တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်ဦး၏ အစ်မဖြစ်သူသည် ရန်ကုန်မြို့မြောက်ပိုင်းတွင် နေထိုင်ပါသည်။ ထိုအခါ မိသားစုသဘောအရ အစ်မဖြစ်သူထံ မောင်လုပ်သူကလာလည်တတ်ပါသည်။ ထိုသို့လာသော အခါ လုံခြုံရေးအပြည့်ဖြင့် လာပါသည်။ ဤအပိုင်းအထိ ဝေဖန်စရာမရှိပါ။ ထိပ်သီးအရာရှိဖြစ်သဖြင့် သူ၏လုံခြုံရေးအတွက် ထိုက်သင့်သလောက် ဆောင်ရွက်လာခြင်းကို နားလည်လက်ခံရပါမည်။ သို့သော် နောက်တဆင့် တက်လာပုံမှာ သူ့အစ်မနေသောအိမ်နှင့်ဘေးချင်းကပ် အနီးအပါး အထပ် မြင့်တိုက်ခန်းများတွင် နေထိုင်သူများသည် သူရောက်လာလျှင် မိမိတိုက်ခန်းပေါ်မှ အောက်သို့ဆင်းပေးရပါသည်။ လုံခြုံရေးအမြင်အရ လုပ်ရခြင်း ဖြစ်သည်ဟုဆိုပါသည်။ ထိုသို့လုပ်ခိုင်းခြင်းကို ထိုပုဂ်္ဂိုလ်ကြီးက လုပ်ခိုင်းသည်လား၊ သူ့လက်အောက်မှအရာရှိများကဖားပြီး လုပ်ကြသည်လား မသိပါ။ တပ်မတော်သာအမိ တပ်မတော်သာအဖခေတ်က ထိုသို့လုပ်သည်မှာ မထူးဆန်းသော်လည်း ပြည်သူသာအမိ ပြည်သူသာအဖဟု ပြောင်းလဲကျင့်သုံးပြီဟူသော ယခုခေတ်တွင်တော့ ဤအပြုအမူမှာ ထူးဆန်းနေပါသည်။ ပြည်သူသည်အမိအဖ အရာမှာရှိလျှင် ကိုယ့်မိဘကို ကိုယ့်အိမ် ပေါ်မှဆင်းခိုင်းသော သားသမီးကို မည်သို့သတ်မှတ်မည်နည်း မသိပါ။ တကယ်တော့ လုံခြုံရေးအခြေအနေစိုးရိမ်စရာရှိသည်ဆိုလျှင် အစ်မဖြစ်သူကို ဟိုတယ်တခုတွင်ခေါ်ယူတွေ့ဆုံ၍လည်း ရပါသည်။ စစ်တပ်ထဲသို့ခေါ်ယူ တွေ့ဆုံလျှင်လည်းဖြစ်ပါသည်။
အာဏာရှင်ကြီးဦးနေ၀င်း ပြည်မြို့သို့လာရောက်ကာ ဆွေမျိုးများနှင့်တွေ့ဆုံစဉ်မှာပင် အိမ်နီးချင်းများကို မောင်း ထုတ်ခြင်းမရှိခဲ့ပါ။ မောင်နှမနှစ်ယောက်တွေ့ဆုံခြင်းသည် နိုင်ငံတော် တာဝန်ထမ်းဆောင်နေခြင်းဟုတ်၊ မဟုတ်ဆိုတာလည်း မေးစရာဖြစ်နေ သောကိစ္စဖြစ်သည်။ ထားတော့။ ဒီမိုကရေစီခေတ်တွင်ဒါတွေလည်းပြုပြင် သင့်သည်ကို အပြုသဘောထောက်ပြခြင်းဖြစ်ပါသည်။ တော်တော်ကြာ နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှုနှင့် လာကုပ်နေမှာလည်းကြောက်ရသေး သည်။ ကျွန်တော်တို့နိုင်ငံမှလူကြီးဆိုသူများသည် သူတပါးကို အမိန့် ပေးချင်သော်လည်း ကိုယ့်ကိုဝေဖန်လျှင်မကြိုက်ပါ။ အားလုံးကောင်းပါသည်ခင်ဗျားဟု ပြောတတ်သူများကိုသာ လိုလားပါသည်။
နောက်ထပ်ကြည့်မိသောရုပ်သံသတင်းတပုဒ်တွင် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းကြီး၏ ခေါင်းဆောင်များမိုးရာသီ သစ်ပင်စိုက်ပျိုးသော အခမ်းအနားတခုကို တွေ့ရပါသည်။ ၀တ်ကောင်းစားလှ ၀တ် ဆင်ထားသောအမျိုးသမီးသုံးလေးဦး သစ်ပင်စိုက်ကြပုံကို တွေ့မြင်ရ ပါသည်။ အခမ်းအနားနှင့်မလိုက်ဖက်စွာ သစ်ပင်ဘေး၌ ကော်ဇောများ ခင်းထားပါသည်။ ကိုင်ထားသော ရေကရားမှာရွှေအစစ်လားဘာလားတော့ မသိ ရွှေရောင်ရေပန်းကရားဖြစ်သည်။ ထို့အပြင် မြေကြီးဖို့ရန်ကိုင်ထားသော ဂေါ်ပြားမှာလည်း ရွှေရောင်ဂေါ်ပြားဖြစ်သည်။ သစ်ပင်စိုက်ဖို့လာ သော အမျိုးသမီးများအားလုံး ဒေါက်ဖိနပ်များကိုစီးထားကြသည်။ ဒီပုံ တွေနှင့် မိခင်နှင့်ကလေးကိုစောင့်ရှောက်မည်လား မိခင်နှင့် ကလေးများက သူတို့အတွက်လာပြီး လုပ်အားပေးရမည်လားမသဲကွဲတော့ပါ။
ကျွန်တော်တို့နိုင်ငံတွင် အခမ်းအနားတခု၌ တကယ်အလုပ်လုပ် သူကလူနည်းစုဖြစ်ပြီး လူမြင်သောနေရာတွင် လူလုံးပြနှမ်းဖြူးကြသည့် ဖိုးပါချင် မယ်ပါချင်များက လူများစုဖြစ်နေသည်။ ထို့ကြောင့် ဘယ်အခမ်း အနားတွင်ပဲ ဓာတ်ပုံရိုက်ရိုက် စွတ်ကျယ်အင်္ကျီနှင့် ချွေးဒီးဒီးကျအောင် အလုပ်လုပ်နေသူများ၊ ထဘီတိုတိုနှင့် ပန်းကန်ဆေးနေသူများ ပါလေ့ပါထ မရှိဘဲ တိုက်ပုံကိုခေါက်ရိုးကော့နေအောင်ဝတ်စားထားသူများ ချိတ်ထဘီ နှင့် ပ၀ါခြုံထားသူများသာပါလေ့ရှိပါသည်။ မြန်မာနိုင်ငံ၌ အလုပ်လုပ်သူက တဖွဲ့ လူလုံးပြသူကတဖွဲ့ ဖြစ်ဟန်တူပေသည်။ တခါတရံ လမ်းဘေး၌ လမ်းခင်းနေသူ၊ မြောင်းတူးနေသူ စသည့်လုပ်ငန်းများကို တွေ့သဖြင့် သတိထားပြီး ကြည့်မိသောအခါ မြောင်းထဲဆင်း၍ တကယ်အလုပ်လုပ် နေသူမှာ နှစ်ယောက်လောက်သာရှိပြီး နေရိပ်ထဲတွင် ထီးဆောင်းပြီး ထိုင်ကြည့်ကာ လိုအပ်သည်များကိုညွှန်ကြားနေကြသူများမှာ အလုပ်လုပ် သူထက်ပိုများနေသည်ကိုတွေ့ရလေသည်။ ဤနိုင်ငံတွင် အလုပ် လုပ်သူထက် ညွှန်ကြားသူက ပိုများနေပေသည်။ လမ်းဖွင့်ပွဲ တံတားဖွင့်ပွဲများတွင် တအုပ်တမကြီး လာရောက်အမှာစကားပြောကြားဖွင့်လှစ်ကြသော်လည်း နောင်တချိန် တံတားကြီးကြံ့ခိုင်မှုနည်းလာ၍၊ လမ်းမကြီးပျက်စီးလာ၍ ပြောစရာတင်ပြစရာရှိသောအခါ လိုအပ်သည်ကို ညွှန်ကြားခဲ့သော ပုဂ်္ဂိုလ်များတယောက်မှ ရောက်မလာတော့ပေ။ ဖွင့်ပွဲနေ့က စည်ကားသလောက် နောက်နေ့တွင် ကျီးနှင့်ဖုတ်ဖုတ်ဖြစ်ကာ မည်သူမျှလှည့်မကြည့်ကြတော့ပေ။ ကျွန်တော်တို့နိုင်ငံကား လူလုံးပြသောအလုပ်တွင် အတော်ကျွမ်းကျင် ကြပေသည်။ ဓာတ်ပုံရိုက်လျှင်တောင် လူမမြင်သောနေရာတွင်မနေချင် မိမိမျက်နှာထင်ရှားစွာပါချင်သည်။ အလုပ်လုပ်ရာတွင်လည်း လမ်းပြင်ခြင်း လမ်းခင်းခြင်းစသော အလုပ်များကို လူမမြင်သော ညဘက်သန်းခေါင်တွင် မလုပ်ချင်၊ ကျွန်တော် ကျွန်မတို့သည် နိုင်ငံတော်ပိုက်ဆံများကို ဤနေရာတွင် အားကြိုးမာန်တက် အသုံးချနေကြပါသည်ဟု ဖွင့်မပြောရုံတမယ် လမ်းကျဉ်းကျဉ်း ကားကျပ်ကျပ်တွင် လမ်းမကြီးကိုပိတ်လျက် အလုပ်သမားများသနားစဖွယ် ပူပူလောင်လောင်နေရောင်အောက်တွင် အလုပ် လုပ်ပြကြရလေသည်။ သူတို့လမ်းပြင်နေကြသည်များကို ဓာတ်ပုံရိုက်၍ သတင်းစာများတွင်သတင်းမပါပါအောင်ထည့်ကြသည်။ စီမံကိန်းမှ ဘဏ္ဍာ ငွေများကိုဘုံးသောအခါ မည်သူမျှမသိလိုက်ရပါ။ လူပြောမသန် လူသန်မပြော စကားပုံကို သတိရမိပါသည်။
ယခုခေတ်တွင် နိုင်ငံရေးလူလုံးပြလိုသူများ၊ လူမှုရေးလူလုံးပြလို သူများ၊ ပရဟိတလူလုံးပြလိုသူများ၊ အသင်းအဖွဲ့ဆိုင်ရာလူလုံးပြသူများ၊ အနုပညာလူလုံးပြလိုသူများ၊ စားဖားများရှေ့တန်းသို့တက်လာကြသော ခေတ်ဖြစ်သည်။ အခွင့်အရေးသမား အချင်းချင်းပေါင်းစားကြသောခေတ် ဖြစ်သည်။ ဝေစားမျှစားခေတ်ကြီးဖြစ်သည်။
ကျွန်တော့်မိတ်ဆွေ ရှေ့နေတဦးပြောသော ပုံပြင်လေးတပုဒ်ရှိ၏။ တခါက တိုင်းရင်းသား ကဒူးကနန်း လူမျိုးများနေထိုင်သော ဗန်းမောက် (ဗမောက်)နယ်ထဲသို့ မြေပြန့်မှ ရဟန်းတပါးရောက်လာလေသည်။ ရိုးသား သော တိုင်းရင်းသားများဖြစ်ကြသည့်အလျောက် မိမိတို့ထံ လာရောက်သော မြေပြန့်သားဧည့်သည်များကို ဖော်ရွေစွာခင်မင်ကြသူများ ဖြစ်လေ သည်။ ယခုသော် ရဟန်းဖြစ်သဖြင့် ပို၍ပင် လေးစားကြည်ညိုကြလေ သည်။ ထို့အပြင် မိမိတို့အရပ်ဒေသ၌ ကာလရှည်စွာကျောင်းထိုင်လိုသော ရဟန်များမရှိရကား ယခုရောက်ရှိလာသော ရဟန်းမှာ ဒီဒေသတွင် ကျောင်းထိုင်သီတင်းသုံးမည်ဆိုသဖြင့် ဒေသခံများ ပြောမပြနိုင်အောင် ၀မ်းသာကြလေသည်။ အမှန်စင်စစ် ထိုတောထွက်ရဟန်းမှာ ဘာမှ ကောင်းစွာတတ်သူမဟုတ်ပေ။ ၎င်းဟောပြောနေသော တရားဒေသနာပါဠိများကိုလည်း ဒေသခံများကလည်းကောင်းစွာ နားမလည်ကြသော်လည်း ၎င်းဒေသတွင်ကား ဆွမ်းကွမ်းပြည့်စုံစွာဖြင့် လာဘ်လာဘ ရွှင်လန်းနေလေသည်။ တနေ့သ၌ မြေပြန့်မှပင် ဗမာလူမျိုးတယောက် ၎င်းဒေသသို့ ရောက်ရှိလာကာ အဆိုပါရဟန်းဟောကြားသည့် တရားပွဲသို့ တရားနာ ရန်ရောက်ရှိလာပြီး အခန်းထောင့်တွင် ထိုင်လျက်နေလေသည်။ ထိုအခါ ရဟန်းက သတိပြုမိပြီး တရားပွဲ စလျှင်စခြင်း ပါဠိပါတ်သားတရားသံဖြင့် ၎င်းဗမာထိုင်သည့်ထောင့်သို့အသာကြည့်လိုက်ပြီး ““ဟောင့်ဒိုက ဗမောက် တရာ တေတေနိတ် ၀ါးစေရအောင်””ဟု တရားသံနေသံထားဖြင့် တရားပွဲစလိုက်သည်နှင့် ဒေသခံများက ““ဟာဩ ဒီတခါ တို့ဘုန်းဘုန်း တရားက ခါတိုင်းနဲ့မတူ ပိုလို့ကောင်းသဟေ့၊ ဒို့ရဲ့ ဗမောက်မြို့ကြီးလည်းပါသကွ”” ဟု ကျေနပ်ကြပြီး များစွာသောအလှူများကို ထည့်လှူကြလေ၏။ သူ၏ ပြောလိုရင်းဖြစ်သော ဟိုထောင့်က ဗမာတယောက် တိတ်တိတ်နေ ဝေစား ရအောင်ဟူသောစကားမှာ သူတို့နှစ်ယောက်သာသိသော ဟူ၏။
အပြင်လောကတွင်လည်း ထိုပုံပြင်ထဲမှလိုပင် တယောက်စားကွက်ကို တယောက်ကမဖော်ကြေး ဝေစားမျှစားစနစ်ဖြင့် ကိုယ်ကျိုးရှာသမားများ ချမ်းသာကာ တိုင်းပြည်မှာ ဆင်းရဲတွင်းနက်သထက်နက်လာခဲ့ခြင်းဖြစ်သည်။ မိမိသာအရေးကြီးလျက် အခြားသူများ၏ ဘ၀စည်းစိမ်အသက် အိုးအိမ်သည် ဘာမှအရေးမကြီးဟု ထင်မြင်ယူဆနေသူများ ပေါများ သထက်ပေါများလာလျှင် လောကကြီးသည် ပျက်စီးသွားတော့မည် ဖြစ်သည်။ ယခုအခါ တိုင်းပြည်မတိုးတက်သည်မှာ ဤစိတ်ထားများကြောင့်ဖြစ်သည်။ တိုင်းပြည်ငြိမ်းချမ်းရေးမရသေးသည်မှာလည်း မရိုးသားသော ဤစိတ်ဓာတ်များကြောင့်သာ ဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာ့လွတ်လပ်ရေးအတွက် အောင်ဆန်းအက်တလီစာချုပ်ကို လန်ဒန်တွင် ၁၉၄၇ ဇန်န၀ါရီလ (၂၇) တွင် လက်မှတ်ထိုးပြီး ပင်လုံစာချုပ် ကို ၁၉၄၇ ဖေဖော်ဝါရီ (၁၂) ရက်၊ ကြားထဲတွင်ရက်ပေါင်း (၁၆) ရက် အတွင်း အောင်မြင်စွာလက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းမှာ သူ၏ရိုးသားမှု နိုင်ငံရေးသီလကြောင့် ဖြစ်သည်။ ငါ့အသက်စည်းစိမ်သည် အရေးကြီးသလို သူတပါး၏ အသက်စည်းစိမ်သည်လည်း ထပ်တူထပ်မျှအရေးကြီးသည်။ ငါ့အသက်စည်းစိမ်ထက် တိုင်းပြည်ကောင်းစားရေးက ပိုအရေးကြီး သည်ဆိုသော မြင့်မြတ်ဖြူစင်သောစိတ်ထားကြောင့် အချိန်တိုတိုအတွင်း တိုင်းရင်းသားများနှင့် ညှိနှိုင်းနိုင်ခြင်းဖြစ်သည်။ ပင်လုံစာချုပ်ချုပ်ဆိုရန် ဗိုလ်ချုပ်အောင်ဆန်းတွင် ဥရောပသမဂ္ဂမှထောက်ပံ့ငွေတို့ ဘာတို့လည်း မရှိ၊ သမ္မတရုံးဝန်ကြီးများလည်းမရှိ၊ M.P.C ခေါ် ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့လဲမရှိခဲ့ပါ။ ထိုအရာတွေအစား နှလုံးသားထဲမှလာသော ရိုးသားမှုဖြင့် ဆောင်ရွက်လိုက်ရာ တိုင်းရင်းသားများဟောတယောက် ဟောတယောက် လက်မှတ်ထိုးကာ ပင်လုံစာချုပ်ဖြစ်လာပါသည်။ ဗမာ လူမျိုးချင်းပင် မယုံသင်္ကာဖြင့် သေနတ်ဖြင့် အမြဲချိန်ထားချင်သော စိတ်ဓာတ်များရှိနေလျှင် လူမျိုးမတူ ဘာသာစကားမတူသော တိုင်းရင်း သားတို့ ယုံကြည်လက်တွဲလာအောင် မည်ကဲ့သို့ စည်းရုံးမည်နည်း။
ယနေ့ခေတ်တွင် အတုတွေက သိပ်ပေါသည်။ ဆေးအတု၊ အရက် အတု၊ စီးကရက်အတု၊ ပန်းအတု(ပလပ်စတစ်ပန်း)၊ အသားတု၊ နာရီအတု မှသည် ရွှေအတု၊ ပတ္တမြားအတု၊ ဆရာဝန်အတု၊ ဒေါက်တာဘွဲ့အတု၊ ဒီမိုကရေစီအတုအထိ အတုအမျိုးမျိုးရှိသည်။ လူတို့သည်အတုနှင့် အသား ကျနေသောအခါ အစစ်သည်ပင်လျင် မှေးမှိန်နေရသောသဘောရှိသည်။ ဟိုတနေ့က ထူးအိမ်သင်၏ V.C.D သီချင်းခွေတချပ်သွားဝယ်ရာ အော်ရီဂျင်နယ်ခွေမရှိဘူးလားဟုမေးမိ၍ ခိုးကူးခွေရောင်းသူ၏ ဘုကြည့်ကြည့်ခြင်းကို ခံခဲ့ရသည်။ ဟိုတယ်တခုတွင် စားသောက်ခန်းမထဲ၌ စားပွဲတိုင်းတွင် နှင်းဆီပန်းတပွင့်စီ ပန်းအိုးနှင့်အလှထည့်ထားရာ သေသေချာချာကိုင်ကြည့်မှ ပလပ်စတစ်ပန်းအတုကြီး ဖြစ်နေမှန်းသိရသည်။ ပန်းအစစ် ဘာလို့ မထိုးသလဲဟုမေးရာ အစစ်က ကြာကြာမခံဘူး၊ နွမ်းသွားတော့ ခဏခဏ ၀ယ်ရတာပိုက်ဆံကုန်လို့ ဟိုတယ်ပိုင်ရှင်က မကြိုက်ဘူးဟုဆို၏။ သြော် လူတို့သည် အစစ်ထက်အတုနှင့်အသားကျနေကြကုန်၏။ အပေါစားပစ္စည်းများသည် ပြူးတူးပြဲတဲနှင့်ပို၍ အရောင်အ၀ါတောက်ပနေ၏။ ယခင်က ဘုရားကျောင်းဆောင်များကို ရွှေအစစ်ဖြင့် အလှဆင်သော်လည်း ယခု ခေတ်တွင် ဒစ္စကိုရွှေဟုခေါ်သော တိပ်ကဲ့သို့ အသင့်သုံးကပ်ခွာ ရွှေပြားများသာ တွင်ကျယ်နေသည်။ တောတောင်မရှိတော့သဖြင့်ဆတ်သတ္တ၀ါ မျိုးသုဉ်းလုခမန်းရှိနေသော မြန်မာနိုင်ငံဝယ် ဘယ်ဆိုင်ပဲသွားသွား အမဲသားများကို ခပ်တည်တည် ဆတ်သားခြောက်ဟု ညာရောင်းနေတာကိုလည်း လူတို့သည် မသိချင်ယောင်ဆောင်ကာ အားပေးနေကြသည်သာဖြစ်သည်။ အလှပြုပြင်ရေးလောကတွင် မိန်းမအစစ် ယောက်ျားအစစ်များထက် မောင်မစ္စကများသာ လွှမ်းမိုးထားလေသည်။ ရုပ်ရှင်မင်းသမီးတို့သည် နဂိုအလှထက် တင်တု၊ ရင်တု၊ မျက်တောင်တု၊ ခြေသဲ အတု၊ ဆံပင်တု များကို သုံးကြလေ၏။ ထိုသို့ဖြင့် တလောကလုံးသည် ကောသလအိပ်မက် ဆယ့်ခြောက်ချက်ထဲမှ ဘူးတောင်းနစ်လို့ဇောင်းခြမ်းပေါ်ဆိုသောကိန်း ဆိုက်နေကြလေသည်။
နိုင်ငံရေးတွင်လည်း တသက်လုံးက ပြည်သူ့မျက်နှာကိုဘယ်သော အခါမှမကြည့်ခဲ့သော ပုဂ်္ဂိုလ်အချို့သည် ၂၀၁၅ အရေးကိစ္စနီးလာသောအခါ ပြည်သူကို အပြုံးအတုတွေ ပေးလာကြ၏။ ရင်ထဲမှမပါသော ဝေေ၀ ဆာဆာ မစားရ၀ခမန်းစကားများကို ပြောလာကြ၏။ ကြောက်ကန်ကန်၍ နည်းလမ်းပေါင်းစုံကို စဉ်းစားလာကြပေ၏။ ဟိုစည်းကမ်းဒီစည်းကမ်း ဟိုဥပဒေ ဒီဥပဒေ၊ ဟိုစနစ် ဒီစနစ်ဆိုတာတွေကို ယုန်တောင်ပြေး ခွေးမြောက်လိုက်ပုံစံမျိုးဖြင့် အူလျားဖားလျား ဆောင်ရွက်လာကြ၏။ စားပေါက် မျိုးစုံကို ဖွေဖွေရှာရှာ ဖော်ထုတ်လာ၏။ အချို့ကိုယ်ပိုင်အရည်အသွေးမရှိသော စားဖားအချို့ကလည်း ဗုဒ္ဓဘာသာဝင်တို့၏သည်းခြေကြိုက်ဖြစ်သော ၀ါဒဖြန့်စကားများ လှိမ့်လုံးခြောက်လုံးမျာကိုသုံးကာ ကိုယ်ကျိုးစီးပွားအတွက် သာသနာကိုခုတုံးလုပ်ကြပေ၏။ အာဏာကိုတသက်လုံး လက်မလွှတ်ဘဲ ကိုင်ထားကြသူများကလည်း သူတို့အုပ်ချုပ်မှပဲ တိုင်းပြည်အေးချမ်း သာယာတော့မယောင်၊ အတိုက်အခံများလက်သို့ အာဏာရောက်သွားလျှင်ဘဲ ကမ္ဘာပျက်တော့မလိုအပေါက်မျိုး ချိုးကြပေ၏။ အာဏာရှင်မျိုးဆက်ဟောင်းတို့ကလည်း အမျိုးသားနိုင်ငံရေးဟူသော စကားကို တွင်တွင်ပြောကာ ယခင်ကခိုးဝှက်ထားခဲ့သောနိုင်ငံတော် ဘဏ္ဍာများကို ကိုယ်ကျိုးအတွက် ပြန်ဖော်လာ၏။ စာရေးဆရာဘ၀မှ နိုင်ငံရေးသုခမိန် ယောင်ယောင်ဖြစ်သွားကြသူများကလည်း သူတို့ကုလားထိုင်မပျောက်ရအောင် ဘုန်းတော်ဘွဲ့တေးသွားများကို ပြည်သူ့ချဉ်ဖတ်တေးဂီတ အဖွဲ့ကြီးဖြင့် ရှေ့ထွက်ဖျော်ဖြေကြ၏။ လူကြိုက်နည်းသထက်နည်း လာသော ပါတီတခုကလည်း ခမောက်ပေါ်၌ ခြေစုံတက်ရပ်ကာ နိုင်ငံရေး ကားကြုံစီးဖို့ပြင်ဆင်နေပေ၏။ ခရိုနီပေါက်စတို့သည် သူတို့ဆရာကြီးများဖြစ်သော ခရိုနီဘိုးအေကြီးများချမှတ်ခဲ့သည့် လမ်းစဉ်အတိုင်း ရာထူးအာဏာလုပ်ပိုင်ခွင့်လေးများ ရလိမ့်နိုးနိုးဖြင့် ၀န်ကြီး၊ ၀န်ကလေးတို့ အပါးမှမခွာဘဲ ခွေးကိုသံကြိုးနှင့်ဆွဲသည့်ပမာ တကောက် ကောက် လျှောက်လိုက်နေပေ၏။ ချုပ်၍ဆိုရသော် ဒီမိုကရေစီဆပ်ကပ်အဖွဲ့ကြီးသည် ပြည်သူမျက်စိနောက်လောက်အောင် စတန့်အမျိုးမျိုး ပြလျက်ရှိကြကုန်၏။ ကျွမ်းထိုးသူကထိုး၊ ကောင်းကင်ဘား စီးသူကစီး၊ ဓါးပေါက် သူကပေါက်၊ မျက်လှည့်ပြသူကပြ၊ ကြိုးတန်း လျှောက်သူကလျှောက်၊ လူရွှင်တော်လုပ်သူကလုပ်ဖြင့် စင်ပေါ်ဝယ် စည်ကားရှုပ်ထွေး လျက်ရှိကြကုန်သည်။
ထိုအခါ ကျွန်တော်ကြားခဲ့ဖူးသော သီတဂူဆရာတော်ကြီး၏ အောက်ပါဆုံးမစကားတခွန်းကို သတိရမိပါသည်။
ရွှေတွေ၊ ငွေတွေ၊ ကျောက်သံပတ်္တမြားတွေ စတဲ့တန်ဖိုးရှိတဲ့ပစ္စည်းတွေဟာ မြစ်ရဲ့ ကြမ်းပြင်ပေါ်မှာပဲ ရှိတတ်တယ်။ ရေအောက်မှာပဲ နေတတ်တယ်။ ရေပေါ်မှာ ပေါလောမျောနေတာတွေက တန်ဖိုးမရှိတဲ့ဟာတွေ များတယ်။ ဥပမာ-ခွေးသေကောင်ပုပ်တွေ၊ မစင်တွေ၊ ဒိုက်တွေ၊ ဗေဒါတွေ၊ ငှက်ပျောတုံးတွေ၊ အမှိုက်တွေ စတဲ့ဘယ်သူကမှ မလိုချင်တဲ့ ရေမျောကမ်းတင်မဲ့ဟာတွေပေါ့၊ အင်း… ဩဆရာတော်ပြောတာလည်းဟုတ် တုတ် တုတ်။ အနှစ်ရှိသောစပါးနှံသည် အောက်သို့ငိုက်နေပြီး အဆန်ချောင်များမှာ ထောင်လွှားကြသည် မဟုတ်ပါလား။ မည်သူရေမျော၍ မည်သူ ကမ်းတင်မည်ဆိုသည်ကိုတော့ ပြည်သူတွေကစောင့်ကြည့်နေပါသည်။
သရ၀ဏ်(ပြည်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)