆုံမေးမြန်းခန်းပါ ဝေဖန်ခံခဲ့ရသော သမ္မတ ဦးသိန်းစိန်သည် လက်ရှိ ဒီချုပ်နာယကကြီးဖြစ်သော သူရဦးတင်ဦး တပ်မတော်တွင် တိုင်းမှူး တာဝန်ထမ်းဆောင်စဉ်က သူရဦးတင်ဦး၏ ခရီးစဉ်များတွင် လုံခြုံရေးတာဝန်ဖြင့် လိုက်ပါရသော ဗိုလ်ကြီးတစ်ဦး ဖြစ်ပြီး ယခုအခါ နိုင်ငံရေး ဆိုင်ရာ အခမ်းအနားများတွင် ဆုံတွေ့ပါက သမ္မတက မိမိကို တလေးတစား ဆက်ဆံကာ ရှေးဟောင်း နှောင်းဖြစ် များကို ပြောကြားကြလေ့ ရှိကြောင်းလည်း သူရဦးတင်ဦးက မြန်မာသံတော်ဆင့်သို့ ပြောသည်။
ထို့ပြင် လက်ရှိအစိုးရ၏ သတင်းမီဒီယာများအပေါ် အစိုးရက အရေးယူမှုများ အပေါ်လည်း သူရဦးတင်ဦး က ပြင်းထန်စွာ ဝေဖန် ရှုတ်ချလိုက်ပြီး အရေးယူလျက်ရှိသော ဥပဒေများမှာ လိုရာဆွဲ စွဲချက်တင်နေသော ဥပဒေများသာ ဖြစ်သည်ဟုလည်း ပြောကြားလိုက်သည်။
ယခုလ ၁၆ ရက်နေ့ထုတ် စံတော်ချိန် နေ့စဉ်သတင်းစာပါ ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်နှင့်တွေ့ ဆုံမေးမြန်းခန်း တွင် မြန်မာသံတော်ဆင့် အပတ်စဉ် သတင်းစာပါ ဖော်ပြချက်အပေါ် ဦးရဲထွဋ်၏ တုံ့ပြန် ပြောကြားချက်များ ပါရှိပြီးနောက် အစိုးရက ယခုကဲ့သို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)သို့ ယင်းကိစ္စအပေါ် အကြောင်းကြား စာ ပေးပို့ခဲ့ခြင်းဖြစ်သည်။ ယင်းအကြောင်းကြားစာအပေါ် စာနယ်ဇင်းကောင်စီ (ယာယီ)မှ ဆွေးနွေးညှိနှိုင်းရန် မြန်မာသံတော်ဆင့်သို့ ထပ်ဆင့် အကြောင်းကြားစာ ပေးပို့ ဖိတ်ကြားချက်ကြောင့် ယခုလ ၂၆ ရက်က မြန်မာသံတော်ဆင့် အပတ်စဉ်သတင်းစာ တာဝန်ရှိသူများသည် စာနယ်ဇင်းကောင်စီ (ယာယီ)သို့ သွားရောက်ကာ မြန်မာသံတော်ဆင့်၏ မူဝါဒ ကျင့်ဝတ် ရပ်တည်ချက်များကို ရှင်းလင်းပြောကြား ခဲ့သည်။
မြန်မာသံတော်ဆင့်သတင်းဌာန