ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ရှိ မိုဘိုင်းဖုန်းအရောင်းဆိုင်တဆိုင်မှ MPT ကျပ် ၁၅၀၀ တန် ဆင်းကတ်လာရောက် လျှောက်ထားသူများ၏ မှတ်ပုံတင်မိတ္တူများအား လမ်းဘေးလွှင့်ပစ်ထားသည်ဟုဆိုကာ ဖုန်းလျှောက်ထားသူများက စိတ်ဆိုးဒေါသ ထွက်ခဲ့ကြပြီး အချင်းများမှုအချို့ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၃ ရက်မှစ၍ လျှောက်ထားခဲ့သော မှတ်ပုံတင်မိတ္တူ အစောင်ရေ ရာနှင့်ချီကို အဆိုပါ အရောင်းဆိုင်၏ ဘေးပေါက်လမ်းမပေါ်တွင် ပြန့်ကျဲနေသည်ကို ယနေ့ မနက်တွင် ဖုန်းလျှောက်ထားသူများက တွေ့မြင်ခဲ့ရခြင်းဖြစ်ကာ ယင်းမိတ္တူများတွင် သံဃာ့မှတ်ပုံတင်မိတ္တူများလည်း ပါဝင်သည့်အတွက် ဖုန်းလျှောက်ထားခဲ့သည့် သံဃာတော်အချို့က မကျေမနပ်မှုများ ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။
''ကတ်ရောင်းစရာမရှိတော့လို့ မပေးတော့ဘူးဆိုလည်း အေးအေးဆေးဆေးပြော၊ မိတ္တူတွေ ပြန်ပေးရင် လက်ခံ ပါသေးတယ်။ အခုလို လမ်းမပေါ် ပြန့်ကျဲအောင် လုပ်တာကတော့ အရမ်း ရုပ်ဆိုးတယ်''ဟု ဖုန်းလျှောက်ထားသော မှတ်ပုံတင် မိတ္တူကို ပြန်လည်ရှာဖွေနေသူ ကျောက်တံတားမြို့နယ်တွင် နေထိုင်သည့် အသက် ၅၀ အရွယ် အမျိုးသမီးတဦးက ပြောသည်။
သံဃာမှတ်ပုံ တင်မိတ္တူများ ပါဝင်နေသည်ကို အလေးမထားသည့်အတွက် သံဃာအချို့ကလည်း ဝေဖန်ကန့်ကွက်ခဲ့ကြပြီး သက်ဆိုင်ရာသံဃာ့အဖွဲ့အစည်းများသို့ပင် တင်ပြတိုင်ကြားရန် စီစဉ်နေသည်ဟု ဆိုသည်။
''သံဃာတွေရဲ့ မိတ္တူ ၂၀ ကျော်ပါ တယ်။ ဒါကို ဦးဇင်းက ပြန်ကောက်စုထား တာ။ MPT ကတ်ဆိုလို့ ကိုင်ချင်တာနဲ့ အချိန်ပေးလာလျှောက်တာ။ အခုလို မြင်ရတော့ မကျေနပ်ဘူး။ သံဃာ့နာယကကို စာရေးတိုင်မယ်''ဟု သန်လျင်မြို့နယ်မှ ဖုန်းလာလျှောက်ထားသော ဆရာတော်တပါးဖြစ်သည့် ဦးအာဇာသက မိတ္တူစာရွက်များကို ကိုင်ဆောင်ရင်း ပြောသည်။
ထိုသို့ မိတ္တူစာရွက်များ လမ်းပေါ် ပြန့်ကျဲသွားရခြင်းမှ လွှင့်ပစ်ထားခြင်း မဟုတ်ဘဲ လျှောက်ထားသူများက ပြန်လိုချင်သည်ဟုဆိုသဖြင့် လျှောက်လွှာမိတ္တူများထည့်ထားသော စက္ကူပုံးကို ဆိုင်ဝတွင် ချပေးထားစဉ် မွှေနှောက်ရှာဖွေရာမှ လမ်းမပေါ် ပြန့်ကျဲသွားရခြင်းဖြစ်သည်ဟု အဆိုပါ မိုဘိုင်းဖုန်းအရောင်းဆိုင်ဝန်ထမ်းတဦးက ရှင်းလင်းပြောကြားခဲ့သည်။
မြန်မာ့ဆက်သွယ်ရေးမှ MPT ဆင်းကတ်များကို စက်တင်ဘာ ၁ ရက်မှ စတင်၍ မိုဘိုင်းအရောင်းဆိုင်များတွင် ရောင်းချမှုပေးနေခဲ့ရာ တဆင့်ခံရောင်းချ လိုသူများ ရောထွေးပါဝင်နေကာ ရောင်းချသောဆိုင်များ၌ လူများစုပြုံတိုးဝှေ့ဝယ်ယူနေကြပြီး မှောင်ခိုဈေးကွက်မှာလည်း ယင်း အနီးဝန်းကျင်မှာတင် ဖြစ်ပေါ်နေကာ ကျပ် တသောင်းခွဲခန့် ပြင်ပတွင် ဈေးဖြစ်ပေါ်နေသည်။
မိုးမင်း
News Watch(စောင့်ကြည့်သတင်းဂျာနယ်)