လူမျိုးဘာသာ မတူတဲ့သူတွေအချင်းချင်း တန်းတူညီမျှတဲ့ဘဝ အတူတကွ ယှဉ်တွဲနေထိုင်မှုကသာ ဒီကနေ့ကမ္ဘာကြီးရဲ့ ယဉ်ကျေးတဲ့သူတွေ၊ ယဉ်ကျေးမှုရှိတာဖြစ်တယ်လို့ ယုံကြည်တဲ့ ဗြိတိသျှစာရေးဆရာ အန်ထော်နီ ရပ်ဆဲလ်နဲ့ ကမာရွတ်မီဒီယာက သီးသန့်တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။ ယဉ်ကျေးမှုနဲ့ လူမှုဗေဒအကြောင်း စာတွေရေးသားနေတဲ့ ဗြိတိသျှစာရေးဆရာ အန်ထော်နီ ရပ်ဆဲလ်က Madman and Genius ဆိုတဲ့ခေါင်းစဉ်နဲ့ ကမ္ဘာကျော် ပန်းချီပညာရှင် ဗင်းဆင့်ဗန်ဂိုးရဲ့ ဘဝဖြတ်သန်းမှု ပုံရိပ်နဲ့ ဗန်ဂိုးရဲ့ ပန်းချီကားတွေအကြောင်း ရန်ကုန်မြို့Pansodan Scene မှာ သြဂုတ် ၃၁ရက်နေ့က ဟောပြောပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အသွင်ကူးပြောင်းနေတဲ့ မြန်မာပြည်အကြောင်း သူရဲ့ထင်မြင်ယူဆချက်တွေက ဘာလဲ။
မြန်မာပြည်ဟာ အင်မတန်ကို စိတ်လှုပ်ရှားစရာအချိန်ကို ရောက်နေပြီး ဒီမိုကရေစီနဲ့ပတ်သက်လို့ ကမ္ဘာနဲ့ ကွာဟနေမှုတွေကို သူ့အနေနဲ့ ကွက်လပ်လေးဖြည့်ပေးချင်တယ်လို့ ဆိုပါတယ်။ သူ့ရဲ့စိတ်ဝင်စားမှုက ယဉ်ကျေးမှု၊ ဒီမိုကရေစီနဲ့ အကြမ်းမဖက်မှုဖြစ်ပြီး ဒီမိုကရေစီယဉ်ကျေးမှု အသားကျဖို့ အချိန်ယူရတာကြောင့် ဖိနှိပ်မှု၊ ခြိမ်းခြောက်မှုတွေ အများကြီးခံစားခဲ့ရတဲ့ မြန်မာပြည်သူတွေ သည်းခံမှုတော့ရှိရမယ်၊ ဒီမိုကရေစီစနစ်ဟာ ရှုပ်ထွေးမှုတွေရှိတယ်ဆိုတာ နားလည်ရပါမယ်လို့ ကမာရွတ်မီဒီယာနဲ့ သီးသန့်တွေ့ဆုံမှုမှာ ပြောဆိုခဲ့ပါတယ်။
သံဃာတွေကို နိုင်ငံရေးဘောင်ထဲဆွဲသွင်းတဲ့ကိစ္စဟာ သိပ်ကို အန္တရာယ်များပြီး ဒေါသထွက်နေသော ဗုဒ္ဓဘာသာဝင်များဆိုတာ တော်တော်ကို ရုပ်ပျက်ဆင်းပျက်နိုင်တဲ့ ကိစ္စဖြစ်ပြီး မြန်မာပြည်ဟာ မတူကွဲပြားမှုတွေကို သည်းခံရမယ်လို့ သူက ပြောပါတယ်။ အစွန်းရောက်အစ္စလာမ်ဝါဒီတွေရဲ့ ခြိမ်းခြောက်မှု မြန်မာပြည်မှာမရှိဘူးဆိုတာ တစ်ကမ္ဘာလုံးက သိထားပါတယ်။ ဒေါ်စုဟာ ဗြိတိသျှဘုရင်မကြီးလို ပြည်သူတွေရဲ့ အကြွင်းမဲ့မေတ္တာကိုရထားသူဖြစ်ပါတယ်။ မြန်မာတစ်နိုင်ငံလုံးကို ကိုယ်စားပြုတဲ့Spiritual Leader ဖြစ်တယ်လို့ သူက ဆိုပါတယ်။
လူတွေဟာ တစ်ယောက်နဲ့တစ်ယောက်ကို ကူညီတယ်၊ ရိုင်းပင်းတယ်ဆိုတာ လူ့အဖွဲ့အစည်းကို ယဉ်ကျေးအောင် လုပ်တာပါ။ Civilization ဆိုတဲ့ ယဉ်ကျေးမှုဟာ ဖြစ်စဉ်တစ်ခုဖြစ်ပြီး ပိုင်ဆိုင်တဲ့အရာ မဟုတ်ဘူး၊ အချိန်မရွေး ဆုံးရှုံးသွားနိုင်တာကြောင့် ဥပဒေဆိုတာ အချိန်နဲ့အမျှ ပြောင်းလဲနေရမှာဖြစ်သလို တိုးတက်မှုဖြစ်နေရမယ်လို့ ရှင်းပြပါတယ်။
စာရေးဆရာ အန်ထော်နီ ရပ်ဆဲလ်ဟာ Evolving the Spirit from Democracy to Peace ဆိုတဲ့ စာအုပ်ကို ၂ဝ၁၂မှာ ဒုတိယအကြိမ် ပြန်လည်ထုတ်ဝေခဲ့ပြီး အဲဒီစာအုပ်ဟာ အကြမ်းမဖက်တဲ့ Non Violence ဖြစ်ပြီး သမိုင်းကြောင်းတစ်လျှောက် အကြမ်းမဖက်တဲ့လှုပ်ရှားမှုကို ဦးဆောင်ခဲ့သူတွေ အများကြီးရှိတယ်ဆိုတာ သူယုံကြည်တဲ့အကြောင်း၊ ဗုဒ္ဓနဲ့ ယေရှုခရစ်တော်၊ မဟတ္တမ ဂန္ဓီ၊ ဒေါ်အောင်ဆန်းစုကြည် စတဲ့လူတွေအကြောင်းအရာတွေကို ကိုးကားဖော်ပြခဲ့တယ်လို့ ပြောပါတယ်။
စာရေးဆရာ အန်ထော်နီ ရပ်ဆဲလ်ဟာ Chandos Foundation ထူထောင်သူဖြစ်ပြီး ဒီဖောင်ဒေးရှင်းဟာ အနုပညာ၊ ညှိနှိုင်းဆွေးနွေးမှုမှသည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးဆိုတဲ့ ယဉ်ကျေးမှုကို မြှင့်တင်နေတာဖြစ်ပါတယ်။
Kamayut media